News

POST TAGGED AS

ဘာသာစကား

ပန်ဆယ်လိုကို ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲ၊ ကျပ်သိန်း ၆၀ ဖြင့် အာမခံရ
ရန်ကုန်၊ ဇူလိုင် ၁၇

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လူသိများထင်ရှားသော ပန်ဆယ်လိုအကောင့်ပိုင်ရှင်ကို ဇူလိုင်လ ၁၇ ရက် မွန်းလွဲ ၁ နာရီခန့်က တာမွေမြို့နယ်တရားရုံးတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခဲ့ရာ ကျပ်သိန်း ၆၀ ဖြင့် အာမခံရရှိခဲ့ကြောင်း ပန်ဆယ်လို၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ရှင်းပြသည်။

“ဒီနေ့က မြို့နယ်တရားရုံးမှာ စတင်တရားစွဲတာပါ၊ ဇူလိုင်လ ၃၁ ရက်နေ့ကို ပြန်ချိန်းထားတယ်။ ဆရာမပန်ဆယ်လိုကို အာမခံဖို့ တစ်ယောက်ကို ငွေကျပ် သိန်း ၃၀ နဲ့ နှစ်ယောက်အာမခံပေးလိုက်တယ်။ တစ်ယောက် သိန်း ၃၀ နဲ့ နှစ်ယောက်ဆိုတော့ သိန်း ၆၀ ပေါ့၊ လာမယ့်ရုံးချိန်း ကျရင်တော့ တရားလိုကို စစစ်မလား၊ သူတို့ဘက်က ရှေ့နေပါဝါတင် ပြန်ချိန်းမလားဆိုတာ မသိရသေးဘူး”ဟု ၎င်းက ရှင်းပြသည်။

တရားစွဲခံရသူ ပန်ဆယ်လိုအကောင့်ပိုင်ရှင်သည် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့က မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရပ်ကွက်၊ လမင်းသာ-၂ စားသောက်ဆိုင်တွင် သံဃာတော်တစ်ပါးမှ ဆေးသောက်ရန်အတွက် ရေနွေးဝင်ရောက်တောင်းခံသည်ကို ဆိုင်ပိုင်ရှင်နှင့်အပေါင်းပါတို့က နှိပ်စက်ညှဉ်းပန်းမှု၌ ဗုဒ္ဓဘာသာကို ပျက်စီးစေလိုသော၊ ဖျက်ဆီးလိုသောသဘော သက်ရောက်သည့် ရေးသားချက်များအား ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခြင်း၊ ဆရာတော် ဦးဝီရသူ (ခေါ်) ဦးဝိစိတ္တာ (ဘိဝံသ) ဆရာတော်ကိုလည်း ကြိမ်ဖန်များစွာ စော်ကားပုတ်ခတ်ရေးသားခြင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း နိုင်ငံတကာမှ အကြည်အညိုပျက်စေလောက်သည်အထိ ရေးသားစော်ကားခြင်းများရှိခဲ့သည်ဟုဆိုကာ တာမွေမြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ယင်းအမှုဖွင့်တိုင်ကြားမှုကို လှိုင်သာယာမြို့နယ်၊ အမှတ် (၂၂) ရပ်ကွက်၊ ရွှေလင်ပန်းစက်မှုဇုန်တွင်နေထိုင်သူ ဦးမောင်မောင်တာက ၂၀၁၇ ခု နှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့က အမှုဖွင့်ခံရသူ ပန်ဆယ်လိုကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ရာ ဆရာတော်ဦးဣန္ဒက၏ ကိုယ်စားလှယ်လွှဲစာသာပါရှိပြီး ဦးဝီရသူ၏ ကိုယ်စားလှယ်လွှဲစာနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကိုယ်စားလှယ်လွှဲစာ ပါဝင်ခြင်းမရှိသဖြင့် ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ချက် ပုဒ်မ ၅ အရ ဖြေရှင်းရန် တာဝန်မရှိကြောင်း တရားဝင်စာဖြင့် တင်ပြထားခဲ့သည်ဟု ယင်းနေ့က ဥပဒေအကြံပေး ဦးခင်မောင်မြင့်က မီဒီယာများကို ရှင်းပြခဲ့သည်။  

J-16



FOLLOW US