News

POST TAGGED AS

ဘရာဇီး

05-Aug-2018

ဗင်နီဇွဲလား
ဗင်နီဇွဲလားသမ္မတ ဒရုန်းဖြင့်တိုက်ခိုက်ခံရမှုမှ လွတ်မြောက်

ကာရာကတ်စ်၊ ဩဂုတ် ၅

ဗင်နီဇွဲလားနိုင်ငံ၏ ဆိုရှယ်လစ်သမ္မတ နစ်ကိုးလပ်စ်မာဒူရိုသည် စနေနေ့က မိန့်ခွန်းပြောဆိုနေခိုက် ဒရုန်းဖြင့်ဖောက်ခွဲ တိုက်ခိုက်မှုတစ်ရပ်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော်လည်း ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ အသက်ဘေးမှ လွတ်မြောက်သွားကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။

သမ္မတမာဒူရိုသည် စနေနေ့က ကျင်းပပြုလုပ်သော စစ်ဘက်ဆိုင်ရာ အခမ်းအနားတစ်ခု၌ မိန့်ခွန်းပြောဆိုခဲ့ကြောင်း၊ ယင်းသို့ပြောဆိုမှုကို ရုပ်သံမှတစ်ဆင့် တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ကြောင်း ဗင်နီဇွဲလား သတင်းဌာနများကဆိုသည်။

ထိုသို့မိန့်ခွန်းပြောနေစဉ် ပေါက်ကွဲပစ္စည်းများ သယ်ဆောင်လာသော ဒရုန်းတစ်စင်းမှာ ယင်းအခမ်းအနားသို့ရောက်ရှိကာ ပေါက်ကွဲသွားခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်ကြောင့် မိန့်ခွန်းတိုက်ရိုက် ထုတ်လွှင့်မှုအစီအစဉ် ပြတ်တောက်သွားသည်ကို ရုပ်မြင်သံကြားမှတစ်ဆင့် ကြည့်ရှုနေသော ဗင်နီဇွဲလားပြည်သူ အများစု တွေ့မြင်လိုက်ရသည်။ 

ဗင်နီဇွဲလား ပြန်ကြားရေးဝန်ကြီး ဂျော့ရိုဒရီစ်က ယခုဖြစ်ရပ်သည် လက်ဝဲခေါင်းဆောင်တစ်ဦးကို တိုက်ခိုက်ခြင်းပင် ဖြစ်သည်ဟုဆိုသည်။ 

ဒရုန်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် သမ္မတမာဒူရိုနှင့် ကျန်အစိုးရ အဖွဲ့ဝင်အားလုံး ထိခိုက်ဒဏ်ရာပင်မရရှိဘဲ အသက်ဘေးမှ လွတ်မြောက်သွားသည်ဟု ၎င်းက အတည်ပြုပြောဆိုသည်။ သို့သော် အမျိုးသားအစောင့်တပ်မှ တပ်ဖွဲ့ဝင် ခုနစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ဆက်လက်ပြောကြားသည်။

အဆိုပါဖြစ်ရပ်ပေါ်ပေါက်ပြီးနောက် ထပ်မံမိန့်ခွန်းပြောဆိုရာတွင် သမ္မတမာဒူရိုက လက်ယာစွန်းနိုင်ငံရေးအုပ်စုများကို ပြစ်တင်ဝေဖန်လိုက်သည်။

“ဒါဟာ ကျွန်တော့်ကိုလုပ်ကြံဖို့ ကြိုးပမ်းချက်တစ်ခုပါပဲ။ သူတို့ကျွန်တော့်ကို လုပ်ကြံသတ်ဖြတ်ဖို့ ဒီကနေ့ ကြိုးပမ်းခဲ့ကြတယ်”ဟုဆိုပြီး လက်ယာစွန်းနိုင်ငံရေး အင်အားစုများကို သမ္မတမာဒူရိုက စွပ်စွဲပြောဆိုလိုက်သည်။

ထို့ပြင်သမ္မတမာဒူရိုက ဗင်နီဇွဲလားနိုင်ငံရှိ လက်ယာစွန်းအုပ်စုများသည် မီယာမီနှင့် ဘိုဂိုတာမြို့တွင် အခြေစိုက်သော အင်အားစုများနှင့် ပူးပေါင်းကြံစည်လျက်ရှိကြောင်း၊ ယင်းထဲတွင် ကိုလံဘီယာသမ္မတ မန်နျူယယ်ဆန်တိုစ်လည်း ပါဝင်ကြောင်း မာဒူရိုက စွပ်စွဲပြောဆိုသည်။

ယခုလို လုပ်ကြံတိုက်ခိုက်မှုနှင့်ပတ်သက်၍ ဗင်နီဇွဲလားရဲတပ်ဖွဲ့က ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းကဆိုသော်လည်း အသေးစိတ် သတင်းအချက်အလက်ကို ဖော်ပြခြင်းမရှိပေ။

ဒရုန်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ပေါ်ပေါက်နေချိန်တွင် မာဒူရိုသည် ၈၁ ကြိမ်မြောက် အမျိုးသားအစောင့်တပ်ဖွဲ့ ထူထောင်ခြင်း အခမ်းအနား၌ မိန့်ခွန်းပြောဆိုနေသည်။ ၎င်းသည် ဇနီးဖြစ်သူဆီလီယာ ဖလောစ်အပါအဝင် အခြားအဆင့်မြင့် စစ်ဘက်ခေါင်းဆောင်များနှင့်အတူ ယှဉ်ရပ်ကာ မိန့်ခွန်းပြောဆိုနေခြင်းဖြစ်သည်။

ထိုစဉ် ပြင်းထန်သည့် ပေါက်ကွဲသံတစ်ခု ပေါ်ပေါက်လာခဲ့ပြီး မာဒူရိုနှင့်အခြား အရာရှိကြီးများကလည်း မှင်တက်ကာ တစ်နေရာကို ကြည့်ရှုနေခဲ့သည်ကို ရုပ်သံမှတစ်ဆင့် တွေ့မြင်ရသည်။ ထို့နောက် ရုပ်သံထုတ်လွှင့်မှု မဖြတ်တောက်မီ စစ်သားများ ပြေးလွှားနေကြသည်ကို တွေ့မြင်လိုက်ရသည်။

AP သတင်းဌာန၏ ရေးသားဖော်ပြချက်တွင် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာတွင် မီးသတ်သမားများ မီးငြှိမ်းသတ်နေသည်ဟု ဖော်ပြသည်။ ယင်းသတင်းဌာနက အမည်မဖော်လိုသူ အစိုးရအရာရှိသုံးဦးကို ကိုးကားဖော်ပြရာတွင် တိုက်ခိုက်မှုမဟုတ်ဘဲ တိုက်ခန်းတစ်ခန်းအတွင်းမှ ဂက်စ်အိုးပေါက်ကွဲမှု ဖြစ်သည်ဟုဆိုသည်။

ဗင်နီဇွဲလားနိုင်ငံသည် ဆိုးရွားသည့် စီးပွားရေးပျက်ကပ်နှင့် ရင်ဆိုင်နေရပြီး အစာအာဟာရ ပြတ်လပ်မှု၊ ငွေကြေးဖောင်းပွမှု စသည်တို့ဖြစ်ပေါ်လျက်ရှိသည်။ အတိုက်အခံအင်အားစုအများစုက သမ္မတမာဒူရို၏ ဆိုရှယ်လစ်အစိုးရသည် တစ်ချိန်က စီးပွားရေးကောင်းခဲ့သောတိုင်းပြည်ကို ဖျက်ဆီးပစ်ပြီး အာဏာရှင်စနစ်ကျင့်သုံးလျက်ရှိသည်ဟု စွပ်စွဲလျက်ရှိသည်။

F-01



FOLLOW US