News

POST TAGGED AS

ဘန်ကောက်

ဆရာ၊ ဆရာမများ သင်ကြားရေးတစ်ခုတည်းကို လွတ်လပ်စွာအာရုံစိုက်နိုင်ရေးအတွက် ဘတ်ငွေ ၃ ဘီလီယံ သုံးစွဲရန် ထိုင်းအစိုးရစီစဉ်


ဘန်ကောက်၊ ဩဂုတ် ၂၂

ထိုင်းနိုင်ငံရှိ အစိုးရစာသင်ကျောင်းများတွင် ဆရာ၊ ဆရာမများအနေနှင့် သင်ကြားရေးအလုပ်ကို လွတ်လပ်စွာအာရုံစိုက် လုပ်ကိုင်နိုင်ရေးအတွက် ရုံးလုပ်ငန်းကိစ္စအဝဝကို လုပ်ဆောင်ပေးမည့် စီမံခန့်ခွဲရေး ဝန်ထမ်းများခန့်အပ်ရန် ထိုင်းပညာရေး ဝန်ကြီးဌာနက ဘတ်ငွေ ၃ ဘီလီယံသုံးစွဲသွားမည်ဖြစ်သည်ဟု သတင်းထုတ်ပြန်ကြောင်း Bangkok Post သတင်းဌာနက ရေးသားဖော်ပြသည်။

ထိုင်းပညာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်တွင်ရှိသော ဆရာ၊ ဆရာမများအနေနှင့် လာမည့်အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ရုံးလုပ်ငန်းနှင့် ကျောင်းဝေယျာဝစ္စအလုပ်များ လုပ်ကိုင်ရန် မလိုအပ်တော့ကြောင်း ပညာရေးဝန်ကြီးတီရာ ကီရစ်ဂျာရိုစတန်ဆင်က ပညာရေးဌာနမှ အကြီးတန်းအရာရှိကြီးများနှင့်တွေ့ဆုံရာတွင် ပြောကြားသည်။ 

ထိုင်းနိုင်ငံအခြေခံပညာရေးကော် မရှင်ရုံး (Obec) ကိုလည်း ဘတ်ငွေ ၃ ဘီလီယံ အသုံးပြုပြီး နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ၏ စီမံခန့်ခွဲရေးလုပ်ငန်းဆောင်တာများ လုပ်ကိုင်ပေးမည့်သူများကို ပြင်ပမှ ငှားရမ်းသွားရန် ညွှန်ကြားထားသည်ဟု ပညာရေးဝန်ကြီးဌာနကဆိုသည်။ 

“ဆရာ၊ ဆရာမတွေမှာရှိနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကျွန်တော်တို့က ဖယ်ရှားပေးရပါမယ်။ အောက်တိုဘာလ ၁ ရက်နေ့ကစပြီးဆရာ၊ ဆရာမတွေအနေနဲ့ စီမံခန့်ခွဲရေးနဲ့ ရုံးလုပ်ငန်းဆိုင်ရာအလုပ်တွေ လုပ်စရာမလိုတော့ပါဘူး” ဟုဝန်ကြီး ဒေါက်တာတီရာကီရစ်ဂျာရိုစတန်ဆင်က ပြောကြားသည်။ 

ယင်းအစီအစဉ်သည် လုပ်ငန်းခွင် ဝန်းကျင်တိုးတက်ကောင်းမွန်ရေးနှင့် ဆရာ၊ ဆရာများ၏ နေထိုင်မှုဘဝအရည်အသွေး မြှင့်တင်ရေးအတွက် ထိုင်းပညာရေးဝန်ကြီးဌာန၏ ကြိုးပမ်းချက်တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ ယင်းအစီအစဉ်တွင် နေထိုင်ရန် အဆောက်အအုံသစ်များ ဆောက်လုပ်ပေးခြင်းနှင့် ရှိနှင့်ထားပြီးသော အဆောက်အအုံများ ပြန်လည်မွမ်းမံပြင်ဆင်ခြင်းတို့လည်းပါဝင်သည်။ 

ထို့ပြင် Obec အနေနှင့်လည်း ဆရာ၊ ဆရာမများအတွက် နေရာထိုင်ခင်းအပါအဝင် ၎င်းတို့ လိုအပ်ချက်များနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးသွားမည် ဖြစ်သည်ဟု ၎င်းကဆိုသည်။ 

ထိုင်းပညာရေးဝန်ကြီးဌာနသည် ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှုအရည်အသွေး နှင့်ပတ်သက်၍ ပြင်းထန်စွာ ဝေဖန်ခံနေရကြောင်း၊ ဘတ်ဂျက်လျှော့ချမှုများရှိသော်လည်း တိုးတက်ကောင်းမွန်မှုများရှိလာကြောင်း ဒေါက်တာတီရာကီရစ်ဂျာရိုစတန်ဆင်က ပြောကြားသည်။ 

ယခုအစီအစဉ်သစ်ကြောင့် ထိုင်းအစိုးရကျောင်းဆရာ၊ ဆရာမများအနေနှင့် Obec နှင့် အချေအတင်ပြောဆိုဆက်ဆံရသည့်ကိစ္စများ ရှိတော့မည်မဟုတ်ပေ။ စာသင်ကျောင်းများအနေနှင့်လည်း ပညာရေးအရည်အသွေးနှင့် စွမ်းဆောင်မှုပိုင်းအတွက်သာ အဓိကတာဝန်ယူရမည်ဖြစ်သည်ဟု ဆိုသည်။

F-01



FOLLOW US