News

POST TAGGED AS

ဘန်ကောက်

အလည်အပတ် ဗီဇာအတုဖြင့် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး
ရန်ကုန်၊ ဩဂုတ် ၆

အလည်အပတ် ဗီဇာအတုများဖြင့် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို မတ်လမှ ယခုအချိန်ထိ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းရှင်များအဖွဲ့ချုပ် ဥပဒေအကြံပေး ထိုင်းအခြေစိုက်ရှေ့နေ ဦးအောင်မျိုးသန့်က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် ရက်ရှည်နေထိုင်ရန် ရန်ကုန်မြို့ ပြည်လမ်းရှိ ထိုင်းသံရုံးက မတ်လ ၁၆ ရက်မှ ဇွန်လ ၂၆ ရက်အတွင်း ကပ်ခွာဗီဇာစာရွက်ကုန်သဖြင့် တံဆိပ်တုံး ထု၍ထုတ်ပေးချိန်တွင် သံရုံးသို့ ကိုယ်တိုင် မလာဘဲ ကြားခံပွဲစားများဖြင့် ဗီဇာပြုလုပ်ခဲ့သဖြင့် ယခုကဲ့သို့ ဗီဇာအတုဖြင့် အဖမ်းခံရခြင်းဖြစ်ကြောင်း ဦးအောင်မျိုးသန့်က ဆက်လက်ရှင်းပြသည်။

“ကြားပွဲစားနဲ့လုပ်တော့ ဗီဇာအတုနဲ့ ထိုင်းကို ဝင်လာသလိုဖြစ်ပြီး ဒီမှာအဖမ်းခံရတယ်။ လက်ရှိမှာတော့ အချုပ်ကျနေကြတယ်။ နှစ်နိုင်ငံ အစိုးရချင်းညှိပြီး ဆောင်ရွက်ရင်တော့ အပြစ်လျှော့ပေါ့နိုင်တယ်”ဟု ၎င်းကဆိုသည်။

ထိုသို့ မြန်မာနိုင်ငံသားများ ဗီဇာအတုဖြင့် ဝင်ရောက်မှုကို ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတာဝန်ရှိသူများက ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“သွားတဲ့သူတွေက အလည်အပတ်နဲ့သွားတာ၊ ကြားထဲက ပွဲစားတွေကြောင့် ဓားစာခံရတာ။ သံရုံးအနားမှာ ပွဲစားတွေက အမြဲရှိနေတော့ ခံရမှာပေါ့”ဟု Moe Yan ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်ထင်ကျော်က မှတ်ချက်ပြုပြောဆိုသည်။

ထိုင်းနိုင်ငံ၏ ဥပဒေပုဒ်မ ၂၆၅ အရ ယင်းသို့ ဗီဇာအတုဖြင့် ဝင်ရောက်လာသူများအနေနှင့် ထောင်ဒဏ် ၃ နှစ်မှ ၁၀ နှစ်အထိ ပြစ်ဒဏ်ပေးနိုင်ကြောင်း၊ ယင်းဖြစ် ရပ်အတွက် ပွဲစားများဖြင့် ဆောင်ရွက်ကြောင်း သက်သေပြနိုင်ပါက ပြစ်ဒဏ် လျှော့ပေါ့နိုင်ကြောင်း ဦးအောင်မျိုးသန့်က ပြောကြားသည်။

J-14



FOLLOW US