News

POST TAGGED AS

ဘန်ကောက်

05-Jul-2018

ဘန်ကောက်
ဂူတွင်းရှိ ထိုင်းကလေးများထံ ရေငုပ်သမားများ အသွားအပြန်ခရီး ၁၁ နာရီကြာမြင့်၊ ရေမလွှမ်းမီ ကယ်ထုတ်ရန်လိုအပ်

ဘန်ကောက်၊ ဇူလိုင် ၅

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဂူကွန်ရက်အတွင်း ပိတ်မိနေသော ကလေးငယ် ၁၂ ဦးနှင့် ၎င်းတို့ နည်းပြဖြစ်သူထံ ဆက်သွယ်ရန် လာရောက်ရသော ရေငုပ်သမားများသည်ပင် အသွားအပြန်အချိန် ၁၁ နာရီခန့် ယူရကြောင်း CNN သတင်းဌာနက ဖော်ပြသည်။ 

မှောက်မိုက်ရေလွှမ်းနေသောဥမင် လမ်းကြောင်းများကို ခြောက်နာရီကြာ ဖြတ်သန်းမှသာ ကလေးများထံရောက်ရှိပြီး အပြင်ဘက် ပြန်ထွက်ရန် နောက်ထပ် ငါးနာရီမျှ အချိန်ယူရသည်ဟုဆိုသည်။

သမ်လွန်နန်နွန်ဂူအတွင်း ပိတ်မိနေသည်မှာ နှစ်ပတ်နီးပါးမျှ ရှိလာပြီဖြစ်သည့် ကလေးများကို ကယ်ထုတ်နိုင်ရန် နည်းလမ်းမျိုးစုံ စီစဉ်နေကြချိန်တွင် ကယ်ဆယ်ရေး အသေးစိတ် အချက်အလက်များ ဇူလိုင်လ ၅ ရက်နေ့တွင် ထပ်မံ ပေါ်ထွက်လာခြင်းဖြစ်သည်။

လာမည့်စနေ၊ တနင်္ဂနွေတွင် မိုးပိုသည်းမည်ဟုခန့်မှန်းထားရာ ယခုထက် ရေထပ်မတက်မီ ကလေးများကို ကယ်ထုတ်ရန် နည်းလမ်းတစ်ခု မဖြစ်မနေ ရွေးရမည့် ဖိအားရှိနေသည်ဟု သိရသည်။

နေ့စဉ်နှင့်အမျှ ဂူအတွင်းမှ ရေ အမြောက်အများ စုပ်ထုတ်နေသော်လည်း ဂူအတွင်းရှိ ကျဉ်းမြောင်းမတ်စောက်သော ဥမင်လမ်းကြောင်းများမှာ ရေလွှမ်းနေဆဲဖြစ်ရာ ရွှံ့ရေတောထဲမှ ရေငုပ်ဖြတ်သန်းရန်မှာ တစ်ခုတည်းသော နည်းလမ်းဖြစ်နေဆဲဖြစ်သည်။

ဂူပေါက်ဝအနီးရှိ ကယ်ဆယ်ရေး အခြေစိုက်စခန်းတွင် ထိုင်းစစ်တပ်မှ ရေငုပ်တပ်ဖွဲ့များမှာ ကိရိယာတန်ဆာပလာများဖြင့် စခန်းချပြင်ဆင်နေပြီး ဒေသခံများကလည်း ကယ်ဆယ်ရေးသမားများအတွက် စားစရာများ ဝေငှနေကြကာ အခြားစေတနာ့ဝန်ထမ်များ၊ မီဒီယာသမားများဖြင့် စည်ကားလျက်ရှိသည်ဟု စီအင်န်အင်န် သတင်းဌာနက ဖော်ပြသည်။

ဂူကွန်ရက်အတွင်း နှစ်ပတ်နီးပါးမျှ ပိတ်မိနေသော်လည်း ကလေးများမှာ တက်ကြွနေကြဆဲဖြစ်ပြီး ပျော်ပျော်ရွှင်ရွှင်နှင့် ကစားနေကြဆဲဖြစ်သည်ဟု ချင်းရိုင် ခရိုင်အုပ်ချုပ်ရေးမှူး နာရွန်ဆက်အိုဆိုတာ နာကွန်းက ဆိုသည်။

ကလေးများက တစ်ဦးချင်းကိုယ့်အမည်ကို ကိုယ်နှုတ်ဆက်ပြီး ကျန်းမာစွာ ရှိနေကြောင်း အသိပေးသည့် ဗီဒီယိုဖိုင်တစ်ခုကို ဇူလိုင်လ ၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ဇူလိုင်လ ၂ ရက်နေ့ (တနင်္လာနေ့) နှောင်းပိုင်းတွင် ဗြိတိန်ရေငုပ်ကျွမ်းကျင်သူနှစ်ဦးက ကလေးများကို ရှာတွေ့ခဲ့ပြီးနောက် ထိုင်းရေတပ် အထူးတပ်ဖွဲ့များသည် ကလေးများနှင့် အတူနေပေးပြီး အသေးစား ဒဏ်ရာများ ကုသပေးကာ စားနပ်ရိက္ခာများ ဝေငှပေးပြီး စိတ်အားတက်ကြွစေရန် ကူညီပေးလျက်ရှိသည်။

ကလေးများမှာ အမှောင်ထဲတွင် ရက်အတန်ကြာနေခဲ့ရပြီး အချိန်အများစုတွင် ရေလွတ်ရာရွှံ့ထူသည့် ဂမူလေးပေါ်တွင်သာ ထိုင်နေရခြင်းကြောင့် အားနည်းလျက်ရှိသည်။

ကယ်ဆယ်ရေးသမားများက ကလေးများ အလွယ်တကူ ထွက်လာနိုင်ရန် ရေများစုပ်ထုတ်ခြင်းကို ဆက်လုပ်နေသော်လည်း အဆင်မပြေလျှင် နောက်ဆုံး နည်းလမ်းအဖြစ် ရေငုပ်ထွက်နိုင်ရန် ရေတပ် အထူးတပ်ဖွဲ့များက ကျောပိုးသယ်ဆောင်နိုင်သော ရေအောက် အသက်ရှူကိရိယာဖြင့် ရေငုပ်နည်း (Scuba diving) သင်ကြားပေးလျက်ရှိသည်။

ရေရှင်ဖြစ်နေသည့် ကျဉ်းမြောင်းသော ဥမင်လမ်းကြောင်းများအတိုင်း ရေငုပ်ရန်အတွက် ကလေးများမှာ မျက်နှာပြည့်လွှမ်းခြုံနိုင်သော ရေငုပ်မျက်နှာဖုံးများ ဝတ်ဆင်ရမည်ဖြစ်ရာ ပုံမှန် အတွေ့အကြုံနုသည့် ရေငုပ်သမားအတွက်ပင် အန္တရာယ်ရှိသည့် အခြေအနေဖြစ်သည်ဟု ပညာရှင်များက သတိပေးထားသည်။

ကလေးများ စိတ်ဓာတ်မကျစေရန်အတွက် မိဘများနှင့် ဆက်သွယ်စကားပြောနိုင်ရေး ကြိုးပမ်းပေးနေသော်လည်း ပထမတစ်ကြိမ် ဆက်သွယ်ရေးလမ်းကြောင်း သွယ်တန်းရန် ကြိုးပမ်းမှုမှာ မအောင်မြင်ခဲ့ပေ။ ဇူလိုင်လ ၅ ရက်နေ့တွင် ခေတ်ဟောင်းပုံစံ စစ်ဘက်သုံးစကားပြော စက်များနှင့် ကြိုးခွေများကို ဂူအတွင်းသို့ အင်ဂျင်နီယာများက သယ်ဆောင်သွားကြောင်း CN သတင်းဌာနက မှတ်တမ်းတင်နိုင်ခဲ့သည်။

အခြားဝင်ပေါက် ရှာရန်လည်း ကြိုးပမ်းနေကြပြီး ကြက်သံ၊ ငှက်သံများ ကြားရသည်ဟု ကလေးများက ပြောခြင်းကြောင့် အခြားလမ်းကြောင်းတွေ့မည်ဟု မျှော်လင့်ထားမှုများလည်း ရှိနေသည်။ တစ်ဖက်တွင်လည်း ကလေးများအားနည်း သွေးလေခြောက်ခြားပြီး ထင်ယောင်မြင်မှား ဖြစ်ခြင်းသာဖြစ်သည်ဟု ယူဆမှုများလည်း ရှိနေသည်။

“ရှေ့ပိုင်းရက်တွေမှာ အချိန်လုပြီး တိုက်ပွဲဝင်ခဲ့ရတယ်။ အခုက ရေနဲ့အပြိုင် လုပ်နေကြရပါပြီ။ ကျုပ်တို့ ရေတွေ စုပ်နေတာပါပဲ။ ဒါပေမဲ့ ရေက ဆက်စီးနေတုန်းပဲ။ အပေါက်တွေ ဘယ်လောက်ပိတ်ပိတ် ရေက ဆက်ဝင်နေတယ်။ မိုးကြောင့် ကလေးတွေ အသင့်မဖြစ်ခင် ကယ်ထုတ်ရမယ်ဆိုရင်လည်း လုပ်ကိုလုပ်ရတော့မှာပဲ။ ဒါပေမဲ့ ဒါကို နောက်ဆုံးရွေးချယ်စရာအဖြစ်ပဲ သတ်မှတ်ထားပါတယ်”ဟု ချင်းရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

F-03



FOLLOW US