News

POST TAGGED AS

ဘန်ကောက်

ဥရောပနိုင်ငံများသို့ ပြည်ပခရီးစဉ်များ သွားရောက်မှု မြင့်တက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ယခုနှစ်ခရီးသွားရာသီတွင် ဥရောပနိုင်ငံများသို့ ပြည်တွင်းခရီးသည် သွားရောက်မှု ယခင်ကထက် ၅၀ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း ပြည်ပခရီးစဉ် ဝန်ဆောင်မှုလှိုင်စင်ရ အေဂျင်စီများထံမှ စုံစမ်းသိရသည်။

မြန်မာနိုင်ငံသားများအနေနှင့် ဥရောပနိုင်ငံများဖြစ်သည့် ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ ဆွစ်ဇာလန် စသည့်နိုင်ငံများသို့ ယခင်နှစ် ခရီးသွားရာသီကာလက မြန်မာနိုင်ငံမှ ဥရောပနိုင်ငံများသို့ သွားရောက်သူ စုစုပေါင်း သုံးထောင်ဝန်းကျင်ခန့် ရှိခဲ့ကြောင်း လိုင်စင်ရအေဂျင်စီများက ဆိုသည်။

“မနှစ်ကလုပ်ခဲ့တဲ့ အကျိုးတွေကို ဒီနှစ်ပြန်ခံစားရတာပေါ့။ ဥရောပနိုင်ငံတွေကို လည်ပြီးပြန်လာရင် သတင်းကောင်းတွေ ပြန်ကြားရတော့ ဒီနှစ်လည်း ထပ်သွားတဲ့သူ များတာပါ။ အဓိကတော့ ဥရောပမှာရှိတဲ့ သမိုင်းဝင် အဆောက်အအုံတွေ၊ရေခဲတောင်တက်ရတာတွေကို ဧည့်သည်တွေက ပိုသဘောကျတယ်”ဟု ဂန္တဝင် ရွှေပုဂံ ခရီးသွားအေဂျင်စီမှ တာဝန်ခံ မစန္ဒာက ဆိုသည်။

ယခင်က ဥရောပ သုံးနိုင်ငံခရီးစဉ်များဖြစ်သည့် ပြင်သစ်၊ ဂျာမနီ၊ အီတလီနိုင်ငံ သုံးခုကိုသာ အဓိကသွားရောက်လေ့ရှိပြီး ယခုနှစ်တွင် နယ်သာလန်နှင့် ဘယ်လ်ဂျီယံနိုင်ငံများသို့လည်း သွားရောက်မှုများရှိကြောင်း၊ ထို့ပြင် ဥရောပနိုင်ငံများတွင် ခရီးသွားဈေးကွက် ဖော်ဆောင်ရန် နေရာများစွာကျန်ရှိနေသေးကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

“ဒီနှစ်မှာ မိသားစုလိုက်၊ အဖွဲ့လိုက် သွားလည်တဲ့သူတွေက များတယ်၊ မနှစ်ကထက်တော့ ၇၀ ရာခိုင်နှုန်းလောက် တိုးလာတယ်လို့ ပြောလို့ရတယ်။ လက်ရှိက ဈေးကွက်ယှဉ်ပြိုင်မှုမြင့်လာပြီး သွားတဲ့လူလည်း များလာတယ်။ ကြော်ငြာအားလည်း ကောင်းလာတော့ ပြည်ပခရီးစဉ်တွေက ပိုပြီးသွားလာကြတယ်”ဟု Shwe Trip Palnner ခရီးသွားလုပ်ငန်းကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်သင်းသင်းအောင်က ဆိုသည်။

ယခုနှစ်အတွင်း ဥရောပနိုင်ငံများသို့ သွားရောက်လည်ပတ်ရာတွင် ကိုးညအိပ် ဆယ်ရက် ခရီးစဉ်များတွင် အမေရိကန် ဒေါ်လာ သုံးထောင်မှ သုံးထောင့်ငါးရာဝန်းကျင်အကြား ပျမ်းမျှပေါက်ဈေးရှိပြီး ၁၁ ညအိပ် ၁၂ ရက်ခရီးစဉ်များနှင့် ၁၆ ရက်တာ ခရီးစဉ်များလည်း သွားရောက်လေ့ရှိကြောင်း ပြည်ပခရီးစဉ်ပို့ဆောင်ရေး လိုင်စင်ရ အေဂျင်စီများထံမှ သိရသည်။

“လက်ရှိမှာ Outbound Tour က အခြေအနေတော့ ကောင်းနေတယ်။ မြန်မာလူမျိုးတွေ ပြည်ပထွက်တာ များလာပါပြီ။ ပိတ်ရက်တွေများရင်တော့ သွားကြတယ်။ နိုင်ငံကြီးတွေကို သွားတဲ့သူတွေထဲက ထွက်ပြေးရင်တော့ ကုမ္ပဏီကို အရေးယူတာတွေရှိတယ်”ဟု မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်းမှ အလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးသန်းနိုင်က ဆိုသည်။

ပြည်ပခရီးစဉ်ပို့ဆောင်ရေး အေဂျင်စီ ၄၂၉ ခုကို လက်ရှိတွင် လုပ်ငန်းလိုင်စင်ချ ပေးထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံမှ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ အင်္ဂလန် အစရှိသော နိုင်ငံများနှင့် ဥရောပနိုင်ငံများသို့ လည်ပတ်သွားလာမှုများ ရှိနေပြီး ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ် အစရှိသော နိုင်ငံများသို့ အများဆုံးသွားလာလျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၊ လုပ်ငန်းလိုင်စင်ဌာနထံမှ သိရသည်။

J-14



FOLLOW US