News

POST TAGGED AS

ဘတ်စ်ကား

လှိုင်သာယာမြို့နယ်တွင် ဘတ်စ်ကားမှတ်တိုင်နှင့် မော်တော်ယာဉ် ရပ်နားနေရာ သတ်မှတ်မည်
ရန်ကုန်၊ မေ ၈

လှိုင်သာယာမြို့နယ်အတွင်း ခရီးသည်တင်ယာဉ်အပါအဝင် အခြားယာဉ်များ စနစ်တကျ ယာဉ်ရပ်နားစေရန် ဘတ်စ်ကားမှတ်တိုင်နှင့် မော်တော်ယာဉ် ရပ်နားနေရာများ သတ်မှတ်ပေးမည်ဖြစ်ကြောင်း ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

မေလ ၈ ရက် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက လှိုင်သာယာမြို့နယ်အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ နေ့စဉ်ဖြစ်ပေါ်လျက်ရှိနေပါသဖြင့် Bus မှတ်တိုင်နှင့်ယာဉ်ရပ်နားနေရာ သတ်မှတ်တည်ဆောက်ပေးခြင်း စီမံဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာတွင် ၎င်းက အထက်ပါအတိုင်း ဖြေကြားခြင်းဖြစ်သည်။

“ကျွန်တော်က လှိုင်သာယာမှာ ယာဉ်တွေက ဘတ်စ်ကားမှတ်တိုင်နားတွေ၊ ကားလမ်းမပေါ်တွေမှာ အလျဉ်းသင့်သလို ယာဉ်တွေ ရပ်နားနေလို့ နေ့တိုင်း ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေတယ်။ ဒါကိုဖြေရှင်းဖို့ စီမံချက်ရှိ၊ မရှိ မေးမြန်းတာကို အခုလို ဖြေကြားတာပါ”ဟု ၎င်းက ဆိုသည်။

YBS စနစ် အကောင်အထည်ဖော်ခြင်း ဒုတိယနှစ်တွင် ဘတ်စ်ကားမှတ်တိုင်များ၊ ယာဉ်ရပ်နားရန်နေရာများကို YRTA အစီအစဉ်ဖြင့် တည်ဆောက်ဆောင်ရွက်သွားမည်ဖြစ်ပြီး မှတ်တိုင်တွင် မရပ်သောဘတ်စ်ကားများ၊ ဘတ်စ်ကားမှတ်တိုင်တွင် ဝင်ရောက်ရပ်နားသော အငှားတက္ကစီနှင့် ကိုယ်ပိုင်ကားများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ကရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက ထပ်မံဖြေကြားခဲ့သည်။

လက်ရှိတွင် ဘတ်စ်ကားမှတ်တိုင် ၅၀၀ ကို ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင်ရန် ပြင်သစ်နည်းပညာ JCDecaux ကုမ္ပဏီနှင့် ပြည်တွင်း FMI ကုမ္ပဏီတို့ ပူးပေါင်းဖွဲ့စည်း ထားသည့် FMIDec aux ကုမ္ပဏီအမည်ဖြင့် ဖက်စပ်ကုမ္ပဏီတို့က ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

လှိုင်သာယာမြို့နယ်ကို အခြေပြုပြေးဆွဲနေသည့် ခရီးသည်တင် YBS ယာဉ်လိုင်းပေါင်း ၁၃ လိုင်းကျော်ရှိသည်။

J-06



FOLLOW US