News

POST TAGGED AS

ဘတ်ဂျက်

13-Dec-2016

ဘတ်ဂျက်
အစိုးရ အသုံးစရိတ် တောင်းခံငွေကို ဘီလီယံ ၇ဝ ကျော်ဖြတ်၍ လွှတ်တော် အတည်ပြု

နေပြည်တော်၊ ဒီဇင်ဘာ ၁၃

ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ဗဟို အဖွဲ့အစည်းများ သုံးစွဲမည့် ၂ဝ၁၆ -၂ဝ၁၇ ခုနှစ်၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းပါ တောင်းခံငွေကျပ် ဘီလီယံ ၁၃၅၄ ကျော်မှ ဘီလီယံ ၇ဝ ကျော်ကို လျှော့ချ ဖြတ်တောက်၍ ဒီဇင်ဘာ ၁၃ ရက်နေ့က ကျင်းပသော ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်သည်။

နိုင်ငံခြားရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ၊ အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေး၊ စက်မှု၊ ပညာရေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ ပို့ဆောင်ရေး၊ လူမှုဝန်ထမ်းနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့မှ ကျပ်သန်းပေါင်း ၁၄,၁၈၁ ဒသမ ၆၄၁ နှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကျပ်သန်းပေါင်း ၅၆,၂၆၃ ဒသမ ၇၅၈ တို့ကို လျှော့ချ ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီနှင့် ဥပဒေကြမ်း ကော်မတီတို့၏ စိစစ်ဖြတ်တောက်မှုတွင် ကျန်ဝန်ကြီးဌာနများနှင့် ဗဟို အဖွဲ့အစည်းများကို လျှော့ချ ဖြတ်တောက်ခဲ့ခြင်း မရှိဘဲ ကာကွယ်ရေး ဝန်ကြီးဌာနမှ တောင်းခံထားသည့် ဘီလီယံ တစ်ရာနီးပါးကိုလည်း လျှော့ချခြင်း မရှိဘဲ ခွင့်ပြုထားသည်ဟု ယင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက မီဒီယာများကို ပြောကြားသည်။

ကာကွယ်ရေး ဝန်ကြီးဌာန အနေနှင့် စက်ရုံ အလုပ်ရုံလုပ်ငန်း၊ လေယာဉ်နှင့် ပစ္စည်းများ ဝယ်ယူရမည့် ကိစ္စများ ရှိသောကြောင့် လျှော့ချရန် မဖြစ်နိုင်ကြောင်း ၎င်းက ထပ်လောင်းဆိုသည်။

ယင်းကဲ့သို့ စိစစ်မှုများကြောင့် အမှန်တကယ် ကုန်ကျသင့်သည့် ငွေစာရင်းများ ဖြစ်မြောက်လာခြင်းကြောင့် လွှတ်တော်၏ လုပ်ဆောင်ချက်ကို ကျေးဇူးတင်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။ 

ယင်းအပြင် ကျန်းမာရေး ဝန်ကြီးဌာန အနေနှင့် စရိတ်များ သုံးစွဲရာတွင် ဘတ်ဂျက်နှစ်ကုန်ခါနီး အချိန်တွင် အလောတကြီး ကုန်ကျအောင် သုံးစွဲမည် မဟုတ်ကြောင်း၊ ကျန်းမာရေးအတွက် ဆေးဝါး ဝယ်ယူမှုများတွင်လည်း ဆေး တစ်မျိုးတည်းကို ဈေးအမျိုးမျိုးဖြင့် ဝယ်ယူသည့် ကိစ္စများ တွေ့ရှိနေရသောကြောင့် ၎င်းကိုယ်တိုင် ဦးစီး လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။

  • VIA


FOLLOW US