News

POST TAGGED AS

ဘတ်ဂျက်

ရန်ကုန်တိုင်းအစိုးရ ဘတ်ဂျက် မူလ လျာထားချက်ထက် ၅၅ ရာခိုင်နှုန်း တိုးမြှင့်ရရှိ

ရန်ကုန်၊ အောင်တိုဘာ ၃

ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ၂ဝ၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် မူလလျာထားသည့် ငွေထက် ၅၅ ရာခိုင်နှုန်း တိုးမြှင့် ရရှိခဲ့ကြောင်း တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။ 

အောက်တိုဘာလ ၃ ရက်နေ့တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ၂ဝ၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်း ဒေသကြီး၏ ဖြည့်စွက် ခွင့်ပြုငွေနှင့် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်း လျာထားချက်ကို ၎င်းက လွှတ်တော်တွင် လာရောက် ရှင်းလင်း တင်ပြခဲ့ခြင်း ဖြစ်သည်။ 

ရန်ကုန်တိုင်းဒေသကြီး အစိုးရ ဌာနများမှ ရငွေသည် ငွေစာရင်း ကျပ် ၃၃၆ ဒသမ ၂၁၈ ဘီလီယံ လျာထားရာမှ နောက်ထပ် တိုးမြှင့် ရရှိငွေ ၁၈၄ ဘီလီယံခန့် ရရှိခဲ့ပြီး စုစုပေါင်း ကျပ်  ၅၂၂ ဒသမ ဝ၂၈ ဘီလီယံ ရရှိထားသည့်အတွက် ယခုနှစ်တွင် ၅၅ ရာခိုင်နှုန်း တိုးမြှင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း ဦးမြင့်သောင်းက ပြောကြားသည်။ 

ရငွေ တိုးမြှင့် ရရှိခဲ့ခြင်းကြောင့် တိုးမြှင့် ရရှိလာသည့်အလျောက် ဘတ်ဂျတ်များကို တိုင်းဒေသကြီး အစိုးရ အဖွဲ့များထံ မူလ လျာထားချက်ထက် တိုးမြှင့် ခွဲဝေပေး သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

တိုးလာသည့် ၁၈၅ ဒသမ ၈ဝ၉ ဘီလီယံအား ရေကြီးရေလျှံ ကိစ္စရပ်များ ဖြေရှင်းခြင်း၊ ရေ အရင်းအမြစ်နှင့် မြစ် ချောင်းများ ထိန်းသိမ်းခြင်း၊ လယ်ယာမြေများ ပြုပြင် ထိန်းသိမ်းခြင်း၊ အိမ်ရာများ တည်ဆောက်ခြင်း၊ အများပိုင် ခရီးသည် ယာဉ်လိုင်းများ ထူထောင်ခြင်း၊ တိုင်းရင်းသား စာပေရေးရာများ ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများနှင့် သက်ဆိုင်သည့် အစိုးရ ဌာနများသို့ တိုးမြှင့်ခွဲဝေ ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

ယခု လက်ရှိ ရရှိလာသည့် ၂ဝ၁၆-၁၇ ဘဏ္ဍာရေးနှစ် ရငွေသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရသစ်၏ ပထမဦးဆုံး ရငွေဖြစ်သည်။ 

အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင် လုပ်ငန်းများမှ အခွန်အကောက် တိုးမြှင့် ရရှိခြင်းကြောင့် ရငွေတိုးမြင့် ရရှိလာခြင်းဖြစ်ပြီး ပိုမို စိစစ် ကောက်ခံပါက လက်ရှိ ရထားသည့် ရငွေထက် ပိုမို တိုးမြှင့် ရရှိနိုင်သေးကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေးနှင့် စီမံကိန်း ကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောကြားသည်။ 

“ဒီလိုမျိုး ငွေတွေဟာ တကယ် သုံး မသုံးကတော့ နှစ်ကုန်ရင် စာရင်းစစ်ချုပ်က စစ်ဆေးရင် စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ပေါ်လာလိမ့်မယ်။ ကျွန်မတို့ကတော့ စောင့်ကြည့် သွားရမှာပေါ့”ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။ 

ရန်ကုန်တိုင်းဒေသကြီး၏ ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက် ကျပ် သန်းပေါင်း ၃၃၆,၂၁၈ ဒသမ ၅၇ အသုံးပြုရန် လျာထားသည့် ရသုံးမှန်းခြေ ငွေစာရင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြီးခဲ့သည့် မတ်လက တိုင်းဒေသကြီး လွှတ်တော်သို့ ပေးပို့ အတည်ပြုခဲ့သည်။




FOLLOW US