News

POST TAGGED AS

ဘတ်ဂျက်

25-Jul-2018

ပညာရေး ဘတ်ဂျက်
ဘတ်ဂျက်လိုငွေပြမှုကြောင့် ပညာရေးဝန်ကြီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းများ ရပ်ဆိုင်း
နေပြည်တော်၊ ဇူလိုင် ၂၄

ဝန်ထမ်းများကို လစာတိုးပေးခဲ့ရာတွင် ဖြည့်စွက်ရန်ပုံငွေ တောင်းခံခဲ့ခြင်းမရှိသည့်အပြင် ပညာရေးဝန်ကြီးဌာနတွင် ကျပ်ဘီလီယံ တစ်ရာခန့် ဘတ်ဂျက်လိုငွေပြခဲ့ရာ တည်ဆောက်ရေးလုပ်ငန်းများကို ရာခိုင်နှုန်းလျှော့ခြင်း၊ ခေတ္တဆိုင်းငံ့ခြင်းများ ပြုလုပ်ထားခဲ့ကြောင်း ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားသည်။

ယနေ့ ( ဇူလိုင် ၂၄) ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် စဥ့်ကိုင်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ကြည်မို့မို့လွင်က အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) မုန်ပင်တွင် လိုအပ်လျက်ရှိသော စာသင်ဆောင်အသစ်တစ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းချက်ကို ဒုဝန်ကြီးက လာရောက် ဖြေကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိလွှတ်တော်သို့ တင်ပြ တောင်းခံထားသော ဘတ်ဂျက်တွင် ၆ လ ဘတ်ဂျက်၌ မပြီးပြတ်ခဲ့သည့်လုပ်ငန်းများ လုပ်ဆောင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ဒုဝန်ကြီးက ဆိုသည်။

ထို့ကြောင့် လက်ရှိတောင်းခံမည်ဖြစ်သော ဘတ်ဂျက်သည် ပြီးခဲ့သည့် ၆ လ ဘတ်ဂျက်တွင် ပါရှိသောလုပ်ငန်းများကို ပြီးပြတ်အောင် ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ယခုနှစ်တွင် လုပ်ငန်းသစ်များတိုးချဲ့နိုင်ရန် အခြေအနေနည်းပါးနေပြီး လုပ်ငန်းသစ်များကို ၂၀၁၉-၂၀ ဘတ်ဂျက်ရောက်မှသာ လျာထား ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောသည်။

၂၀၁၈-၁၉ ဘတ်ဂျက်အတွက် ပညာရေး အသုံးစရိတ်ကို ဝန်ကြီးဌာန များအားလုံးတွင် စတုတ္ထအများဆုံးအဖြစ် ကျပ်သန်းပေါင်း ၂,၁၇၆,၄၈၅ ဒသမ ၈၇၅ ကို ဇူလိုင် ၂၃ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြတောင်းခံထားသည်။

ပညာရေးဝန်ကြီးဌာနအတွက် လက်ရှိတင်ပြထားသော ဘတ်ဂျက်တွင် ပြန်လည်ဖြည့်တင်းပေးသွားရန် ညှိနှိုင်းလုပ်ဆောင်ထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က The Voice သို့ ပြောကြားခဲ့သည်။

S-01



FOLLOW US