News

POST TAGGED AS

ဘင်္ဂါလီ

မြန်မာပြည် ဘင်္ဂါလီ သူပုန်ထမှု နောက်ကွယ်မှ အမှန်တရား
ဘာတေးလ်လင့်တ်နာ ရေးသားပြီး ဇေဝင်းနောင် ဘာသာပြန်ဆိုသည်။

Arakan Rohingya Salvation Army (ARSA) သည် လူမျိုးရေးနှင့် အမျိုးသားရေး တော်လှန်မှုအတွက် တိုက်ပွဲဝင်နေသည်ဟု ဆိုနေသော်လည်း ၎င်းအဖွဲ့၏ ခေါင်းဆောင်များနှင့် အစွန်းရောက်အုပ်စုသည် ပိုမိုကျယ်ပြန့်သော ဒေသတွင်း လုပ်ငန်းစဉ်သို့ ဦးတည်သော ဆုံမှတ်နှင့် ဆက်စပ်နေသည်။

မြန်မာနိုင်ငံတွင် ပေါ်ထွက်လာသည့် ARSA သည် နိုင်ငံတစ်လွှား တိုက်ပွဲဝင်နေကြသော အခြားလူမျိုးစု လက်နက်ကိုင်အဖွဲ့များနည်းတူ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ရေးအတွက်သာ ဖြစ်ပြီး အကြမ်းဖက် အဖွဲ့အစည်းအဖြစ် တံဆိပ်မကပ်သင့်ဟု ဆိုထားသော်လည်း မြေပြင်တကယ့်အခြေအနေမှာ မတူကွဲပြားသော ဇာတ်လမ်းတစ်ပုဒ်ကို ဖော်ပြလျက်ရှိသည်။

ARSA သည် လုံးဝအသစ်ဖြစ်သည့် ပုန်ကန်ထကြွမှု ပုံစံတစ်ရပ်ကို ကိုယ်စားပြုနေပြီး တိုက်ပွဲဝင်ရန် စနစ်တကျ လက်နက်တပ်ဆင်ထားခြင်း မရှိကြောင်း မြန်မာစစ်ဘက်က သက်သေပြခဲ့ပြီး ဖြစ်သည်။ မြန်မာနိုင်ငံတွင်းမှ ကချင်၊ ရှမ်း၊ ကရင်၊ မွန် စသော အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ၎င်းတို့၏ သက်ဆိုင်ရာ အုပ်စုများကို ထင်ရှားစွာ ဖော်ပြထားသော အမည်များ၊ ၎င်းတို့၏ ရာထူးအဆင့်အတန်းကို ဖော်ပြထားသော တံဆိပ်များ ပါရှိသည့် စစ်ယူနီဖောင်းများကို ဝတ်ဆင်ကြသည်။ 

ဆန့်ကျင်ကွဲပြားစွာပင် ARSA ၏ မွတ်ဆလင် တိုက်ခိုက်ရေးသမားများသည် ရွာသားများနှင့် ရောထွေးနေကာ အရပ်သားများလိုသာ ဝတ်ဆင်ကြသည်။ လုံခြုံရေးတပ်ဖွဲ့ (ရဲကင်းစခန်း) ပစ်မှတ်များကို အဆင့်နိမ့်သည့် တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ARSA သူပုန်များသည်  ပြောဆိုသော ဘာသာစကားတူပြီး တူညီသော ဘာသာရေး ယုံကြည်မှုကို ကိုးကွယ်သူများ နေထိုင်ရာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ နယ်စပ်တစ်လျှောက်သို့ ဆုတ်ခွာသွားသည်ဟု သိထားကြသည်။ ယင်းအချက်ကို ဆင်ခြင်ကြည့်လျှင် ARSA ၏ နည်းဗျူဟာသည် မြန်မာနိုင်ငံတွင်းရှိ အခြားသော တိုင်းရင်းသား လက်နက်ကိုင်များနှင့် မတူညီပဲ မလေးရှားနှင့် ထိစပ်နေသည့် ထိုင်းတောင်ပိုင်းမှ မွတ်ဆလင်သူပုန်များနှင့် ပိုမိုတူညီမှု ရှိနေသည်။ 

ARSA သည် နီပေါနှင့် အိန္ဒိယမှ မော်ဝါဒီများ၏ သဘောတရား အယူဝါဒရေးရာများကို ကျင့်သုံးသူများ မဟုတ်သော်လည်း တိုက်ခိုက်ရေး နည်းစနစ်များမှာမူ ထိုအဖွဲ့များကို အတုခိုးထားပုံ ပေါ်သည်။  မြန်မာ့တပ်မတော်ကို တိုက်ပွဲများ၊ ချုံခိုတိုက်ခိုက်မှုများဖြင့် ရင်ဆိုင်ရမည့်အစား၊ နီပေါမှ မော်ဝါဒီသူပုန်များ လှုပ်ရှားခဲ့စဉ်တုန်းကလို၊ အိန္ဒိယမှ နက်ဆာလိုက် (မော်ဝါဒီ သူပုန်များ) ယနေ့ လှုပ်ရှားနေသလိုမျိုး၊ ညလယ်ပိုင်းတွင် အစိုးရစခန်းများကို တိုက်ခိုက်ရန် ရာနှင့်ချီသော လက်နက်မဲ့ ရွာသားများကို လှုံ့ဆော်ပေးသည့်နည်းကို ပိုမိုလိုလားသည်။ 

ပုံမှန်အားဖြင့် သေးငယ်ပြီး သီးသန့်ဖြစ်နေသော ပစ်မှတ်ထားခံရသည့် အစိုးရစခန်းများများမှာ ပိုမိုကြီးမားသော တိုက်ခိုက်ရေးအင်အားဖြင့် ဝန်းရံခံနေရပြီဟု ထင်သွားစေသည်။ ယင်းနောက်တွင် တကယ်တမ်း မများလှသော တိုက်ခိုက်သည့် အုပ်စုသည် ဝင်ရောက်လာပြီး ထိတ်လန့်နေသော စစ်သားများ သို့မဟုတ် ရဲများကို သတ်ဖြတ်ကာ ၎င်းတို့၏ လက်နက်များကို ယူဆောင်ပြီး ထွက်ပြေးသွားလေ့ရှိသည်။ ယင်းမှာ တောင်အာရှတွင် အကျွမ်းတဝင်ရှိပြီး တိုက်ခိုက်မှု ပုံစံဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ယခုကာလ မတိုင်မီအထိ မကြုံစဖူးသော တိုက်ခိုက်မှုမျိုး ဖြစ်သည်။

သြဂုတ်လ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် မြန်မာ့တပ်မတော်က သူပုန် ၄၀၀ ခန့် သတ်ဖြတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ၎င်းတို့ အားလုံးနီးပါးသည် အဖွဲ့တွင်း သွတ်သွင်းခံရသည့် ရွာသားများ ဖြစ်နိုင်ခြေ အများဆုံးရှိသည်။ အကယ်၍ ARSA တိုက်ခိုက်ရေးသမား ထိုမျှသေဆုံးသည်ဆိုလျှင် အဖွဲ့အစည်း တစ်ခုလုံးနီးပါး ပျက်လုခမန်း ဖြစ်သွားမည်ဟု ယင်းအဖွဲ့ကို စောင့်ကြည့်လေ့လာနေသည့် လုံခြုံရေး လေ့လာသုံးသပ်သူများက ထောက်ပြသည်။

ယင်းအဖွဲ့အစည်း၏ အင်အားမှာလည်း ယင်းသူပုန်များဘက်က ပြောသလောက်၊ မြန်မာ့တပ်မတော် အာဏာပိုင်များက ပြောသလောက် မရှိနိုင်ဟု အဆိုပါ လေ့လာသုံးသပ်သူများက ဆိုကြသည်။ အတွင်းသတင်းများအရ ဆိုလျှင် ARSA ၏ အင်အားသည် ထောင်ချီမရှိပဲ ရာဂဏန်းမျှသာ ရှိကာ လှုပ်ရှားနေသော လေ့ကျင့်သင်ကြားပေးထားသည့် တိုက်ခိုက်ရေးသမားမှာ ၅၀၀ ထက် မပိုပေ။

ARSA ၏ စစ်ရေးစွမ်းရည်မှာ အကန့်အသတ် ရှိသော်လည်း ၎င်း၏ ဝါဒဖြန့်ချိရေး ယန္တရားမှာမူ ကျယ်ပြန့်လှပြီး အံ့အားသင့်ဖွယ် ကောင်းမွန်သည့် အင်္ဂလိပ်စကားဖြင့် တွစ်တာနှင့် အခြားလူမှုကွန်ရက်များတွင် ကြေညာချက်များ ထုတ်ပြန်နေပြီး သဘောထားပျော့ပျောင်း၊ ကျိုးကြောင်းဆီလျော်သောသူ ပုန်အဖွဲ့အဖြစ် မှတ်ယူစေရန် ရည်ရွယ်ဆောင်ရွက်နေသည်။

စက်တင်ဘာလ ၉ ရက်နေ့က ယင်းအဖွဲ့၏ ပထမဆုံး ကြေညာချက်များအနက်မှ တစ်ခုတွင် ARSA   က ဘင်္ဂါလီ ဒုက္ခသည်များထံ အကူအညီပေးရေးအဖွဲ့များ ရောက်ရှိနိုင်ရေးအတွက် တစ်လကြာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး အလုံးစုံ လူမှုဒုက္ခအကျပ်အတည်းကြီး ဖြစ်မည့် အရေးမှ ရှောင်လွှဲခဲ့သည်။ သြဂုတ်လ ၂၅ ရက်နေ့ ARSA တိုက်ခိုက်မှုနှင့် တပ်မတော်၏ ပြင်းထန်သော တန်ပြန်တုံ့ပြန်မှုများ အပြီးတွင် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူ ဘင်္ဂါလီ ၄၀၀၀၀၀ ကျော် ရှိမည်ဟု အကူအညီပေးရေး အဖွဲ့အစည်းများက ခန့်မှန်းထားကြသည်။

လက်နက်အင်အား မတောင့်တင်းသော အဖွဲ့တစ်ဖွဲ့အတွက် ဆိုလိုသည်မှာ နည်းလမ်းတကျ စုဖွဲ့ထားခြင်း မရှိသည့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ အတွက် ယင်းမှာ အားကောင်းသော ကြေညာချက်တစ်ရပ် ဖြစ်ခဲ့သည်။ အဖွဲ့၏ တိုက်ခိုက်မှု အများစုမှာ တောခုတ်ဓားများဖြင့် တိုက်ခိုက်ခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် ARSA သည် ၎င်း၏ အားနည်းပြီး လက်နက်ညံ့ဖျင်းသော ကေဒါများက အင်အားကြီးမားသော မြန်မာ့တပ်မတော်ကို တိုက်ခိုက်ခြင်းဖြင့် သူတို့ပြောသလို ဘင်္ဂါလီများကို မည်သို့မည်ပုံ ကာကွယ်နိုင်ပါမည် ဆိုခြင်းမှာ ရှင်းပြနိုင်မည် မဟုတ်ပေ။

Asia Times မှ ရရှိသော ယင်းဒေသသတင်းများသာ မှန်ကန်မည် ဆိုပါက ဘင်္ဂါလီများနှင့် အခြားလူနည်းစု အုပ်စုများရှိရာ ဒေသများကို လူမျိုးရေးအရ ရှင်းလင်းရန် မြန်မာ့တပ်မတော်ကို အကြောင်းပြချက် ကောင်း ပံ့ပိုးပေးရာ ရောက်သွားသည့်အတွက် ARSA  ကို ဒေသခံများက ဒေါသထွက်နေကြသည်ဟု ဆိုသည်။ 

စက်တင်ဘာလ ၁၄ ရက်နေ့တွင် ARSA က အယ်လ်ကေးဒါး၊ အိုင်အက်စ်၊ လက်ရှ်ကာ အီတိုင်ဘာ သို့မဟုတ် အခြားမည်သည့် နိုင်ငံဖြတ်ကျော် အကြမ်းဖက် အဖွဲ့အစည်းနှင့်မျှ အဆက်အသွယ် မရှိကြောင်း ရှင်းလင်းစေသည်ဟု ထုတ်ပြန်ခဲ့သည်။ ယင်းအပြင် ARSA အနေနှင့် အကြမ်းဖက်သမားများ ဝင်ရောက်လာခြင်း၊ ဆိုးရွားနေသော အခြေအနေကို ပိုဆိုးအောင်လုပ်ခြင်းမှ ဟန့်တား၊ ကာကွယ်သွားရန် လုံခြုံရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်ပါ ပြင်ဆင်ထားကြောင်း နိုင်ငံအားလုံး သိစေလိုသည်ဟုပင် ထုတ်ပြန်ခဲ့သေးသည်။

ယင်းကြေညာချက်မျှဖြင့် အဖွဲ့၏ ပါကစ္စတန် အပါအဝင်၊ ပြည်ပအစွန်းရောက် အုပ်စုများနှင့် ရှင်းလင်းသော ချိတ်ဆက်မှု ရှိနေခြင်းကို လုံခြုံရေး လေ့လာသုံးသပ်သူများနှင့် အကြမ်းဖက်ဝါဒ ကျွမ်းကျင်သူများက ထည့်သွင်းမစဉ်းစားဘဲ လက်ခံယုံကြည်မည် မဟုတ်ပေ။ ARSA ၏ ခေါင်းဆောင် အတူလာ အဘူအမ်မာ ဂျုန်ဂျူန်နီ ခေါ် ဟာဖစ်ဇ်တိုဟာသည် ကရာချိ (ပါကစ္စတန်) တွင် မွေးသူဖြစ်ပြီး ဆော်ဒီအာရေဗျတွင် မာဒရက်ဆာ ပညာရေး (အစ္စလာမ် အယူဝါဒရေးရာနှင့် ဘာသာရေး ဥပဒေသများ သင်ကြားမှု) သင်ကြားခဲ့သူ ဖြစ်သည်။ 

အိုရန်ဂီ၊ ကိုရန်ဂီ၊ လန်ဒီနှင့် အခြားသော ကရာချိမှ ဆင်းရဲသား ရပ်ကွက်များတွင် နေထိုင်သူ ဘင်္ဂါလီ ပထမ၊ ဒုတိယ၊ တတိယမျိုးဆက် သိန်းချီရှိနေသည်။ ပါကစ္စတန်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြပြီး အများစုမှာ ထိုနိုင်ငံတွင် မွေးသောသူများ ဖြစ်သော်လည်း ၎င်းတို့အားလုံးနီးပါးမှာ နိုင်ငံမဲ့များ ဖြစ်သည်။ ယင်းဧရိယာသည် အစွန်းရောက် လှုပ်ရှားမှုများ ပေါက်ဖွားရာနေရာ ဖြစ်ခဲ့သည်မှာ ကြာပြီ ဖြစ်ပြီး အချို့မှာ အာဖဂန်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲများတွင် ပါဝင်တိုက်ခိုက်ရန် စုဆောင်းခံခဲ့ရသည်မှာ အများသိသည့်ကိစ္စ ဖြစ်သည်။

ARSA ကို ကနဦးတွင် Harakah al-Yaqin (ယုံကြည်မှုဆိုင်ရာ လှုပ်ရှားမှု) ဆိုသော အမည်ဖြင့် သိခဲ့ကြသည်။ ဤအမည်တွင် ဘာသာရေး ဆက်စပ်မှုများ ရှိနေကြောင်း ရှင်းလင်းသလို ရိုဟင်ဂျာ သို့မဟုတ် အာရ်ကန် (ရခိုင်) ဆိုသော စကားလုံးမျိုး ပါဝင်ခဲ့ခြင်း လည်းမရှိပေ။ ယမန်နှစ်ကမှ လူမျိုးရေး ပိုအလေးထားသည့် အသွင်ဖြစ်အောင် ARSA ဟု အမည်ပြောင်းခဲ့ခြင်း ဖြစ်ပြီး ယင်းလှုပ်ရှားမှု စတင်မွေးဖွားရာ အစွန်းရောက် အယူဝါဒများ ပေါက်ဖွားရာ ပတ်ဝန်းကျင်နှင့် ဝေးကွာစေရန် ကြိုးပမ်းမှု တစ်ရပ်သာ ဖြစ်သည်။

ထောက်လှမ်းရေး လေ့လာဆန်းစစ်သူများ အဆိုအရ ယင်းအဖွဲ့၏ ခေါင်းကိုင်လမ်းညွှန်မှာ အဘ်ဒူစ် ကာဒူးစ်ဘာမီ (Abdus Qadoos Burmi) ဆိုသော ပါကစ္စတန်မှ ဘင်္ဂါလီနွယ်ဖွားတစ်ဦး ဖြစ်သည်။ ကရာချိတွင်ပင် အခြေစိုက်သည့် အဆိုပါ ပုဂ္ဂိုလ်သည် လူမှုကွန်ရက်များတွင် ပျံ့နှံ့နေသော ဗီဒီယိုဖိုင်များတွင် ပါဝင်သူဖြစ်ပြီး မြန်မာနိုင်ငံတွင် ‘ဂျီဟတ်’ စစ်ပွဲ ဆင်နွှဲရန် တောင်းဆိုသူဖြစ်သည်။

အဘ်ဒူစ်ကာဒူးစ်သည် လက်ရှ်ကာ အီတိုင်ဘာ (အမှန်တရားတပ်ဖွဲ့ဟု အဓိပ္ပာယ်ရသည့်) ပါကစ္စတန်တွင် အဓိက လှုပ်ရှားနေသော တောင်အာရှ၏ အကြီးမားဆုံး အစ္စလာမ္မစ် အဖွဲ့အစည်းတစ်ခုနှင့် ချိတ်ဆက်မှုရှိကြောင်း အထောက်အထား ခိုင်ခိုင်လုံလုံ ရှိနေသည်။ ယင်းအဖွဲ့ကို ကွယ်လွန်သွားပြီ ဖြစ်သည့် အယ်လ်ကေးဒါးအဖွဲ့ ထူထောင်သူ အိုစမာဘင်လာဒင်၏ ပံ့ပိုးမှုဖြင့် ၁၉ ၈၇ တွင် အာဖဂန်နစ္စတန်တွင် ထူထောင်ခဲ့ခြင်း ဖြစ်သည်။ အဘ်ဒူစ်ကားဒူးစ်သည် လက်ရှ်ကာအီတိုင်ဘာ၏ ခေါင်းဆောင်ကြီး ဟာဖစ်မိုဟာ မက်ဆာအိဒ်နှင့်အတူ အစည်းအဝေး လုပ်နေပုံ မှတ်တမ်းများပါ ရှိခဲ့သည်။

ARSA ၏ ဒုတိယအဆင့်ရှိ ခေါင်းဆောင်မှာ နောက်ကွယ်မှ လှုပ်ရှားသူဖြစ်ပြီး ရှာရိဖ်ဟုသာ သိကြသည်။ ထိုသူသည် ဘင်္ဂလားဒေ့ရှ် အနောက်တောင်ပိုင်း စစ်တကောင်းမှလာသူ ဖြစ်ပြီး အဖွဲ့၏ ဝါဒဖြန့် ဗီဒီယိုများတွင်လည်း ပါဝင်သူ မဟုတ်ပေ။ အဆိုပါပုဂ္ဂိုလ်သည် ပါကစ္စတန်၏ တရားဝင် ဘာသာစကား ဖြစ်သော အူရဒူလေသံဖြင့် စကားပြောလေ့ ရှိသည်ဟု ဆိုသည်။

ARSA သည် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများထဲမှ အမျက်ထွက်ပြီး မျှော်လင့်ချက်မဲ့နေသော ဘင်္ဂါလီလူငယ်များကို စုဆောင်းကောင်း စုဆောင်းနိုင်မည် ဖြစ်သော်လည်း လုံခြုံရေး လေ့လာဆန်းစစ်သူများ အဆိုအရ ၎င်းတို့အဖွဲ့၏ ရာထူးအဆင့်ဆင့်တွင် နိုင်ငံခြားသား ၁၅၀ ဝန်းကျင် ပါနေသည်ဟု ဆိုသည်။

အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဖြစ်ပြီး ၈ ယောက် မှ ၁၀ ယောက်ခန့်သည် ပါကစ္စတန်မှ လာသူများဖြစ်ကာ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းတောင်ပိုင်းမှလည်း အုပ်စုငယ်များ ပါသည်ဟု ဆိုသည်။ နှစ်ဦးမှာ ဥဇဘက်ကစ္စတန်မှဟု ဆိုသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်တွင် သင်တန်းပေးနေပြီး သင်တန်းဆရာအချို့မှာ အာဖဂန်စစ်ပွဲစစ်ပြန်များ ဖြစ်သည်ဟု လုံခြုံရေး လေ့လာသုံးသပ်သူများက ဆိုသည်။

သြဂုတ်လ ၂၅ ရက်နေ့က တစ်ပြိုင်နက် တိုက်ခိုက်မှုများအတွက် အသေးစိတ် ပြင်ဆင်ရန် လိုအပ်မည်မှာ ရှင်းလင်းပေသည်။ တိုက်ခိုက်မှုများ မတိုင်မီ လပေါင်းများစွာ ကတည်းက၊  မြန်မာအစိုးရအတွက် သတင်းပေး လုပ်နေသည်ဟု သံသယရှိခံရသူ မွတ်ဆလင်များရော ဗုဒ္ဓဘာသာများပါ အပါအဝင် လူ ၅၀ ထက်မနည်း လည်လှီးခေါင်းဖြတ်သတ်ခံခဲ့ရရာ ယင်းမှာ ဧရိယာတစ်ဝိုက် မြန်မာ့စစ်ထောက်လှမ်းရေးက သတင်းမရနိုင်ရန် ရည်ရွယ်သည့် လုပ်ရပ်ဟု ဆိုနိုင်သည်။

တိုက်ခိုက်သည့် အချိန်ရွေးချယ်မှုမှာလည်း တိုက်ဆိုင်မှု မဖြစ်နိုင်ပေ။ သြဂုတ်လ ၂၄ ရက်နေ့တွင်  မြန်မာအစိုးရက ဖွဲ့စည်းပေးထားသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်အရေး အကြံပေးကော်မရှင်က ဒေသတွင်း ပဋိပက္ခများ အဆုံးသတ်စေရန် ငြိမ်းချမ်းသည့် နည်းလမ်းကို အဆိုပြုထားသည့် အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။

လက်ရှိ ဝရုန်းသုန်းကားနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားနေသော အခြေအနေတွင် ယင်းအစီရင်ခံစာပါ အကြံပြုချက်များကို ပြန်လည်အသက်သွင်းရန် ခက်ခဲသွားပြီ ဖြစ်ပြီး မတည်မငြိမ်မှုများ ပိုဖြစ်စေရန် စစ်သွေးကြွ လှုပ်ရှားမှုများအတွက် လမ်းပွင့်သွားပြီ ဖြစ်သည်။

အင်ဒိုနီးရှားမှ အစ္စလာမ္မစ်အုပ်စုများ ထုတ်ပြန်သော ဗီဒီယိုဖိုင်များတွင် ရခိုင်ပြည်နယ်တွင် ဂျီဟတ်စစ်ပွဲ ဆင်နွှဲရန်အတွက် ဆူမားတြားကျွန်းမြောက်ပိုင်း၊ အာချေးပြည်နယ်တွင် စစ်သင်တန်းတက်နေသော လူငယ်များကို ပြသခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တစ်လွှားတွင် ဘင်္ဂါလီ (၎င်းတို့အခေါ် ရိုဟင်ဂျာ) များ ကို ထောက်ခံသည့် ဆန္ဒပြပွဲများ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး ဒုက္ခသည်များ အလုံးအရင်းနှင့် ဝင်ရောက်လာမှုမှာ အာဏာရအဝါမီ  အဖွဲ့ချုပ်အပေါ် အစွန်းရောက်ဝါဒီများ ထောက်ခံပေးထားသည့် အတိုက်အခံအုပ်စုက ထိုးနှက်စရာ ပြည်တွင်းနိုင်ငံရေး ပြဿနာတစ်ရပ် ဖြစ်လာသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၉  ရက်နေ့တွင် အစိုးရ လုံခြုံရေးတပ်များအပေါ်က ARSA ၏  ပထမဆုံးအကြိမ် ထိတွေ့တိုက်ခိုက်မှုအပြီးနောက် မြန်မာစစ်ဘက်ကက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ရာ ‘အပြန်အလှန် ပစ်ခတ်မှုများ’ နှင့် နောက်ဆက်တွဲ ရှင်းလင်းရေးကြောင့် ဒုက္ခသည် ၇၀,၀၀၀ မျှ ဘင်္ဂလားဒေ့ရှ်သို့ ရောက်သွားခဲ့သည်ကို ကြည့်လျှင် ယင်းအဖွဲ့သည် သြဂုတ်လ ၂၅ ရက် တိုက်ခိုက်မှုမျိုး ပိုမိုကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်ပါက ပိုမိုအားကောင်းသော တုံ့ပြန်မှုနှင့် ရင်ဆိုင်ရမည် ဆိုခြင်းကို ကြိုတင်မျှော်မှန်း မထားမိခဲ့ ဆိုခြင်းမှာ ယုံချင်စရာ မရှိဟု လေ့လာသုံးသပ်သူများက ဆိုသည်။

ယင်းအုပ်စု၏ ရည်ရွယ်ချက်မှာ ARSA ပြောသလို ဘင်္ဂါလီများကို ကာကွယ်ရန်ဟုဆိုလျှင် ၎င်းတို့၏ တိုက်ခိုက်မှုများမှာ ဆိုးဆိုးရွားရွား ရလဒ်ပြောင်းပြန် ထွက်ခဲ့သည်ဟု ဆိုရပေမည်။ သို့သော်လည်း စစ်သွေးကြွများသည် ဆန့်ကျင်ဘက်ရလဒ် ထွက်သွားသည့် အခြေအနေမှ ရရှိလာနိုင်သည့် ကျယ်ပြန့်သော အကျိုးကျေးဇူးများကို တွက်ဆပြီး ဖြစ်မည်မှာ သေချာနေသည်။ ဘင်္ဂါလီတို့၏ အတိဒုက္ခအပေါ် နိုင်ငံတကာက လူသိရှင်ကြား ဝန်းရံမှုမှာ မကြုံစဖူး အားကောင်းလှသလို အာရပ်နှင့် မွတ်ဆလင်ကမ္ဘာမှ အကျိုးဖြစ်ထွန်းဖွယ် အသစ်အသစ်သော၊ အလားအလာရှိသော ထောက်ပံ့မှုများလည်း ရလာနိုင်စရာ ရှိသလို ပိုများလာမည့် ဒေါသထွက်နေသော လူငယ်များကို အင်အားစုဆောင်းနိုင်လာမည်လည်း ဖြစ်သည်။

သို့သော်လည်း ဤအတ္တကြီးသည့် ကစားပွဲ၏ သားကောင်ဖြစ်ရသူများမှာမူ ပျက်စီးသွားသော နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်မှ စုတ်ပြတ်နုံချာသော ဒုက္ခသည်စခန်းများတွင် ချောင်ထိုးခံထားရသည့် သို့မဟုတ် ငရဲခန်း ပိုဆန်လာသော နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်မှ နေခင်းထိုင်ခင်း မသာသော အရပ်တွင် ပိတ်မိနေကြသည့် သိန်းနှင့်ချီသော ဘင်္ဂါလီများနှင့် အခြားလူမျိုးများသာ ဖြစ်ပေသည်။ 

Ref:Asia Times, The truth behind Myanmar’s Rohingya insurgency by Bertil Lintner



FOLLOW US