News

POST TAGGED AS

ဘင်္ဂါလီ

မောင်တောမြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်
ရန်ကုန်၊ ဩဂုတ် ၂၆

မောင်တောမြို့ပေါ်၌ ယနေ့ (ဩဂုတ် ၂၆ ရက်) နံနက်ပိုင်းတွင် ဘင်္ဂါလီ အကြမ်းဖက်များ ဝင်ရောက်လာသည့်အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များထံမှ သိရသည်။

ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့များသည် မောင်တောမြို့ပေါ်ထိ ချဉ်းကပ် ဝင်ရောက်လာခြင်းကြောင့် လုံခြုံရေး တပ်ဖွဲ့များက ခြောက်လှန့်ပစ်ခတ်ခဲ့ရကြောင်း မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောကြားသည်။

“ဘင်္ဂါလီတွေ မြို့နားထိ ဝင်လာလို့ ခြောက်လှန့်ပစ်ခတ်လိုက်ရတာ” ဟု ၎င်းကဆိုသည်။

ထို့ပြင် ယနေ့ (ဩဂုတ် ၂၆ ရက်) နံနက်ပိုင်း၌ မောင်တောခရိုင်အတွင်းရှိ မြို့သူကြီး ကျေးရွာ အပါအဝင် အခြား ဘင်္ဂါလီကျေးရွာများရှိ လက်လုပ်မိုင်း ပြုလုပ်သည့်နေရာများကို သတင်းရ၍ သွားရောက် နယ်မြေရှင်းလင်းစဉ် ဘင်္ဂါလီ အကြမ်းဖက်များက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ပြည်နယ်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဒေသအတွင်း အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုများကို တပ်မတော်က နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်နေပြီး ပိတ်မိနေသည့်ကျေးရွာများမှ ပြည်သူများကိုလည်း လုံခြုံရေးဖြင့် ကယ်ထုတ်နေရကြောင်း ပြည်နယ်အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဆိုသည်။

“မောင်တောဘက်မှ ဒီမနက် နှစ်ဖက်တိုက်ခိုက်မှုတွေ ဖြစ်တယ်။ တပ်မတော်က နယ်မြေရှင်းလင်းမှုတွေ လုပ်နေတယ်။ ပိတ်မိနေတဲ့ ရွာသားတွေကိုလည်း ကယ်ထုတ်နေရတယ်”ဟု ဦးတင်မောင်ဆွေက ရှင်းပြသည်။

သြဂုတ် ၂၅ ရက်တွင် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက ရဲကင်း၊ ရဲစခန်းများကို တစ်ချိန်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်မတော်သား ၁ ဦး ၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၁ ဦး ပေါင်း ၁၂ ဦး ကျဆုံးခဲ့ပြီး လက်နက်ငယ် ၆ လက်၊ လက်ကိုင် ဆက်သွယ်ရေးစက် ၁ လုံး ဆုံးရှုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများနှင့် ယင်းအကြမ်းဖက်သမားများအတွက် တာဝန်ရှိသော Arkan Rohingya Salvation Army (ARSA) တို့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သမ္မတရုံးက ကြေညာချက် ထုတ်ခဲ့သည်။

ထို့ပြင် အဆိုပါ တိုက်ခိုက်မှုကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တုံ့ပြန်သွားမည်ဖြစ်ကြောင်း အစိုးရက သတင်း ထုတ်ပြန်ခဲ့သည်။

J-08



FOLLOW US