News

POST TAGGED AS

ဘင်္ဂလားဒေ့ရှ်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကြား နေထိုင်သူများ နေရပ်ပြန်ပို့ရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည်
ရန်ကုန်၊ ဩဂုတ် ၁၁

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုးကြား မြန်မာပိုင်နက်ပေါ်တွင် နေထိုင်သူများအား နေရပ်ပြန်ပို့ရေး အစီအစဉ်ကို နှစ်နိုင်ငံအစိုးရသဘောတူညီမှုရခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Abul Hassan Mahmood Ali နှင့်အဖွဲ့ ရခိုင်ပြည်နယ် မောင်တောမြို့သို့ ဩဂုတ်လ ၁၁ ရက်နေ့က ရောက်ရှိလာခဲ့ခြင်းနှင့် ပတ်သက်၍ ၎င်းက ပြောကြားလိုက်ခြင်းဖြစ်သည်။

“အဲဒီနေရာမှာ နေထိုင်သင့်တဲ့ နေရာမဟုတ်ဘူး။ နေထိုင်ခွင့်လည်းမရှိတဲ့ နေရာဖြစ်တယ်။ နှစ်နိုင်ငံပူးပေါင်း နေရပ်ပြန်ပို့ဖို့ စီစဉ်မယ်။ သူတို့အတွက် ထောက်ပံ့ရေးကို မြန်မာဘက်က စီစဉ်မယ်။ သူတို့ နေရပ်ပြန်ပို့ဖို့ကို ဘင်္ဂလားဒေ့ရှ်ဘက်က စီစဉ်ပါမယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါအဖွဲ့သည် မောင်တောမြို့ရှိ ပြန်လည်လက်ခံရေးစခန်း၊ ငါးခူရ၊ တောင်ပြိုနှင့် လှဖိုးခေါင်ယာယီကြားစခန်း၊ ပန်းတောပြင် ဘင်္ဂလီကျေးရွာနှင့် ကိုင်းကြီးရှိ မြိုတိုင်းရင်းသားကျေးရွာများသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း ဒေါက်တာဝင်းမြတ်အေးက ရှင်းပြသည်။

“နှစ်နိုင်ငံသဘောတူညီချက်အတိုင်း ကျွန်တော်တို့ လက်ခံရေးစခန်းရယ်၊ ကြားစခန်း ဆောက်လုပ်ထားတာတွေနဲ့ ပြန်လည်ထူထောင်ရေးအတွက် ကြိုဆောက်လုပ်ထားတွေကို လိုက်ပြတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

ဩဂုတ်လ ၁၀ ရက်က နေပြည်တော် သင်္ဂဟဟိုတယ်တွင် ကျင်းပသည့် မြန်မာနိုင်ငံနှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဝန်ကြီးအဆင့် အစည်းအဝေးတွင် ၂၀၁၇ ခုနှစ်နိုဝင်ဘာလက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် အကောင်အထည်ဖော်မှုအစီအစဉ် (၈) ချက်ကို သဘောတူညီမှု ရရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

အစည်းအဝေးတွင် ကော့ (ဇ်) ဘဇားသို့ ထွက်ပြေးသွားသည် ရခိုင်ဒေသမှ နေရပ်စွန့်ခွာသူများကို ဆောလျင်စွာနေရပ်ပြန်ရန်၊ နှစ်နိုင်ငံဝန်ကြီးများကြား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အဆင်ပြေရန်အတွက် Hotline အမြန်ထူထောင်ထားပြီးကြောင်း၊ ကော့ (ဇ်) ဘဇားတွင် ရောက်ရှိနေသည် နေရပ်စွန့်ခွာသူများထံ ဖြန့်ဝေထားသည့် လက်ခံရေးပုံစံများတွင် ၎င်းတို့ ဆန္ဒအရနေရပ် ပြန်လည်ဝင်ရောက် သက်သေပြနိုင်ရန် လက်မှတ်၊ လက်ဗွေနှင့် ဓာတ်ပုံများ ထည့်သွင်းရန်၊ နယ်စပ်တွင် မူးယစ်ဆေးကုန်သွယ်မှု၊ ရောင်းဝယ်ဖောက်ကားမှု အများဆုံးနေရာ ဖြစ်သည့်အတွက် နယ်စပ်လုံခြုံရေးအတွက် နယ်ခြားစောင့်တပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှုအရှိန် မြှင့်တင်မည်ဖြစ်သည်။

ထိုအပြင် နှစ်နိုင်ငံ နယ်နိမိတ်မှတ်တိုင် ဘီပီ ၃၄ နှင့် ဘီပီ-၃၅ အကြားရှိ နယ်စပ်မျဉ်းအား နှစ်နိုင်ငံ ပူးတွဲစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန်လည်း သဘောတူညီမှုရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

“UNHCR ထုတ်ပေးတဲ့ ကတ်ပါ။ အဲဒီကတ်က ဒုက္ခသည်တွေပြန်လာရင် ပေးမယ့်ကတ်၊ အဲဒါကိုအဓိက အသုံးအနှုန်းတွေ ပြင်ပေးရမှာ detail ကျတယ်။ လ.ဝ.က သိတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က အဲဒီအသုံးအနှုန်းကို ပြင်ခိုင်းတာ၊ နောက်ပြီး နယ်စပ်မှာ မူးယစ်ဆေးမိတာ များတယ်။ နှစ်ဖက် ကုန်သွယ်ရောင်းချနေတယ်။ အဲဒါကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာသူများအား ထုတ်ပေးသည့် သက်သေခံလက်မှတ်ပေါ်တွင် အသုံးပြုထားသည့် အသုံးအနှုန်းအား ပြန်လည်ပြင်ဆင်ပေးရန် သဘောတူညီမှုရရှိခဲ့သည်။

ပြန်လည်လက်ခံရေး အစီအစဉ်တွင် သဘောတူညီမှုရ ရှိထားသည်အတိုင်း မြန်မာအစိုးရဘက်က ယာယီလက်ခံရေးစခန်း (၂) ခု ၊ ကြားစခန်း (၁) ခု ဖွင့်လှစ်ထားရှိသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ ယာယီစခန်း (၅) ခုအနက် စခန်း (၁) ခုသာ ဆောက်လုပ်ပြီးစီးထားပြီး ဆောက်လုပ်ဆဲ စခန်း (၁) ခုနှင့် ကျန်စခန်း (၃) ခုကို ဆောက်လုပ်ရန် ကျန်ရှိနေသေးသည်။

J-18,R22




FOLLOW US