POST TAGGED AS

ဘင်္ဂလားဒေ့ရှ်

ဒါကာတွင် ဆန္ဒပြသည့် ဘင်္ဂလားဒေ့ရှ်ကျောင်းသားများ အင်အားသုံးတိုက်ခိုက်ခြင်းခံရ၊ အမြောက်အမြား ဒဏ်ရာရ


ဒါကာ၊ ဩဂုတ် ၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျောင်းသားနှစ်ဦး ဘတ်စ်ကားတိုက်မိမှုကြောင့် သေဆုံးသွားပြီးနောက် လမ်းသွားလမ်းလာ အန္တရာယ်ကင်းဝေးရေးအတွက် ဆန္ဒပြခဲ့ကြသည့် ကျောင်းသားများနှင့် အခြားအင်အားစုများ ပဋိပက္ခဖြစ်ပွားရာ ကျောင်းသား ၂၅ ဦး ဒဏ်ရာရရှိသွားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

မြို့တော်ဒါကာရှိ လမ်းမများပေါ်တွင် ကျောင်းသားများက မီးပွိုင့်များကိုပိတ်ဆို့ ဆန္ဒပြခဲ့ကြသည်။ 

ယခု နောက်ဆုံးပဋိပက္ခကြောင့် ကျောင်းသားများဒဏ်ရာရရှိသွားမှုတွင် မည်သည့်အင်အားစုများက ကျောင်းသားများကို တိုက်ခိုက်ခဲ့သည်ဟူသော အချက်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။ 

သို့သော် ပြည်တွင်းမီဒီယာအချို့က အာဏာရနိုင်ငံရေးပါတီနှင့် ချိတ်ဆက်မှုရှိသော ကျောင်းသားအုပ်စုက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရေးသားဖော်ပြသည်။ 

ဘင်္ဂလားဒေ့ရှ်အစိုးရက ကျောင်းသားများ ဆန္ဒပြမှုကို အရှိန်လျော့ကျသွားစေရန် မိုဘိုင်းလ်ဖုန်းအင်တာနက်ချိတ်ဆက်မှုကို ဖြတ်တောက်ပစ်လိုက်သည်။ 

ဘင်္ဂလားဒေ့ရှ်သယ်ယူပို့ဆောင်ရေး ကဏ္ဍမှ လုပ်သမားများကလည်း ပြိုင်တူ ဆန္ဒပြမှုများပြုလုပ်လျက်ရှိသည်။ ဒါကာ အစိုးရကမူ ကျောင်းသားများအနေနှင့် ဆန္ဒပြမှုများရပ်ဆိုင်းပြီး စာသင်ခန်းသို့ ပြန်ကြရန် တိုက်တွန်းကြသည်။ 

အဆိုပါကျောင်းသားများဆန္ဒပြမှုနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးတစ်ဦးက ကျောင်းသားများသည် သူတော်ကောင်းဝင်လုပ်ခြင်းဖြစ်သည်ဟု ပုတ်ခတ်ပြောဆိုခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ယင်းသို့ပြောဆိုမှုအတွက် အနူးအညွတ်တောင်းပန်ကြောင်း ဖော်ပြခဲ့ပြန်သည်။ 

သတင်းဌာနများ ရေးသားဖော်ပြချက်အရ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့သည် မျက်ရည်ယိုဗုံးများနှင့် ရော်ဘာကျည်ဆန် များအသုံးပြုကာ ဆန္ဒပြလူအုပ်ကြီးကို လူစုခွဲရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ သို့သော် ရဲတပ်ဖွဲ့က ယင်းသတင်းမှာ မှန်ကန်ခြင်းမရှိဟု ငြင်းဆိုထားသည်။ 

ဘင်္ဂလားဒေ့ရှ် ဆရာဝန်တစ်ဦးက ဒဏ်ရာရသူဦးရေမှာ ၁၀၀ ကျော်ခန့်ပင် ရှိသည်ဟု AFP သတင်းဌာနသို့ ပြောကြားသည်။ ဒဏ်ရာရသူများ၏ အခြေအနေမှာ အလွန်အမင်းဆိုးရွားကြောင်း၊ အချို့၏ ဒဏ်ရာများမှာ ရော်ဘာကျည်ဆန်ကြောင့် ရရှိသည့်ဒဏ်ရာများဖြစ်သည်ဟု ၎င်းက ပြောကြားသည်။ 

ပြည်တွင်းမှ သတင်းစာဆရာများက ၎င်းတို့လည်း သတင်းရယူစဉ် ရိုက်နှက်ခြင်းခံခဲ့ရသည်ဟု BBC သတင်းဌာနသို့ ပြောကြားသည်။ ရိုက်နှက်သူများမှာ လက်ရှိအာဏာရပါတီနှင့် ချိတ်ဆက်မှုရှိသည့် ကျောင်းသားအဖွဲ့ဖြစ်သော ဘင်္ဂလားဒေ့ရှ်ချာထရာလိဂ်မှ အဖွဲ့ဝင်များဖြစ်သည်ဟု ဆိုသည်။ 

ထို့ပြင် အဆိုပါအဖွဲ့ဝင်များကသတင်း စာဆရာများ၏ ကင်မရာများကိုလည်း လုယူဖျက်ဆီးပစ်ခဲ့ကြသည်ဟု ၎င်းတို့က ဆိုသည်။ 

ဆန္ဒပြမှုပေါ်ပေါက်နေသည့် လမ်းမများပေါ်၌ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုနှင့် ထိကပါးရိကပါးလုပ်မှုများရှိသည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။ အမျိုးသမီးသတင်းထောက်တစ်ဦးကမူ ၎င်းသည် ပဋိပက္ခကို မှတ်တမ်းတင်ရိုက်ကူးရန် ကြိုးပမ်းနေစဉ် လိင်ပိုင်းဆိုင်ရာ ထိကပါးရိကပါးလုပ်ခြင်း ခံလိုက်ရသည်ဟု လူမှုကွန်ရက်တွင် ဖော်ပြသည်။

F-04



FOLLOW US