News

POST TAGGED AS

ဘင်္ဂလားဒေ့ရှ်

ဘင်္ဂလားဒေ့ရှ်တွင် ယာဉ်တိုက်မှုကြောင့် ကျောင်းသားနှစ်ဦး သေဆုံးသွားမှုအပေါ် ကျောင်းသားများ ဆန္ဒပြ


ဒက္ကား၊ ဩဂုတ် ၎

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘတ်စ်ကားတစ်စီးဝင်တိုက်မှုကြောင့် ဆယ်ကျော်သက်ကျောင်းသားနှစ်ဦး သေဆုံးခဲ့ပြီးနောက် ကျောင်းသား ထောင်ပေါင်းများစွာ လမ်းများပေါ်သို့ ထွက်လာကာဆန္ဒပြခဲ့ကြရာ အထက်တန်းကျောင်းများကို ပိတ်ထားလိုက်ရသည်ဟု Aljazeera သတင်းတွင် ဖော်ပြထားသည်။

ဘတ်စ်ကားတစ်စီး အရှိန်လွန်ဝင်တိုက်မှုကြောင့် ကျောင်းသားနှစ်ဦး သေဆုံးခဲ့ပြီးနောက် ကျောင်းသားထောင်ပေါင်းများစွာက ငါးရက်မြောက်အဖြစ် ဆန္ဒပြခဲ့ကြသည်။

ဆယ်ကျော်သက် ကျောင်းသားထောင်ပေါင်းများစွာသည် ကြာသပတေးနေ့က ဒက္ကားမြို့တော်တွင် မိုးများရွာသွန်းနေသည့်ကြားမှ တရားမျှတမှုကိုအလိုရှိသည်ဟု ကြွေးကြော်ချီတက်ခဲ့ကြရာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။

တနင်္ဂနွေနေ့က ဘတ်စ်ကားနှစ်စီး ခရီးသည်လုရန် အပြိုင်မောင်းရာမှ ဒီယာခါနမ်မင်းနှင့် အဗ္ဗဒူခါရင်ရာဂျစ်တို့ကို ဝင်တိုက်ပြီး သေဆုံးမှုဖြစ်ပွားခဲ့ရာမှ ကျောင်းသားများ၏ အမျက်ဒေါသများ ကြီးထွားလာခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းသတင်းများအရ ကျောင်း သားများသည် ခေါင်းဆောင်သူနှင့် ပြောရေးဆိုခွင့်ရှိသူ ရှိပုံမရသောကြောင့် ဆန္ဒပြမှုများသည် စနစ်တကျမရှိဘဲ တစ်နေရာစီ ပြန့်ကြဲနေသည်။

“ဒီလောက် မကြုံစဖူးများပြားတဲ့ ကျောင်းသားတွေကို လမ်းပေါ်မှာတစ်ခါမှ မတွေ့ဖူးဘူး။ ပြီးတော့ ဆန္ဒပြကျောင်းသားတွေကို သူတို့ရဲ့ အုပ်ထိန်းသူမိဘတွေက ဝန်းရံပေးထားကြတယ်” ဟု Aljazeera သတင်းထောက်က ဒက္ကားမှ သတင်းပေးပို့သည်။

ကျောင်းသားများသည် ၎င်းတို့၏ တောင်းဆိုချက်များကို မလိုက်လျောသရွေ့ လမ်းများပေါ်မှ ဖယ်ရှားပေးကြမည့်ပုံမရှိဟု သတင်းထောက်က သုံးသပ်သည်။

ဝန်ကြီးချုပ် ရှိတ်ဟက်ဆီနာက သေဆုံးသူကျောင်းသားနှစ်ဦး၏ မိဘများအား ဝမ်းနည်းစကားပြောကြားခဲ့ပြီး နစ်နာသူမိသားစုများဘက်မှ ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးဖြင့် ရပ်တည်သွားမည်ဟု ပြောကြားခဲ့ကြောင်းပြန်ကြားရေး အတွင်းဝန်က သတင်းထုတ်ပြန်သည်။ 

ဘင်္ဂလားဒေ့ရှ်၏ သယ်ယူပို့ဆောင်ရေးကဏ္ဍသည် အဂတိလိုက်စားမှု၊ အထိန်းအကွပ်မဲ့မှု၊ အန္တရာယ်ကြီးမှုများ ဖုံးအုပ်နေသည်ဟု ပြည်သူအများစုက သတ်မှတ်ထားကြသည်။

ထိုအတောအတွင်း ပို့ဆောင်ရေးအဖွဲ့အစည်းများကို ကိုင်တွယ်သောဝန်ကြီး ရှာဂျဟန်ခန်း၏ အပြောအဆိုကြောင့် လူထု၏ ထပ်မံဒေါသထွက်မှုများ ဖြစ်ပေါ်လာခဲ့သည်။

“အိန္ဒိယနိုင်ငံ မဟာရပ်စတြာမှာ ယာဉ်တိုက်မှုကြောင့် ၃၃ ဦးသေဆုံးခဲ့ပေမယ့် ဒီနိုင်ငံမှာလို ပြောဆိုမနေကြပါဘူး” ဟု ၎င်းက ပြောကြားခဲ့ရာလူထုက အမျက်ထွက်ခဲ့ပြီး ၎င်းက ပြန်လည်တောင်းပန်သည့်တိုင်အောင် နုတ်ထွက်ပေးရန် ဝိုင်းဝန်းတောင်းဆိုမှုများ ထွက်ပေါ်လာခဲ့သည်။

ဆန္ဒပြမှုများ စတင်ဖြစ်ပွားပြီးနောက်ပိုင်း မော်တော်ယာဉ် ၃၀၀ ကျော် ဖျက်ဆီးခံခဲ့ရသည်ဟု အာဏာပိုင်များက ပြောကြားသည်။

“လိုင်စင်မဲ့ယာဉ်တွေကို လမ်းပေါ်မှာ မတွေ့ချင်ပါဘူး။ မောင်းဖို့မသင့်တဲ့ ယာဉ်တွေကိုလည်း လိုင်စင်ထုတ်မပေးသင့်ပါဘူး။ အများပြည်သူပို့ဆောင်ရေးစနစ်မှာ အသက်မပြည့်တဲ့ ယာဉ်မောင်းတွေကို မလိုချင်ပါဘူး” ဟု ဆန္ဒပြကျောင်းသားတစ်ဦး ဖြစ်သူ မိုဟာမက်ဆီဖက်ကပြောကြားသည်။

ပြည်ထဲရေးဝန်ကြီး အဆာဒူဇာမန်ခန်းက ဘေးကင်းသောအများပြည်သူ ပို့ဆောင်ရေး အစီအစဉ်တစ်ခုကို စတင်ဆောင်ရွက်မည်ဟု ဗုဒ္ဓဟူးနေ့က ကတိပေးခဲ့ပြီး ဆန္ဒပြကျောင်းသားများအိမ်သို့ပြန်ကြရန် တိုက်တွန်းခဲ့သည်။

F-04



FOLLOW US