News

POST TAGGED AS

ဘင်္ဂလားဒေ့ရှ်

မူးယစ်ဆေးဝါးနှင့် ရာဇဝတ်ပြစ်မှုများ ထိန်းချုပ်ရန် နယ်ခြားစောင့်တပ်မှူးနှစ်ဦး ဆွေးနွေး
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်တွင် တရားမဝင်မူးယစ်ဆေးဝါးနှင့် ရာဇဝတ်ပြစ်မှုများ ထိန်းချုပ်ရန် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ရင်းမှူး နှစ်ဦးပါသည့် အဖွဲ့များ ဖေဖော်ဝါရီလ ၁၃ ရက် မွန်းလွဲပိုင်းက တွေ့ဆုံခဲ့ကြောင်း အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ်ထံမှ စုံစမ်းသိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးမှုကို မြန်မာဘက်ခြမ်း နယ်စပ်မှတ်တိုင် ၁၃/၁ အနီးရှိ ယာယီနားနေဆောင်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံနယ်စပ်စည်းမျဉ်းတစ်လျှောက် လုံခြုံရေးကွပ်ကဲမှုအပြင် ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်နေသည့် တရားမဝင် မူးယစ်ဆေးဝါးကုန်ကူးမှုကို တားဆီးဖြေရှင်းရန် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“နှစ်နိုင်ငံ နယ်စပ်မျဉ်းတစ်လျှောက်မှာ လုံခြုံရေးဆောင်ရွက်တဲ့ အပိုင်းရယ်။ နယ်စပ် မူးယစ်ဆေးမှောင်ခိုဈေးကွက်ကို နှစ်ဖက်ထိန်းချုပ်ဖို့တွေ ဆွေးနွေးတာပါ။ တစ်နာရီလောက် တွေ့ကြတယ်။ ဟိုဘက်က နယ်ခြားတပ်ရင်းမှူး တက်တယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို မြန်မာနိုင်ငံ နယ်စပ်လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်နေသော အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ဒုတိယရဲမှူးကြီး ဇေယျာလင်းနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်အမှတ် (၃၄) နယ်ခြားစောင့်တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မောန်ဇူရုပ်ဟာဆာန်ခါန်းတို့ ဦးဆောင်သည့် အဖွဲ့ဝင်များ ပါဝင်ကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်ထံမှ သိရသည်။

၂၀၁၇ ခုနှစ် ဩဂုတ်လတွင် မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲကင်းစခန်း ၃၀ ကို ဘင်္ဂါလီအကြမ်းဖက်သမားများက အလစ်အငိုက် တိုက်ခိုက်ခဲ့ပြီးနောက် နယ်စပ်လုံခြုံရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ရင်းမှူးနှင့် အပြန်အလှန်တွေ့ဆုံမှု ၃ ကြိမ်ရှိပြီဖြစ်ကြောင်း အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

“နယ်စပ်ခြံစည်းရိုး မိုင်တိုင်သုညအနားမှာ တဲထိုးနေနေတဲ့ ဘင်္ဂါလီတွေရှိတယ်။ အခုအချိန်အထိလည်း နေရပ်စွန့်ခွာနေတဲ့ အုပ်စုတွေရှိတယ်။ လုံခြုံရေးအဖွဲ့က တားဆီးပေမယ့် သူတို့ သဘောဆန္ဒအလျောက် ထွက်ခွာနေတာဖြစ်တယ်လို့ ဆွေးနွေးဖြစ်တယ်”ဟု နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ လုံခြုံရေးရဲအရာတစ်ဦးက ဆိုသည်။

လက်ရှိတွင် နေရပ်စွန့်ခွာသည့် ဘင်္ဂါလီများပြန်လည်လက်ခံရန် လှဖိုးခေါင်စခန်းအပါအဝင် စခန်းသုံးခုကို မောင်တောခရိုင်အတွင်း ဖွင့်လှစ်ပြီးဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက နှစ်နိုင်ငံသဘောတူညီထားသည့် ဇန်နဝါရီလ ၂၃ ရက်မှစ၍ ဖေဖော်ဝါရီ ၁၄ ရက်အထိ ပို့ဆောင်ခြင်းမရှိသေးကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ထို့အပြင် ဖေဖော်ဝါရီ ၁ ရက်မှ ၁၄ ရက်အတွင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသော ဘင်္ဂါလီပေါင်း ၂၀၀၀ ခန့်ရှိပြီး ၎င်းတို့ကို လာရောက်ခေါ်ဆောင်သည့် စက်လှေများလည်း နေ့စဉ် နီးပါးရှိနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ 

J-17



FOLLOW US