News

POST TAGGED AS

ဘင်္ဂလားဒေ့ရှ်

ဘင်္ဂလားဒေ့ရှ်သို့သွားရန် နယ်စပ်၌ ဘင်္ဂါလီ ၈၀၀ ကျော် ထပ်ရောက်
စစ်တွေ၊ ဖေဖော်ဝါရီ ၁၂

ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်စပ် ဂေါ်ဒူသာရချောင်းဝ ကင်းစခန်းအနီး ပင်လယ်ကမ်းခြေတွင် ဖေဖော်ဝါရီလ ၁၁ ရက် ည ၇ နာရီက နေရပ်စွန့်ခွာ ဘင်္ဂါလီ ၈၀၀ ကျော် ရောက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြောင်းရွှေ့လာသော ဘင်္ဂါလီများမှာ အမျိုးသား ၄၆၀ ကျော်နှင့် အမျိုးသမီး ၄၀၀ ကျော်တို့ ပါဝင်ပြီး ဘူးသီးတောင်မြို့နယ် သပိတ်တောင်၊ ဒိုးတန်း အပါအဝင် ကျေးရွာ ၁၃ ရွာမှ နေထိုင်သူများဖြစ်ကြောင်း၊ ယင်းအပြင် ရသေ့တောင်မြို့နယ် ညောင်ပင်ကြီးကျေးရွာမှ ဘင်္ဂါလီတစ်ဦးလည်း ပါဝင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဘင်္ဂါလီများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းရာ အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် စားဝတ်နေရေးနှင့် အလုပ်အကိုင် အခက် အခဲရှိသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားရန်အတွက် စိမ်းညှင်းပြာတောင်ကျော်လမ်းအတိုင်း ထွက်ခွာလာသည်ဟု ဖြေဆိုကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှ သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၁၀ ရက်က ဘင်္ဂါလီ ၁၀၀ ခန့်က စက်လှေနှစ်စင်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားကြောင်း၊ လက်ရှိယင်းကမ်းခြေတွင် အမျိုးသား ၅၉၁ ဦး၊ အမျိုးသမီး ၅၄၇ စုစုပေါင်း ၁၁၄၈ ဦးတို့ နေထိုင်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

အကြမ်းဖက်ဖြစ်စဉ်ကြောင့် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် ဟိန္ဒူဘာသာဝင်များနှင့် ဘင်္ဂါလီလူမျိုးများကို ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံသဘောတူညီချက်အတိုင်း မြန်မာနိုင်ငံ အစိုးရဘက်က ဆောင်ရွက်ပြီးသော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ အဆင်သင့်မဖြစ်သေးသဖြင့် လက်ခံနိုင်ခြင်းမရှိသေးကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။

မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမည့်သူများကို ကုန်းလမ်းမှ တောင်ပြိုလက်ဝဲ လက်ခံရေးစခန်းနှင့် ရေလမ်းမှ ငါးခူရလက်ခံရေးစခန်းများကို ဖွင့်လှစ်ထားသည်။

ဘင်္ဂါလီများနေထိုင်ရာသို့ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်မေးမြန်းရာ ၎င်းတို့က စားဝတ်နေရေးနှင့် အလုပ်အကိုင်အဆင်မပြေခြင်းကြောင့် မိမိဆန္ဒအလျောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားလိုခြင်းဖြစ်သည်ဟု ဖြေကြားကြောင်း မောင်တောခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက ပြောကြားသည်။ 

“ကျွန်တော်တို့ နှင်ထုတ်တာလည်း မဟုတ်ဘူး၊ ဒီမှာနေရင် နှိပ်စက်လို့လား၊ အတင်းအကျပ်ခိုင်းလို့ မေးတော့လည်း မဟုတ်ဘူးပြောတယ်၊ နိုင်ငံသားလည်းမဟုတ်တော့ သူတို့သဘောနဲ့သွားကြတာ မတားပါဘူး”ဟု ၎င်းက ဆိုသည်။ 

အဆိုပါ နတ်မြစ်ကမ်းခြေမှ စက်လှေဖြင့် တစ်နာရီကြာ သွားရောက်ပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

R-22



FOLLOW US