News

POST TAGGED AS

ဘင်္ဂလားဒေ့ရှ်

နယ်စပ်ဆက်ဆံရေးရုံးများဖွင့်ရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် လက်မှတ်ထိုး

နေပြည်တော်၊ အောက်တိုဘာ ၂၄

ရခိုင်ပြည်နယ် အကြမ်းဖက်ခံရမှုကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံတွင် အခြေချ နေထိုင်ခဲ့ဖူးသူများကို ပြန်လည် ခေါ်ယူရေးနှင့် နယ်စပ် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်အပါအဝင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပူးပေါင်း လုပ်ဆောင်ရန် အချက် ၁၀ ချက်ကို MoU လက်မှတ်ရေးထိုးလိုက်သည်။

နှစ်နိုင်ငံဆွေးနွေးမှုကို နေပြည်တော်ရှိ Horizon Lake View Resort နှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့တွင် နှစ်ဖက် အဆင့်မြင့် အရာရှိများ၊ နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးများ တွေ့ဆုံ၍ အထက်ပါအတိုင်း ရေးထိုးလိုက်ခြင်း ဖြစ်သည်။

ယင်းအချက် ၁၀ ချက်မှာ နယ်စပ်လုံခြုံရေး၊ အကြမ်းဖက်မှု ပပျောက်အောင် ဆောင်ရွက်နိုင်ရေး၊ နယ်စပ် ဆက်ဆံရေးရုံးများ တည်ဆောက်ရေး၊ တရားမဝင် နယ်စပ် ဖြတ်ကျော်ဝင်ရောက်မှုကို တားဆီးရေး၊ နိုင်ငံသား ဟုတ် မဟုတ် စိစစ်လက်ခံရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် အပြန်အလှန် အလည်အပတ် သွားရောက်နိုင်ရေး၊ မြန်မာနိုင်ငံသားများ ဝင်ရောက်မှု ရပ်တန့်ရန်နှင့် ဘင်္ဂလားဒေ့ရှ်တွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား စောနိုင်သမျှ ပြန်လည်ခေါ်ယူ နေရာချထားပေးရေးတို့ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင်မြင့်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတွင် နေထိုင် အခြေချသည့်သူများကို ပြန်လည် စိစစ်လက်ခံခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားဆိုသည့် အသုံးအနှုန်းဖြင့် ပြန်ခေါ်ယူခြင်း မဟုတ်ကြောင်း၊ ဒုက္ခသည်ဟု ပြောဆိုဆွေးနွေးမှု မရှိကြောင်း နိုင်ငံဖြတ်ကျော် မှုခင်းဌာနကြီးမှူး ရဲမှူးချုပ် အောင်ဌေးမြင့်က ပြောသည်။

ယင်းအပြင် နယ်စပ်ဒေသ တည်ငြိမ်ရေးကို ထိန်းသိမ်းခြင်း၊ လုံခြုံရေးအခန်း ကဏ္ဍနှင့် နယ်စပ်ဒေသတစ်လျှောက် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် နားလည်မှု မြှင့်တင်ရန်၊ အကြမ်းဖက် တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် တိုက်ဖျက်ရေး၊ နယ်စပ်ဖြတ်ကျော်မှုများ တိုက်ဖျက်ရေးတို့ကို နှစ်နိုင်ငံကြား ဆွေးနွေးခဲ့ကြကြောင်း ဦးတင်မြင့်က ဆိုသည်။

ပြန်လည် လက်ခံရေးကိစ္စတွင် ၁၉၉၃ ခုနှစ်က ပြန်လည် လက်ခံခဲ့သော အချက်များကိုအခြေခံ၍ ပြန်လည် လက်ခံရန် နှစ်ဦး သဘောတူထားပြီး အခြေခံ အဆောက်အဦများ တည်ဆောက် သွားရမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးသည် အောက်တိုဘာ ၂၅ တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဦးမည် ဖြစ်သည်။

S-01



FOLLOW US