News

POST TAGGED AS

ဘင်္ဂလားဒေ့ရှ်

ဒေါ်စောမြရာဇာလင်း ခင်ပွန်းကို ဘင်္ဂလားဒေ့ရှ် အစိုးရ ဖမ်းဆီး
ရန်ကုန်၊ အောက်တိုဘာ ၂၂

ရခိုင်လွတ်မြောက်ရေး ပါတီ (ALP)  အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဒေါ်စောမြရာဇာလင်း၏ အမျိုးသား ဦးဦးချစ်မောင်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက နိုင်ငံတော် ဆန့်ကျင်ပုန်ကန်နိုင်သည့် လက္ခဏာရှိသူဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးထားကြောင်း ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတစ်ဦးဖြစ်သည့် ဦးဦးချစ်မောင်ကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်နေစဉ် ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးအဖွဲ့က ဒါကာ လေဆိပ်တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် မိသားစုနှင့် အဆက်အသွယ် ပြုလုပ်ခွင့်ရရှိခဲ့ပြီး ဦးဦးချစ်မောင်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အန္တရာယ်ပြုနိုင်သူ ဆန့်ကျင်ပုန်ကန်နိုင်သည့် လက္ခဏာရှိသူ စသည့် စွပ်စွဲချက်များဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လာမည့် အောက်တိုဘာလ ၂၃ရက်တွင် ဒါကာ တရားရုံးတွင် ရုံးထုတ်မည်ဖြစ်ကြောင်း ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

“ကျွန်မတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နေထိုင်ခဲ့တာ အနှစ် သုံးဆယ်ကျော်ပြီ အစိုးရ အဆက်ဆက် နေခဲ့တာ။ အခုက နယ်စပ်ပြဿနာတွေနဲ့ စပ်ဆက်ပြီး ဖမ်းတာလို့ ယူဆတယ်။ ကျွန်မတို့ ALP က ငြိမ်းချမ်းရေးကိုပဲ အဓိက လုပ်နေတာပါ။ နယ်စပ် ပြဿနာတွေကို တစ်ခါမှ ဝင်မပါပါဘူး”ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းရာတွင် ဘင်္ဂလားဒေ့ရှ်ရှိ အရေးကြီးသည့် အဖွဲ့အစည်းတစ်ခုက ဖမ်းထားခြင်းဖြစ်ပြီး မည်သည့်အဖွဲ့က ဖမ်းဆီးစေခဲ့ခြင်းကို ထုတ်ဖော်ခြင်း မရှိခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဦးဦးချစ်မောင်သည် ယင်းဖမ်းဆီးမှု မတိုင်ခင်က မြန်မာနိုင်သို့ နှစ်လတစ်ကြိမ်ခန့် အရပ်ဘက် ဖောင်ဒေးရှင်း လုပ်ငန်းတစ်ခုဖြင့် လာရောက်လေ့ရှိသူတစ်ဦးလည်းဖြစ်ပြီး ယင်းအကြိမ်များတွင် မည်သည့် ပြဿနာမှ မရှိခဲ့ကြောင်း ဒေါ်စောမြရာဇာလင်းက ဆိုသည်။

ဦးဦးချစ်မောင်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာဝင် တစ်ဦးလည်းဖြစ်ပြီး ၁၉၇၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်လပ်ရေး တိုက်ပွဲများတွင် ပါဝင်ခဲ့ခြင်းကြောင့် အစိုးရက လွတ်လပ်ရေး တိုက်ပွဲများတွင် ဝင်ရောက်တိုက်ခိုက်ခဲ့၍ လွတ်လပ်ရေး သူရဲကောင်းဆုဖြစ်သည့် Freedom Fighter ဆုကို ရရှိထားသူတစ်ဦးလည်း ဖြစ်သည်။

ထို့ပြင် ဦးဦးချစ်မောင်သည် လက်ရှိ  အာဏာရဝန်ကြီးချုပ်နှင့်လည်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသူတစ်ဦးလည်းဖြစ်ကာ ၎င်း၏ ကိုယ်ရေးအရာရှိထံ ဆက်သွယ်၍ အကူအညီ တောင်းထားကြောင်း ယင်းမိသားစုထံမှ သိရသည်။

J-08



FOLLOW US