News

POST TAGGED AS

ဘင်္ဂလားဒေ့ရှ်

16-Sep-2017

ရခိုင်အရေး
ရခိုင်ပြည်နယ် အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီ ရခိုင်သို့ ကွင်းဆင်းမည်
ရန်ကုန်၊ စက်တင်ဘာ ၁၆

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီသည် စက်တင်ဘာလ ၁၈ ရက်တွင် ရခိုင်ပြည်နယ်သို့ ကွင်းဆင်းမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး အမြဲတမ်း အတွင်းဝန် ဦးစိုးအောင်က ပြောကြားသည်။

မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက်များနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များထဲမှ ချက်ချင်း အကောင်အထည် ဖော်နိုင်သည့်ကိစ္စများကို သိရှိနိုင်ရန် ကွင်းဆင်းလေ့လာခြင်း ဖြစ်သည်။

ကော်မတီသည် စက်တင်ဘာလ ၁၈ နှင့် ၁၉ ရက်များတွင် ရခိုင်ဒေသရှိ နေရပ်စွန့်ခွာ ဒုက္ခသည် IDP စခန်းများ၊ ပုဏ္ဏာကျွန်း၊ မောင်တော၊ ဘူးသီးတောင် တိုင်းရင်းသားရွာများကို နှစ်ရက်တာ သွားရောက် ကွင်းဆင်း လေ့လာမည်ဖြစ်ကြောင်း ဦးစိုးအောင်က ပြောကြားသည်။

“ပြည်သူ့အသံ နားထောင်မယ်။ မြေပြင်မှာ ချက်ခြင်းလုပ်ပေးနိုင်မယ့်အရာတွေ ဘာတွေရှိလဲဆိုတာကို သိဖို့ သွားပါမယ်”ဟု ၎င်းက ဆိုသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင် အကြံပြုချက် ၄၈ ချက်နှင့် ကိုဖီအာနန်း ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အကြံပြုချက် ၈၈ ချက်ကို ဆောင်ရွက်နိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီကို စက်တင်ဘာလ ၁၂ ရက်က ဖွဲ့စည်းခဲ့သည်။

ဝန်ကြီးဌာန ဆယ်ခုကျော်ဖြင့် ဖွဲ့စည်းထားသည့် အကောင်ထည်ဖော် ဆောင်ရွက်ရေး ကော်မတီသည် ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်းစစ်ဆေးရာတွင် သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောကြားသည်။

အကောင်ထည်ဖော် ဆောင်ရွက်ရေး ကော်မတီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဥက္ကဋ္ဌ တာဝန်ယူထားပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးညီပုက ပူးတွဲ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး၊ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန ဆယ်ခုကျော်က ကော်မတီဝင်များဖြင့် ပါဝင်ဖွဲ့စည်းထားသည်။

J-18



FOLLOW US