News

POST TAGGED AS

ဘင်္ဂလားဒေ့ရှ်

ရေရှည် စဉ်းစားရမည့် ရခိုင်မြောက်ပိုင်းဒေသ လုံခြုံရေးအစီအမံနှင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် ပုလိပ်တပ်ရင်းများ
စာရေးသူအနေနှင့် လက်ရှိဖြစ်ပေါ်နေသော ဘင်္ဂါလီ ဆူပူအကြမ်းဖက်မှုနှင့်ပတ်သက်၍ အာဏာပိုင်များ စဉ်းစားရန်အလို့ငှာ၊ The Voice Daily သတင်းစာတွင် ဆောင်းပါးသုံးပုဒ်အား ရေးသားဖော်ပြခဲ့ပါသည်။ DVB ရုပ်မြင်သံကြားမှလည်း စာရေးသူနှင့် Interview လုပ်ခဲ့ပါသည်။ ထိုအင်တာဗျူးတွင် ယခုအကြမ်းဖက်ဆူပူမှုသည် ရေရှည်စစ်ပွဲ (Protracted War) အသွင်ဆောင်လိမ့်မည်ဟု ပြောခဲ့ပါသည်။

သို့ပါ၍ ပညာရှင်တစ်ဦး အနေနှင့် အမျိုးသား အကျိုးစီးပွားကိုရှေးရှု၍ တည်ဆဲအစိုးရအား အကြံဉာဏ်များ ပေးလိုလှပါသည်။ သို့ပါ၍ ရေရှည် စစ်ပွဲအသွင်ဆောင်လာပါက မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို ရေးသားတင်ပြခြင်း ဖြစ်ပါသည်။

ဘင်္ဂါလီအကြမ်းဖက်မှုကို ပိုင်းခြားစိတ်ဖြာသော် အောက်ပါ ထူးခြားသော လက္ခဏာများအား တွေ့ရပါသည်။ (၁) ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ဘင်္ဂါလီများသည် လူများစုဖြစ်ခြင်း၊ (၂) ၎င်းတို့ ကိုးကွယ်သောဘာသာမှာ အစ္စလာမ်ဘာသာထဲမှ ဆွန်နီဂိုဏ်းဖြစ်ခြင်း၊ အခြားဂိုဏ်းကွဲမရှိခြင်း၊ (၃) အစ္စလာမ်ဘာသာတွင် ဂျီဟတ်ခေါ် ဘာသာရေးစစ်ပွဲ အယူအဆရှိခြင်း၊ (၄) ကမ္ဘာပေါ်တွင် လူဦးရေ အတန်အသင့် များပြားသော ဘာသာတူ အစ္စလာမ်ဘာသာဝင်များ ရှိသဖြင့် နိုင်ငံတကာမှ အထောက်အပံ့ ရနိုင်ခြင်း၊ (၅) ၎င်းတို့မှာ တိုင်းရင်းသား လက်နက်ကိုင်များကဲ့သို့ ပြည်ထောင်စုအတွင်းမှ ခွဲမထွက်ဟူသော မူဝါဒမချမှတ်ဘဲ ဘာသာရေးအခြေခံ အစွန်းရောက် အကြမ်းဖက်သမားများ ဖြစ်နေခြင်း။

အထက်ပါ အခြေအနေများကို ထောက်ရှု၍ ဘင်္ဂါလီတို့၏ ရေရှည် အကြမ်းဖက်မှုသည် အောက်ပါ သွင်ပြင်လက္ခဏာများအတိုင်း ဖြစ်ပေါ်လာစေမည်။ (က) ဘင်္ဂါလီများကြားတွင် သဘောတရားရေး (ဘာသာတူ ရည်မှန်းချက်များ) အရ နိုင်ငံရေး၊ လူမျိုးရေး၊ ထောက်ခံမှု ရရှိလိမ့်မည်။ (ခ) သဘောထားကွဲသူ၊ ပျော့ပျောင်းသူ၊ ဘင်္ဂါလီများကို သတ်ဖြတ်၍  အကြောက်တရားနှင့် ဘင်္ဂါလီအုပ်စုအပေါ် လွှမ်းမိုးမည်။ (ဂ) တိုင်းရင်းသားများကို သတ်ဖြတ်ပြခြင်းကြောင့် တိုင်းရင်းသားများအား နေရပ်ကို စွန့်ခွာစေမည်။ (ဃ) အပြည်ပြည်ဆိုင်ရာ အထောက်အပံ့အတွက် ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ရခိုင် မောင်တောနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဆုံရာ သုံးပွင့်ဆိုင် နယ်မြေတွင် အခြေခံစခန်း (Base) တည်ဆောက် မည်။ ထိုစခန်းအတွက် ထောက်ပံ့ရေး ဝန်ထုပ်ဝန်ပိုး ရှောင်ရှားရန် စခန်းခွဲ၊ စခန်းထောက်များကို မောင်တော မြောက်ပိုင်း မေယုတောင်တန်းတွင် တည်ဆောက်လိမ့်မည်။ ထိုနယ်မြေကို အခြေခံစခန်းပြုလုပ်နိုင်လျှင် AA မှတစ်ဆင့် CNF နယ်မြေကိုဖြတ်လျက်၊ ကေအိုင်အေ၊ ထိုမှတစ်ဆင့်ခံ၍ “ဝ”နယ်မြေအထိ လမ်းကြောင်း ဖောက်နိုင်လျှင်၊ ငွေရှိသော ဘင်္ဂါလီတို့အဖို့ “ဝ”နယ်မြေမှ ထုတ်လုပ်သော လက်နက်ငယ်နှင့် ကျည်ဆန်ခဲယမ်းများ ရရှိသွားနိုင်သည်။

သို့ပါ၍ အစိုးရအဖို့ အောက်ပါ မဟာဗျူဟာ ရည်မှန်းချက်များကို ချမှတ်ရပါတော့မည်။
(က) ဘူးသီးတောင်နှင့် မောင်တောတွင် တိုင်းရင်းသား လူနေ သိပ်သည်းမှုထုကို ပြန်လည်တည်ဆောက်ရေး

(၁) အလုပ်အကိုင်ဖန်တီးပေးရေး 

(၂) လုံခြုံမှုအပြည့်အဝပေးရေး

(ခ) ချင်းတောင် ပလက်ဝ၊ မောင်တောနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အခြေခံစခန်း တည်ဆောက်မှု မပြုနိုင်စေရန်။

(၁) ဝန်းရံပိတ်ဆို့မှု (Blockade) ပြုလုပ်ခြင်း၊

(၂) နယ်မြေစိုးမိုးမှု ရယူနိုင်ရန် တိုက်ကင်းလှည့် (Patroling) ခြင်း၊

(၃) ရန်သူ့သတင်း ရရှိရေးအတွက် ထောက်လှမ်းရေးကွန်ရက် (Inteligence Networks) တည်ဆောက်ခြင်း။

(၄) လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေခြင်း။

(ဂ) ဆူပူမှု၏ အကြောက်တရား (Causes) များ ပျောက်ကွယ်စေရန် (သို့မဟုတ်) ထွက်ပေါက်ပေးရန်

(၁) ပညာတတ်ပြီး ကြောင်းကျိုးဆင်ခြင်မှု ဆင်ခြင်တုံတရားပွားများမှသာ အစွန်းရောက်တရားများကို ရှောင်ရှားနိုင်မည်ဖြစ်၍ ဘင်္ဂါလီများအား ပညာရေးကို အားပေးစေခြင်း။

(၂) အကြမ်းဖက်သမား သန္ဓေအုပ်စု (Cells) များအား ဖော်ထုတ်ရှင်းလင်းစေရန်နှင့် ဘင်္ဂါလီအုပ်ချုပ်ရေးမှူးအား အကာအကွယ်ပေးရန် ဘင်္ဂါလီကျေးရွာ လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးခြင်း။

(၃) ဘင်္ဂါလီများ သွားလာလှုပ်ရှားမှုတွင် လုံခြုံရေးတာဝန်ရှိသူများက စောင့်ကြပ်ကြည့်ရှုနိုင်မည့် (Monitoring System) တစ်ခု ချမှတ်ပြီး ထိုစနစ်အတွင်း ၎င်းတို့အတွက် အကောင်းဆုံးဖြစ်စေရန် (ဥပမာအားဖြင့် မလေးရှားသို့ သွားလိုပါက လုံခြုံရေးတာဝန်ရှိသူများက တရားမဝင် ကြီးကြပ်ပြီး မြန်မာနိုင်ငံ နယ်နိမိတ်အဆုံးအထိ လိုက်ပါပို့ဆောင်ပေးစေရန်) [မှတ်ချက်။ စာရေးသူအား အမျိုးမျိုး ဝေဖန်နိုင်ပါသည်။ သို့သော် ဤအချက်သည် တကယ့်အမှန်တရား (Naked Truth) ဖြစ်သည်။]

(၄) မြန်မာနိုင်ငံ အရှေ့တောင်ဘက် နယ်စပ်ဒေသရှိ ဒုက္ခသည်များအား ဥရောပနှင့် အမေရိကန်နိုင်ငံများသို့ ပြောင်းရွှေ့စေရေး ဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ်အတိုင်းပင် မောင်တောဒေသရှိ ဘင်္ဂါလီများအား (ယခုမြန်မာနိုင်ငံအပေါ် ကန့်ကွက်နေကြသည့်) အစ္စလာမ်နိုင်ငံများသို့ ပြောင်းရွှေ့နိုင်စေရေး လက်ခံနိုင်မည့် အခြေအနေများကို ဆွေးနွေးစေရန်။

(၅) ဆူပူအကြမ်းဖက်မှုဖြင့် မည်သည့်နိုင်ငံရေးရလဒ်မှ ရနိုင်မည် မဟုတ်ကြောင်း၊ တရားဥပဒေ စိုးမိုးမှုကို ခံယူခြင်းဖြင့်သာ ရေရှည်တွင် နိုင်ငံသားရရှိရေးကို စဉ်းစားခံရမည်ဖြစ်ကြောင်း၊ ဝါဒဖြန့်ချိရန်၊ အသိပညာပေးရန်။

မဟာဗျူဟာ ရည်မှန်းချက်များ ချမှတ်ပြီးပါက နည်းဗျူဟာဆိုင်ရာ ချဉ်းကပ်မှု (Tactical Approach) ကို ဆောင်ရွက်ရပါတော့မည်။

ပြည်ထောင်စုအစိုးရအနေနှင့် နယ်စပ်ခြံစည်းရိုး အပေါက်အပြဲများ ပြင်ဆင်ရန်၊ အပြည့်အစုံ ကာရန်အတွက် ဘဏ္ဍာငွေကြေးသုံးစွဲတော့ မည်ဆိုသည်ကိုလည်း (၈.၉.၂၀၁၇) ထုတ်သတင်းစာတွင် ဖတ်ရှုရသည်။ ဤနည်းမှာ ရေစီးရာမြောင်းကို တမံပိတ်၍ ကာသောနည်းဖြစ်ပါသည်။ ထိုနည်းကိုလည်း လုပ်ဆောင်ရမည်။ လုပ်ဆောင်သင့်ပါသည်။

အဓိကကျသည်ဟု စာရေးသူ ယူဆသော နည်းတစ်နည်းမှာ ချောင်းငယ်တစ်ခုမှ စီးဆင်းနေသော ရေအဟုန်သည် ထိုချောင်းစီးဝင်ရာ မြစ်အတွင်း ရေနည်းပါးနေပါက မြန်ဆန်စွာ စီးဝင်ပေလိမ့်မည်။ ပင်မမြစ်ကြီးထဲတွင် ရေထုထည်ပမာဏ များပြားနေပါက ရေမစီးနိုင်တော့ဘဲ ရပ်တန့်သွားပါမည်။ ချောင်း/မြောင်းတို့သည် ပင်လယ်ထဲတွင် ပျောက်ပျက်သွားလိမ့်မည်။ ဆိုလိုသည်မှာ မောင်တောမြို့နယ်တွင် တိုင်းရင်းသား လူဦးရေ ထူထပ်နေလျှင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတွက် လုံခြုံပါလိမ့်မည်။ သို့ပါ၍ မောင်တောတွင် လူတံတိုင်း တည်ဆောက်ရတော့မည်။ ထိုသို့ လူတံတိုင်း ဆောက်ရန်အတွက် အရေးကြီးဆုံးမှာ လုံခြုံရေးနှင့် အလုပ်အကိုင်ဖြစ်ပါသည်။ အလုပ်အကိုင် ရရှိရန်အတွက် ချက်ချင်း လုပ်နိုင်သည်မှာ အိန္ဒိယ၏ ကျောက်မီးသွေးကို အခြေခံ၍ သန့်စင်ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံငယ်တစ်ခုကို စစ်တွေတွင် အမြန်ဆုံး တည်ဆောက်ကာ မောင်တော အပါအဝင် ရခိုင်မြောက်ပိုင်းတွင် အလုပ်အကိုင် ဖန်တီးပေးရန်ဖြစ်ပါသည်။ လူအင်အား သုံးရသော အထည်ချုပ်စက်ရုံကဲ့သို့ စက်ရုံများ တည်ဆောက်ရန် လိုပါသည်။ မြန်မာအစိုးရကို အပြစ်ပြောနေသော အရှေ့အလယ်ပိုင်းမှ ကြွယ်ဝသောနိုင်ငံများအနေနှင့် ဝင်ရောက် ကူညီနိုင်ပါလိမ့်မည်။ တိုင်းရင်းသားများလည်း ပွားများစေ၊ ဘင်္ဂါလီများလည်း အလုပ်အကိုင် ရစေဟူ၍ ဖြစ်ပါသည်။

လုံခြုံရေးအတွက်မှာ ထိုဒေသရှိ ရန်သူပုံစံမျိုးအတွက် တပ်မတော်အား တည်ဆောက်ထားခြင်းမဟုတ် တစ်ဖက်ကလည်း နိုင်ငံတော်၏ ဘဏ္ဍာငွေ သုံးစွဲနိုင်မှုကို ငဲ့ကွက်ရမည်ဖြစ်ရာ စစ်တစ်ပိုင်းပြည်သူ့စစ် (ခေါ်) Paramilitary Militia သည်သာ အသင့်တော်ဆုံးဖြစ်သည်။

စာရေးသူအနေနှင့် ၁၉၈၁ မှ ၁၉၈၇ အတွင်း တောင်ပိုင်းတိုင်းစစ်ဒေသ၊ ကျောက်ကြီးမြို့နယ်တွင် ရရှိခဲ့သော အတွေ့အကြုံအရ -

- သေနတ် ၁၀ လက်ရှိသောရွာတွင် အင်အား ၃၀ ရှိသော ပြည်သူ့ စစ်တပ်ဖွဲ့ကို အင်အားစုဖွဲ့ တည်ဆောက်ပါ။ မိမိ ထမင်းစားရသော လုပ်ငန်းကို နှစ်ရက်လုပ်ပြီးလျှင် တစ်ရက်ကို လုံခြုံရေး တာဝန်ယူရန်။

-  ထိုတစ်ရက်အတွက် လစာမဟုတ်သော ထောက်ပံ့ကြေးတစ်ခုပေးပါ။ ထောက်ပံ့ကြေး မပေးပါက ရွာသူရွာသားများအပေါ် အလှူခံကြေး၊ ဆက်ကြေး ကောက်လာနိုင်သည်။ ရေရှည်တွင်လူထု၏ ယုံကြည်ကိုးစားမှု ပျက်မည်။ 

- ပြည်သူ့စစ်အင်အားများကို စုစည်း၍ တပ်ဖွဲ့ကြီးအသွင် မတည်ဆောက်ပါနှင့်၊ လော်စစ်ဟန်၊ ခွန်ဆာတို့ကဲ့သို့ စစ်ဘုရင်များ ပေါ်လာမည်။ မာဖီးယားဂိုဏ်းအသွင် ဆောင်လိမ့်မည်။ ကွပ်ကဲမှုကို မြန်မာနိုင်ငံရဲ (သို့မဟုတ်) တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်များက တာဝန်ယူပါ။ ယူနစ်အသေးများအသွင်ထားပါ။ အရေးပေါ်၍ ယူနစ်ကြီးအဖြစ်စုဖွဲ့ပါက နိုင်ငံ့ဝန်ထမ်းများမှသာ ကွပ်ကဲသင့်သည်။

- မောင်တောနှင့် ဘူးသီးတောင်တို့တွင် နယ်မြေခံ ပုလိပ်တပ်ရင်းများ ဖွဲ့စည်းခြင်း။ အမေရိကန်နှင့် ဗြိတိသျှတို့ ဦးဆောင်သော မဟာမိတ်များမှ ဒုတိယအကြိမ်မြောက် အီရတ်စစ်ပွဲကို ဆင်နွှဲခဲ့ပါသည်။ အမေရိကန် သမ္မတဂျော့ဘွတ်ရှ် (ဂျူနီယာ)နှင့် အင်္ဂလန်ဝန်ကြီးချုပ် တိုနီဘလဲယားတို့လက်ထက် ဖြစ်ပါသည်။ အမေရိကန်တို့က ဘဂ္ဂဒက်ကိုဗဟိုပြု၍ နိုင်ငံတစ်ခြမ်းအား ထိန်းသိမ်းထားချိန်တွင် ဗြိတိသျှတို့က နိုင်ငံ၏ တောင်ဘက်ခြမ်းအား ထိန်းသိမ်းထားခဲ့ပါသည်။ ဘာဆရာကိုအခြေပြုသော ဗြိတိသျှတို့၏ ငြိမ်ဝပ်ပိပြားရေး လုပ်ငန်းများသည် အမေရိကန်တို့ထက် ပိုမို၍ အောင်မြင်ခဲ့ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဗြိတိသျှတို့သည် သောင်းကျန်းမှု နှိမ်နင်းရေး အတွေ့အကြုံများပြီး အထူးသဖြင့် မြန်မာနှင့် ဗြိတိသျှအိန္ဒိယ အင်ပိုင်ယာခေတ် အာဖဂန်နစ္စတန်စစ်ပွဲများ၏ အတွေ့အကြုံကို အသုံးချခဲ့သည်ဟု သိရပါသည်။

ယနေ့ မြန်မာအစိုးရအနေနှင့်လည်း ထိုအတွေ့အကြုံများကို ပြန်လည် အသုံးချရမည် ဖြစ်ပါသည်။ ဗြိတိသျှတို့ ၁၈၂၆ ခုနှစ်တွင် ရန္တဗိုလ်စာချုပ်အရ ရခိုင်နှင့် တနင်္သာရီကို ရရှိသည့်အခါ ရခိုင်တွင် အာရကန် ပုလိပ်တပ်ရင်း (Arakan Police Battalion) နှင့် မော်လမြိုင်တွင် တလိုင်းတပ်ရင်း (Talaing Police Battalion) တို့ကိုဖွဲ့စည်းကာ နယ်မြေထိန်းသည့် လုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ အောင်မြင်ခဲ့ပါသည်။ [မှတ်ချက်။ တလိုင်း ဟု သုံးစွဲခြင်းမှာ မူရင်းအတိုင်း ယူထားခြင်းဖြစ်ပါသည်။]

၁၈၅၂ ခုနှစ် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်အပြီးတွင် ပုသိမ်၊ ပြည်၊ ဟင်္သာတ၊ မအူပင် (သုံးခွ) ခရိုင် စသည်တို့တွင် နယ်မြေခံများကို မူတည်၍ ဗမာအများစုဖြင့် ရဲတပ်ခွဲများ (Police Companies) များကို ဖွဲ့စည်းခဲ့ပါသည်။ နောက်ဆုံးအဆင့်အားဖြင့် ရခိုင်ရိုးမ၊ ပြည်၊ တောင်ငူနယ်ခြားမျဉ်းတစ်လျှောက် မြောက်ဘက်ပိုင်း မြန်မာဘုရင့်တပ်ဖွဲ့များနှင့် ရင်ဆိုင်ရသည့် နယ်ခြားစောင့်ပုလိပ်တပ်ဖွဲ့များကိုပင် ဗမာတို့ဖြင့် ဖွဲ့စည်းခဲ့ပါသည်။

ရခိုင်မြောက်ပိုင်းနှင့် ရခိုင်ပြည်သည် မြန်မာပြည်မကြီးအတွင်းရှိ တစ်ဆက်တစ်စပ်တည်းသော နယ်မြေဖြစ်သည်။ အမေရိကန်တို့ကဲ့သို့ ပစိဖိတ်သမုဒ္ဒရာကြီးကိုဖြတ်ကာ ဗီယက်နမ်တွင် လာရောက်တိုက်ခိုက်ရခြင်းမဟုတ်။ မိမိတို့ကို ထောက်ခံမည့် ပြည်သူများက စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြေပုံ/မင်းပြား စသည်တို့တွင် လူ “ထု”နှင့် “အရံ”ရှိနေသည်။

နယ်ခြားစောင့်ရဲတပ်ရင်းတွင် တာဝန်ထမ်းဆောင်ရမည်ဆိုပါက မြန်မာပြည်အတွင်းပိုင်း ဇာတိဖွားများအနေနှင့် မသွားချင်သူများရှိသည်။ မိဘများ၊ ဇနီးများ၊ သားသမီးများကလည်း ဟိုလူလိုက်ပြော၊ ဒီအရာရှိတင်ပြ စသည်ဖြင့် လိုလိုလားလားမရှိကြ၊ ဒေသခံလူငယ်များဖြင့် ရဲတပ်ရင်းဖွဲ့စည်းလျှင် ထိုပြဿနာကင်းပျောက်သွားမည်။ ၎င်းတို့အား နှစ်တိုသုံးနှစ်ခန့်သာ တာဝန်ထမ်းဆောင်စေသင့်သည်။ ဆန္ဒမရှိလျှင် သုံးနှစ်ဖြင့် ထွက်ခွင့်ပေးရမည်စသည်ဖြင့် ဥပဒေစည်းကမ်း ထုတ်ပြန်လျှင် တာဝန်ထမ်းဆောင်မည့်သူ များလာမည်။ သီပေါမင်း ပါတော်မူပြီးနောက် မိတ္ထီလာမှ မြန်မာဘုရင် မြင်းတပ်စာရေး (မြင်းစာရေး (သို့) တပ်ရေး) ဦးထွန်းအေး၊ ရွှေဘိုမြင်းတပ်နယ်မှ မြင်းစီးမောင်ထွန်း (မြင်းတပ် ဗိုလ်မောင်ထွန်း)တို့မှာ အင်္ဂလိပ်တို့၏ ဥပဒေဖြင့် အုပ်ချုပ်မှုကို သဘောကျကာ လူစု၍ ရှိမ်းမကား ဗိုလ်ရိုင်ကဲ့သို့ မြန်မာမျိုးချစ်များကို နှိမ်နင်းခဲ့ပါသည်။ ၎င်းတို့အား နယ်မြေခံပုလိပ် (Local Police)ဖွဲ့ပြီး သာယာဝတီမင်းလက်ထက် ဝယ်ယူထားပြီး မန္တလေးနန်းတွင်းမှ သိမ်းယူခဲ့သော အင်္ဂလန်ထုတ် (Enfield Musket) ခေါ် တစ်ဆင့်နိမ့် တစ်လုံးထိုး သေနတ်များကို ထုတ်ပေးခဲ့ပါသည်။ ၎င်းတို့၏ အဓိကတာဝန်မှာ မြန်မာမျိုးချစ်တို့အား တိုက်ခိုက်ရန်မဟုတ်ပါ။ သတင်းပေးရန်သာ ဖြစ်ပါသည်။ 

ဗြိတိသျှတို့၏ အတွေ့အကြုံအရ မငြိမ်းချမ်းသောဒေသ၏ နယ်ပိုင်၊ အရေးပိုင် စသော မြို့ပြဝန်ထမ်းများသည် တပ်မတော် အရာရှိများ ဖြစ်သင့်သည်။ ထင်ရှားသောသက်သေမှာ ဗိုလ်ဆွန်ပက်ကို တိုက်ခိုက်ခဲ့သည့် ကပ္ပတိန်ရိုက်သည် နောင်တွင် သရက်ခရိုင် အရေးပိုင်အဖြစ် တာဝန်ပေးခံရသည်။ စစ်ဘက်အရာရှိများက မြို့ပိုင်၊ နယ်ပိုင်တာဝန်ယူပြီး ၎င်းတို့၏အောက်တွင် ဒေသခံများဖြင့် ဖွဲ့စည်းထားသည့် စစ်ရဲတပ်ရင်း (Military Police) နှင့် ရွာအလိုက် ပြည်သူ့စစ်တပ်ဖွဲ့များရှိလျှင် ဒေသခံများ စိတ်ချ လက်ချနေနိုင်ပါလိမ့်မည်။ လူတံတိုင်းကြီးသည်လည်း ပိုမို၍ ပီပြင်လာပါမည်။

ဤနေရာတွင် လွှတ်တော်၏ကဏ္ဍ ပါဝင်လာသည်။ လမ်းစဉ်ပါတီခေတ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ တိုက်ပွဲကျပါက မည်သည့် ခံစားခွင့်မျှမရ၊ ထိုအခါ နယ်မြေခံ တပ်ရင်းမှူးများက မကြည့်ရက်သဖြင့် စစ်ဆင်ရေး အထမ်းသမားအဖြစ် လိမ်ညာပြကာ ကရုဏာကြေး တောင်းပေးရသည်။ (ထိုကြားထဲမှပင် ဘားအံမြို့နယ်၊ ဝါးဘိုးတောသကဆဖမှ ကိုဟင်္သာ စသည့် ကရင်လူမျိုး သူရဲကောင်း မှတ်တမ်းဝင်များပင် ပေါ်ထွက်လာခဲ့သည်။) သို့ပါ၍ လွှတ်တော်မှ ဥပဒေပြဋ္ဌာန်းကာ အသက်စွန့်၊ ကိုယ်လက်အင်္ဂါ စွန့်ရသော ပြည်သူ့စစ်တပ်ဖွဲ့များကို တပ်မတော်သားများအတိုင်း ခံစားခွင့်ပေးစေလိုသည်။ အာဇာနည်အဖြစ် ဂုဏ်ပြုမခံရဘဲ မဖြစ်လောက်သော ငွေပမာဏဖြင့် မိသားစု အသက်ဆက်ရေးအတွက် အထမ်းသမား တစ်ဦးအဖြစ် ကျဆုံးခဲ့ရသော ယခင်ပြည်သူ့စစ်ရဲဘော်ဟောင်းကြီးများကဲ့သို့ မဖြစ်စေလိုပါ။ ပြည်သူ့စစ်ဥပဒေပြဋ္ဌာန်းပေးပါက တပ်မတော် တပ်ရင်း/တပ်ဖွဲ့များ၏ ကုန်ကျစရိတ်အတိုင်း မကုန်ကျတော့ဘဲ ထိရောက်စွာဖြင့် ပြည်သူကို ကာကွယ်နိုင်ပါတော့မည်။ သို့ပါ၍ အချုပ်ကိုပြောရလျှင်

(က) ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့၏ တြိဂံနယ်မြေတွင် ဘင်္ဂါလီ အကြမ်းဖက်သမားများ အခြေခံစခန်း မတည်ဆောက်နိုင်ရန်။

(၁) မေယုတောင်ပေါ်ရှိ မြိုနှင့် ခမီရွာများတွင် ပြည်သူ့စစ်တပ်ဖွဲ့ငယ်များ ဖွဲ့စည်းပါ။

(၂) ဘင်္ဂါလီရွာများကြားတွင် ရခိုင်များရှိပါက ထိုရွာကို ဝါးခြံစည်းရိုးခတ်ပါ။ ပြည်သူ့စစ်ဖွဲ့ပါ။ 

(ခ) ဘင်္ဂါလီကျေးရွာများထဲမှာ အကြမ်းဖက်မှု မလိုလားသူများ၊ တွန်းလှန်သူများအား စုစည်းရွေးချယ်ပြီး အုပ်ချုပ်ရေးအဖွဲ့ဖွဲ့ပါ။ အုပ်ချုပ်ရေးမှူးခန့်ပါ။ ၎င်းကိုကာကွယ်ရန် ဘင်္ဂါလီရွာသားများထဲမှ နိုင်ငံတော်၏ ထောက်ပံ့ကြေးဖြင့် ဓား/လှံကိုင် ဘင်္ဂါလီလုံခြုံရေးအဖွဲ့ ဖွဲ့ပေးပါ။ (ဤအချက်သည် အလွန်အရေးကြီးပါသည်။ ဘင်္ဂါလီများအား ဘင်္ဂလားဒေ့ရှ် မှလည်းလက်မခံသဖြင့် မောင်းထုတ်၍မရပါ။ ထိရောက်သော အုပ်ချုပ်ရေးစနစ်ရှိပါက ရဲများ၊ စစ်သည်များ မလိုတော့ပါ။ နိုင်ငံတော်အစိုးရ၏ အာဏာဖြန့်ဝေစရာ နောက်ဆုံးနေရာသည် ဘင်္ဂါလီကျေးရွာ အုပ်ချုပ်ရေးမှူးများ ဖြစ်သည်ကို လက်ခံပါ။) ထိုသို့ မကာကွယ်ပေးခဲ့၍ အုပ်ချုပ်ရေးမှူးများ လည်ပင်းလှီးခံရပြီး အကြမ်းဖက်သမားများ လုပ်ချင်သလို လုပ်သွားနိုင်ခဲ့သည်ကို သတိရပါ။) နောက်ဆုံး ဩဂုတ်လအတွင်း ရဲစခန်း  ၃၀ ခန့် တိုက်ခိုက်ခံရသည်ကိုပင် သတင်းမရရှိခဲ့။ ဘင်္ဂါလီများမှာ နိုင်ငံသား များမဟုတ်သဖြင့် လက်နက်တပ်ဆင်ရန်မဖြစ်နိုင်။ သို့သော် ဗြိတိသျှတို့မှ မြန်မာပုလိပ်အဖွဲ့အား အင်္ဂလန်လုပ် တူမီး တစ်ချက်ထိုးသေနတ်များ တပ်ဆင်ခဲ့လျှင် ဘင်္ဂါလီထဲမှ သစ္စာခံများရွေးပြီး ဓား၊ လှံတို့ဖြင့် အုပ်ချုပ်ရေးမှူးများ၏ အမာခံများအဖြစ် ဖွဲ့စည်းနိုင်ပါသည်။ ထိုသို့ဆိုပါက သတင်းရရှိပါမည်။ ထိုဘင်္ဂါလီလုံခြုံရေးအဖွဲ့ကိုသာ ဓား/လှံ ကိုင်စေပါ။ ကျန် ဓား/လှံမျာကို လာရောက်၍ အပ်နှံစေရန် ကြော်ငြာပါ။ ကျန်ရွာသား အားလုံး လက်နက်ဖြုတ်သိမ်းပါ။ (Disarm) လုပ်ပါ။ လက်ရောက်မိပါက အရေးယူပါ။

(ဂ) မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်တို့တွင် မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးမှူးနေရာများတွင် ရဲအရာရှိများ၊ တပ်မတော်အရာရှိ များက တာဝန်ယူပါ။

(ဃ) ၎င်းတို့အတွက် လက်ဝယ်ထားပြီး လှုပ်ရှားနိုင်သည့် ဒေသန္တရ ရဲတပ်ရင်းကို ဒေသခံ လူငယ်များဖြင့် ဖွဲ့စည်းပါ။ (နှစ်တိုလုပ်သက် သတ်မှတ်ပါ။ ပျော်လျှင် ဆက်လုပ်ခွင့်ပေးပါ)

(င) ကျဆုံး/ဒဏ်ရာရ ပြည်သူ့စစ်များကို တပ်မတော်သားအတိုင်း ခံစားခွင့်ပေးမည့်ဥပဒေကို လွှတ်တော်က ပြဋ္ဌာန်းပါ။ တာဝန်ထမ်းဆောင်မှုအတွက် ထောက်ပံ့ကြေး အနည်းငယ်ပေးပါ။ (လစာပေးရန် မလိုပါ။ ပင်စင်ပေးရန် မလိုပါ။)

ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးကို ပိုင်နိုင်စွာ ကွပ်ကွဲနိုင်မှသာ ဗဟိုအစိုးရအမိန့်များ ထိရောက်ပါလိမ့်မည်။ သို့ပါ၍ တစ်နိုင်ငံလုံးရှိ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အာဏာ/လုပ်ပိုင်ခွင့်ရှိရန်လိုသည်။ သို့ပါ၍ ဧည့်စာရင်းဥပဒေကို ပြန်လည် ပြဋ္ဌာန်းပါ။ ထောင်ဒဏ်တော့ မသတ်မှတ်ပါနှင့်၊ ငွေဒဏ်၊ လုပ်အားပေးဒဏ်ဆိုလျှင် လုံလောက်ပါသည်။ နိုင်ငံတွင်း သို့ အကြမ်းဖက်သမားများ စိမ့်ဝင်ရန် ခက်ခဲသွားမည်။ 

(စ) နိုင်ငံတော်အစိုးရအတွက် အသက်စွန့်သွားရသူ ဘင်္ဂါလီ အုပ်ချုပ်ရေးမှူးများ၏ ကျန်ရစ်သူမိသားစုများကို သစ္စာရှိဘင်္ဂါလီများအဖြစ် နိုင်ငံသားများအဖြစ် ခွင့်ပြုခြင်းဖြင့် (ရဲရဲကြီး) အသိအမှတ်ပြုပါ။ ထိုသို့ အသိအမှတ်ပြုခြင်းအားဖြင့် အစ္စလာမ်ဘာသာရေးကို စော်ကားသည်ဟူသော ကမ္ဘာအနှံ့ ဝါဒဖြန့်တိုက်ကွက်ကြီး ကျိုးသွားမည်။ ဘာသာရေးနှင့်မဆိုင်ဘဲ နိုင်ငံတော်အပေါ် သစ္စာခံမှု မခံမှုဖြင့်သာ သက်ဆိုင်ကြောင်း၊ အုပ်ချုပ်ရေးကိစ္စသာ ဖြစ်ကြောင်း ကမ္ဘာသို့ပြသရာ ရောက်သည်။

(ဆ) မြန်မာနိုင်ငံအား ရှုတ်ချနေသော မော်လဒိုက်၊ တူရကီကဲ့သို့ နိုင်ငံများနှင့် အစ္စလာမ်နိုင်ငံများအနေနှင့် လေလှိုင်းဝါဒ ဖြန့်နေမည့်အစား စစ်တွေတွင် သန့်စင်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံငယ်တစ်ခု တည်ဆောက်ပြီး မောင်တောသို့ ဓာတ်အားလိုင်း သွယ်တန်းပေးခြင်းဖြင့် အစ္စလာမ်ဘာသာဝင်၊ ဘင်္ဂါလီများ အပါအဝင် ရခိုင်ရှိ လူအားလုံးအား ချစ်ကြောင်းပြသပါ။ (ဤကိစ္စသည် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံအတွက် တင်ပြစရာ လက်နက်ကြီးတစ်ခု ဖြစ်နိုင်သည်။)

(ဇ) ကျေးရွာများရှိ ဖွဲ့စည်းတော့မည့် ရခိုင်ပြည်သူ့စစ်အားလုံးအတွက် “နိုင်ငံတော်၏ တရားဝင် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော တပ်/ရဲ”တို့မှအပ ကျန်သော လက်နက်ကိုင်များအား လက်ခံမည်မဟုတ်ကြောင်း ကျမ်းသစ္စာပြုပါစေ။

နိဂုံးချုပ် ပြောလိုသည်မှာ စာရေးသူတင်ပြပါသော အချက်အလက်များသည် စိတ်ကူးယဉ်ဆန်သော အချက်မဟုတ်ပါ။ စာဖတ်သော၊ လက်တွေ့ကျကျ၊ ရိုးရိုးကလေး၊ မှန်ကန်စွာ တွေးတတ်သော ဗြိတိသျှ အရာရှိကြီးများ၏ မှတ်တမ်းမှတ်ရာများမှ ယူထားခြင်းဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေနှင့် စမ်းသပ်စေလိုပါသည်။

ဒေါက်တာအောင်မျိုး



FOLLOW US