News

POST TAGGED AS

ဗုံးသီး

01-Apr-2018

မြိတ် ဗုံးသီး
အိမ်သာတွင်းတူးရာမှ ဗုံးသီးအဟောင်း ၄၀ လုံးကျော် တွေ့ရှိ


မြိတ်၊ မတ် ၃၁ 

မြိတ်မြို့ ကလွင်နယ်မြေ တတ္ကသိုလ် ရပ်ကွက် ကုန်းမြင့်သာယာလမ်းတွင် မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက အိမ်သာတွင်းမြေတူးရာမှ ဗုံးသီးအဟောင်း ၄၀ လုံးကျော် တွေ့ရှိခဲ့ကြောင်း ယင်းနယ်မြေ အုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုးထံမှ သိရသည်။

နေအိမ်ဆောက်လုပ်ရာတွင် မြေတူးသမားများက အိမ်သာတွင်းတူးရင်း စစ်ကျန်ဗုံးသီးများကို တွေ့ရှိခဲ့ကြောင်းကို ရုံးသို့အကြောင်းကြားသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သွားကြည့်ခဲ့ရာ ဗုံးသီး ၂၀ လုံးကျော်မှာ မြေပြင်ပေါ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုးက ပြောပြသည်။

“မြေတူးပြီးတော့ တစ်ပတ်လောက် နားထားသေးတယ်။ အခုလက်ကျန် ကျင်းတွေ လာတူးတော့ ဗုံးတွေကို တွေ့ရတယ်”ဟု မြေတူးလုပ်ငန်းလုပ်ကိုင်သူ ဦးသန်းလှိုင်က ပြောသည်။

မြေတူးသမားများက တူးဖော်တွေ့ရှိထားသည့် ဗုံးသီး ၂၀ လုံးအပြင် အမှတ် ၉၁၈ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ တာဝန်ရှိသူများက ဆက်လက်တူးဖော်ခဲ့ရာ စုစုပေါင်း BA 100 အမျိုးအစား ဗုံးသီး ၄၃ လုံး၊ ၆၀ မမ ဗုံးသီးတစ်လုံးနှင့် ဒသမ ၅ အမျိုးအစား ကျည်ခွံ ၄ ခုတို့အား တွေ့ရှိခဲ့ရကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“ဗုံးပစ်တဲ့လောင်ချာနဲ့ ပစ်ရတဲ့ ဗုံးသီးတွေပါ။ ဂျပန်ခေတ်ကလည်း ဖြစ်နိုင်တယ်။ ခန့်မှန်းလို့ မရဘူး”ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးအေးမင်းက ပြောသည်။ 

လက်ရှိတွင် တူးဖော်တွေ့ရှိခဲ့သည့် ဗုံးသီးအဟောင်းများအား အမှတ် ၉၁၈ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းက ထိန်းသိမ်းစောင့်ရှောက်ထားပြီး လုပ်ထုံးလုပ်နည်းအရ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့မရဲစခန်းမှ သိရသည်။

Dawei Watch



FOLLOW US