News

POST TAGGED AS

ဗုံးကွဲမှု

စစ်တွေမြို့ပေါက်ကွဲမှုတွင် သံသယရှိသူ ရှစ်ဦးကို ဒုတိယအကြိမ် ရမန်ယူ
ရန်ကုန်၊ မတ် ၁၅

စစ်တွေမြို့ မိုင်းပေါက်ကွဲမှုများတွင် သံသယဖြင့် ဖမ်းဆီးထားသူရှစ်ဦးကို ပထမအကြိမ် ချုပ်ရမန်ပြည့်ပြီဖြစ်သောကြောင့် ဒုတိယအကြိမ် ချုပ်ရက်ရမန်နှစ်ပတ် ထပ်ယူထားကြောင်း ရခိုင်ပြည်နယ် ရဲမှူးကြီးအောင်မြတ်မိုးက ပြောကြားသည်။

ဟုတ်ပါတယ်၊ နောက်ထပ်ရမန် ထပ်ယူထားတယ်၊ ဒါကလည်း ရဲလုပ်ထုံးလုပ်နည်းအရ လုပ်သင့်တာကို လုပ်တာပဲလေ”ဟု ရဲမှူးကြီးအောင်မြတ်မိုးက ဆိုသည်။

ဖေဖော်ဝါရီလ ၂၄ ရက် စစ်တွေမြို့ နေရာသုံးခု၌ ဖြစ်ပွားခဲ့သော မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ ဒေသခံကိုးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ပြီး တစ်ဦးကို ပြန်လွှတ်ပေးခဲ့ကာ ကျန်ရှစ်ဦးကို မတ်လ ၁၂ ရက်က ဒုတိယအကြိမ် ချုပ်ရမန်ယူခဲ့ခြင်း ဖြစ်သည်။

ရခိုင်အမျိုးသားကောင်စီ (ANC) အဖွဲ့ဝင် ကိုနိုင်စိုးအပါအဝင် ကျန်ရှိသူတို့ကို ဖေဖော်ဝါရီလ ၂၆ ရက်က စစ်တွေမြို့နယ်တရားရုံး၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က) (ဈ) တို့ဖြင့် မတ်လ ၁၂ ရက်ထိ ချုပ်ရမန်ယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖမ်းဆီးခံထားသူများကို သက်သေမရှိပါက အမြန်ဆုံးပြန်လည်လွှတ်ပေးသင့်ပြီး ၎င်းတို့၏ ကျန်းမာရေးကို စိုးရိမ်ကြောင်း မိသားစုဝင်များက ပြောကြားသည်။

“ဘာသက်သေမှ မတွေ့ရင်လည်း ပြန်လွှတ်ပေးပါ။ ကျွန်မအမျိုးသားဆိုရင် သူတို့ခေါ်သွားကတည်းက ကျန်းမာရေးကောင်းတာမဟုတ်ဘူး။ အခုဆိုရင် ရက်တွေကလည်း တော်တော်ကြာနေပြီလေ”ဟု ဖမ်းဆီးခံရသူ ဦးမောင်မြင့်ကြည်၏ ဇနီးဖြစ်သူ ဒေါ်ဝင်းခင်က ဆိုသည်။

စစ်တွေမြို့ ပြည်တော်သာရပ်ကွက်ရှိ ပြည်နယ်အစိုးရအတွင်းရေးမှူး ဦးတင်မောင်ဆွေ၏ နေအိမ်၊ ပြည်နယ် တရားလွှတ်တော်ချုပ်ရုံးအနီးနှင့် ပြည်နယ်မြေစာရင်းရုံးအနီးတို့တွင် ဖေဖော်ဝါရီလ ၂၄ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့သော မိုင်းသုံးလုံး ပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဝေလင်း



FOLLOW US