News

POST TAGGED AS

ဗီယက်နမ်

လှေကားတစ်ထစ် ပညာရေး


ဟောင်သီဟောင်သည် ကျောင်းထွက်သွားရသည်။ သူ နောက်ဆုံးတက်ခဲ့ရသည့် အတန်းက ၈ တန်းဖြစ်သည်။ သူ့အသက် ၁၄ နှစ်သမီးအရွယ်က ထွက်ခဲ့ရခြင်းဖြစ်သည်။ ကျောင်း တက်ခဲ့သည့် ကာလတွေကို သူမမေ့။ ယနေ့တိုင် ကျောင်းနှင့်ဝေးခဲ့ရသည်ကို သူနောင်တရနေသည်။ သူကျောင်းနှင့် ဝေးကွာခဲ့ရသည်မှာ ၁၄ နှစ်ရှိခဲ့ပြီ။

သောင်သည် ဗီယက်နမ်နိုင်ငံမြောက်ပိုင်း၊ နင်းဘင်ကျေးရွာလေးတွင် နေခဲ့ရသည်။ သူ့ မောင်နှမသုံးယောက် ကျောင်းဆက်တက်နိုင်ရန် သူကျောင်းထွက်ခဲ့ရခြင်း ဖြစ်သည်။ မိဘများက ဆင်းရဲသောကြောင့် အစ်မကြီးဖြစ်သူ သောင်က အနစ်နာခံလိုက်ရသည်။

ကျောင်းထွက်ခဲ့ပြီးနောက် သောင်သည် ဟနွိုင်းမြို့တော်ကြီးကို ပြောင်းလာခဲ့သည်။ မြို့တွင် အလုပ်လုပ်ပြီး ရွာက မိသားစုတွေကို ပြန်ထောက်ပံ့ရသည်။ ဟနွိုင်းတွင် အလုပ်စုံလျှောက်လုပ်ရင်းက ကံကောင်းသည်ဟု ဆိုရမည် ဟနွိုင်းရှိ အချက်အပြုတ် သင်တန်းတစ်ခုကို တက်ခွင့်ရသွားသည်။ သင်တန်းက သူတို့ကို အခကြေးငွေမယူ။ စေတနာဖြင့် ပညာဒါနပြုခြင်းဖြစ်ပြီး ထိုသင်တန်းက တတ်မြောက်လာသည့် ပညာဖြင့် သောင်သည် စားဖိုမှူးတစ်ယောက် ဖြစ်လာရသည်။ 

ပညာကိုလိုလားသည့် သောင်သည် ကြိုးစားပြီး မိမိလုပ်ငန်းနှင့် ပတ်သက်သည်များကို လေ့လာသည်။ သင်တန်းတွင် အထူးချွန်ဆုံး ကျောင်းသူတစ်ယောက်လည်း ဖြစ်ခဲ့သောကြောင့် ဟနွိုင်းရှိ ကြယ်သုံးပွင့်ရ ဟိုတယ်ကြီးတစ်ခုတွင် စားဖိုမှူးအလုပ်ရခဲ့သည်။ “ကျွန်မပညာကို ဆက်ပြီးတော့ လေ့လာချင်ပါတယ်။ ကျွန်မသူငယ်ချင်းတွေ ကျောင်းသွားတာကိုကြည့်ပြီး ငိုခဲ့ရတာတွေ ကုန်ဆုံးပါပြီ။ ကျွန်မ ကျောင်းဆက်မတက်နိုင်ခဲ့ပေမယ့် သူငယ်ချင်းတွေဆီကနေ ရသလောက်လေ့လာတယ်။ စာအုပ်တွေဖတ်တယ်”ဟု သူက ဆိုသည်။

သောင်သည် ဗီယက်နမ်နိုင်ငံ၏ သန်းပေါင်းများစွာသော ပညာတစ်ပိုင်းတစ်စနှင့် ကျောင်းထွက်သွားရသူများထဲက တစ်ဦးဖြစ်သည်။ သို့သော် ကျောင်းထွက်သွားရသူ အများစုမှာ သောင်လောက်တော့ ကံမကောင်း။ သင်တန်းတက်ခွင့်လေး ရလိုက်ခြင်းကို သူ့ဘဝကြီးတစ်ခုလုံး ပြောင်းလဲသွားစေရန် သောင်က ဖန်တီးနိုင်သဖြင့်သာ အခွင့်အလမ်းတစ်ခုကို ဆုပ်ကိုင် နိုင်ခဲ့ခြင်းဖြစ်သည်။ 

၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်သော UNICEF ၏ အစီရင်ခံစာအရ ဗီယက်နမ်နိုင်ငံတွင် အသက် ၅ နှစ်မှ ၁၄ နှစ် အတွင်း ကလေးပေါင်း ၁ ဒသမ ၁ သန်းကျော်မှာ ကျောင်းမပြီးဘဲ ကျောင်းထွက်ကုန်ကြရကြောင်း သိရသည်။ ထိုအထဲတွင် ကျောင်းမတက်ဖူးသူတွေလည်း ပါသည်။ 

ဗီယက်နမ်ပညာရေးနှင့် လေ့ကျင့်ရေးဝန်ကြီးဌာနက နိုင်ငံအတွင်း ကျောင်းမပြီးဘဲ ထွက်သွားရ နှုန်းများသည် ကျဆင်းနေပြီဟု ထုတ်ပြန်ကြေညာခဲ့သည်။ မူကြိုအရွယ် အသက် ၅ နှစ် ကျောင်းမတက်နိုင်နှုန်းမှာ သုည ဒသမ ၂ ရာခိုင်နှုန်းခန့်သာရှိပြီး၊ မူလတန်းအဆင့်တွင် ၁ ဒသမ ၁၆ ရာခိုင်နှုန်း၊ အလယ်တန်းအဆင့် အသက် ၁၄ နှစ်အရွယ်တွင် ၁၆ ရာခိုင်နှုန်း၊ အထက်တန်းအဆင့် အသက် ၁၉ နှစ်တွင် ၃၉ ရာခိုင်နှုန်းဟု ဆိုထားသည်။ 

UNICEF ၏ ဆန်းစစ်ချက်တွင် ဗီယက်နမ်ပညာရေးသည် ကလေးများနှင့် မိဘများ၏ လိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်မှုတွေက များနေပြီး၊ ပညာရေးစနစ်နှင့် အစိုးရ၏ အထောက်အပံ့ဘက်က အားရစရာမကောင်းပုံများကို ထောက်ပြထားသည်။ ဆရာများ၊ ပညာရေး စီမံခန့်ခွဲမှုနှင့် စနစ်တကျ လုပ်ဆောင်နိုင်မှုများ အားနည်းလှသည်။ ပြည်သူများဘက်က အဓိကအချက်မှာ ဆင်းရဲမှုကြောင့် ကျောင်းထွက်ရမှုတွေက များနေခြင်းဖြစ်သည်။ 

ပညာရေးတွင် မသန်စွမ်းသူများ၏ ကျောင်းထွက်နှုန်းတွေကလည်း မြင့်မားနေသည်။ ကျေးလက်နေ ပြည်သူများ၊ လူမျိုးစုတိုင်းရင်းသား လူနည်းစုများ၊ ရွှေ့ပြောင်းအလုပ်သမားများ ဘဝသည် ကျောင်းပြီးဆုံးအောင် မတက်နိုင်ဘဲ ထွက်ရမှုနှုန်း အမြင့်ဆုံးဖြစ်နေသည်။ ၂၀၁၄ ခုနှစ် အစီရင်ခံစာတွင် အထက်တန်းကျောင်းပြီးသည့် အဆင့်အထိ ပညာမသင်ယူနိုင်ဘဲ ထွက်သွားနှုန်းမှာ ၂၉ ဒသမ ၅ ရာခိုင်နှုန်းခန့်အထိ ရှိနေသည်။ 

ပညာရေးတွင် အထက်တန်းပြီးသည့်တိုင် အခမဲ့ပညာရေးစနစ်ကို ကျင့်သုံးနိုင်မှ ကျောင်းထွက်နှုန်းများ ကျဆင်းသွားလိမ့်မည်ဟု ပညာရေးနှင့် လေ့ကျင့်ရေးဝန်ကြီးဌာနက သုံးသပ်ထားသည်။ လက်ရှိ အနေအထားတွင် မူလတန်းအဆင့်အထိသာ အခမဲ့ ပညာရေးစနစ်ကို ဖော်ဆောင်နိုင်သေးသည်။ အစိုးရကလည်း ကျောင်းတိုင်းတွင် အခမဲ့ပညာသင်ယူခွင့်ရရေးကို ဥပဒေများ ထုတ်ပြန်နိုင်ရေးအတွက် ပြင်ဆင်နေသည်။ ၆ တန်းမှ ၉ တန်းအထိ အခမဲ့ပညာရေးကို လုပ်ဆောင်ရန် စီစဉ်နေကြသည်။

ကလေးများအနေနှင့် အနည်းဆုံး ၉ တန်း အဆင့်အထိ အခမဲ့သင်ယူခွင့်ပေးမှ ၁၀ တန်းကို ဆက်တက်ချင်စိတ်ရှိနိုင်သလို ကျောင်းထွက်သွားလည်း အသက်မွေးဝမ်းကျောင်း ပညာရပ်များကို ဆက်လက်သင်ယူနိုင်မည့် အသိဉာဏ် ဗဟုသုတများနှင့် ပြည့်စုံသွားနိုင်ပါသည်။ 

ဗီယက်နမ်နိုင်ငံတွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် အလယ်တန်းမှ အထက်တန်း ကျောင်းသားတစ်ယောက်အတွက် မြို့ပြများတွင် တစ်လပေးဆောင်နေရသည့် ပညာသင်စရိတ်မှာ ဗီယက်နမ်ဒေါင် ၁၁၀,၀၀၀ (၄ ဒသမ ၈ ဒေါ်လာ) ဖြစ်သည်။ ကျေးလက်များတွင် ဗီယက်နမ်ဒေါင် ၅၅,၀၀၀ နှင့် တောင်တန်းဒေသများတွင် ဗီယက်နမ်ဒေါင် ၁၄,၀၀၀ ခန့် ပေးနေရသေးသည်။ 

ဂျပန်နိုင်ငံတွင် ၁၉၄၇ ခုနှစ်ကတည်းက ၁ တန်း မှ ၉ တန်းအထိ ကျောင်းသားများကို အခမဲ့ပညာရေးစနစ် အကောင်အထည်ဖော်ပေးသည့် ပညာရေးဥပဒေတစ်ခု ထုတ်ပြန်ပေးထားသည်။ နိုင်ငံထုတ် ပုံနှိပ်စာအုပ်များလည်း အခမဲ့ဖြစ်သည်။ ဂျပန်နိုင်ငံထံမှ အတုယူစရာဖြစ်သည်။

ဗီယက်နမ်နိုင်ငံတွင် စတုတ္ထမြောက် စက်မှုခေတ်ပြောင်း တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲရန် စိုင်းပြင်းနေကြသည်။ ထိုသို့ ခေတ်ပြောင်းတော်လှန်ရေး ဆင်နွှဲရန်အတွက် လူသားရင်းမြစ်များကို အခြေခံရမည်။ ပညာမဲ့ရင်းမြစ်များထက် ပညာတတ်ရင်းမြစ်များကို ပိုပြီးအခြေခံနိုင်မှ အမြန်ဆုံးအောင်မြင်နိုင်မည် ဖြစ်သည်။ 

ဗီယက်နမ်နိုင်ငံ၏ မူလတန်းပညာရေးကို အခမဲ့ဖော်ဆောင်နေသည်မှာ နှစ်ပေါင်း ၃၀ နီးပါးကြာခဲ့ပြီ။ သို့သော် နိုင်ငံ၏ ပညာရေးအနေနှင့်ကြည့်လျှင် အဆင့်နိမ့်ကျနေဆဲဖြစ်သည်။ ထိုင်းနိုင်ငံက ၂၀၁၆ ခုနှစ်ကတည်းက ၁၀ နှစ်စီမံကိန်းဖြင့် မူလတန်းအဆင့်ကတည်းက ကျောင်းသားများကို အင်္ဂလိပ်စာ စသင်ပြီး အင်္ဂလိပ်လိုကျွမ်းကျင်စွာ ပြောဆိုနိုင်မည့် ပညာရေးစနစ်တစ်ခုကို အကောင်အထည်ဖော်နေသည်။ 

ထိုင်းနိုင်ငံသည် အာဆီယံအဖွဲ့အစည်းဝင် နိုင်ငံများအတွင်း စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ အဖော်ဆောင်ပေးနိုင်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်လာစေရန် ကျိတ်ပြီးကြိုးစားနေသည်။ ဗီယက်နမ်နိုင်ငံအနေနှင့်လည်း ထိုင်းနိုင်ငံအဆင့်ကို လေ့လာကြည့်သင့်သည်။ တိုင်းပြည်တိုင်း အနာဂတ်ကို ကြိုတင်ပြင်ဆင်ကြသည်။ ပိုကောင်းမွန်သော အနာဂတ်ဖြစ်လာရေးအတွက် ပညာရေးကစပြီး စီစဉ်နေကြသည်။ ပညာရေးတွင် လာမည့် ၁၀ နှစ်အတွင်း ဘာမှထူးခြားအောင် ဆောင်ရွက်နိုင်ခြင်းမရှိသည့် နိုင်ငံသည် အာဆီယံနိုင်ငံများအတွင်းမှာပင် မျက်နှာငယ်စွာ ကျန်နေခဲ့ရပေလိမ့်မည်။ 

E-01
(Ref: Vietnam.net)



FOLLOW US