News

POST TAGGED AS

ဗီယက်နမ်

24-Jan-2018

ရန်ကုန် ပါတီ KNPP
ငြိမ်းစုစီဖြင့် တရားစွဲခံထားရသည့် ကရင်နီ လူငယ်သုံးဦးအမှု ပြန်လည်ရုပ်သိမ်းပေး
ရန်ကုန်၊ ဇန်နဝါရီ ၂၃

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP အဖွဲ့များ အသတ်ခံရမှုကို ဆန္ဒထုတ်ဖော်ခဲ့သောကြောင့် ဖမ်းဆီးတရားစွဲဆိုခံရသည့် ကယန်းအမျိုးသားတိုးတက်ရေး ပါတီဥက္ကဋ္ဌအပါအဝင် ကရင်နီ လူငယ်သုံးဦးကို ငြိမ်းစုစီဥပဒေဖြင့် တရားစွဲဖမ်းဆီးထားမှုကို ပြန်လည်ရုပ်သိမ်းပေးလိုက်ပြီဖြစ်ကြောင်း အဆိုပါပါတီထံမှ သိရသည်။

ဇန်နဝါရီလ ၁၉ ရက်က ငြိမ်းစုစီ ပုဒ်မ (၁၉) ဖြင့် ကရင်နီ လူငယ်သုံးဦးဖြစ်သည့် ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူး၊ ကယန်းမျိုးဆက်သစ်လူငယ် ဗဟိုကော်မတီဝင် ခွန်းအသန်းနှင့် ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်တို့သုံးဦး တရားစွဲဖမ်းဆီးခံရခြင်းဖြစ်ပြီး KNPP က ကြားဝင်စေ့စပ်မှုကြောင့် ကယားပြည်နယ် အာဏာပိုင်များက အမှုပြန်ရုပ်သိမ်းပေးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်ကလည်း KNPP တပ်ဖွဲ့ဝင်များ သတ်ဖြတ်ခံရသည့်အပေါ် မကျေနပ်ကြောင်း ဆန္ဒပြခဲ့သည့် ကရင်နီတက်ကြွလှုပ်ရှားသူ ငါးဦးကို ဖမ်းဆီးခဲ့ပြီး ငြိမ်းစုစီ ဥပဒေပုဒ်မ (၁၉) ဖြင့် တရားစွဲကာ ထောင်ဒဏ် ရက် ၂၀ ချမှတ်ခဲ့သည်။

လက်ရှိတွင် ထပ်မံတရားစွဲဆိုခြင်းခံရသည့် နောက်ထပ်သုံးဦး၏ အမှုကို ပလပ်ပေးလိုက်ပြီဖြစ်ပြီး အဆိုပါသုံးဦးမှာ လွတ်မြောက်လာပြီဖြစ်ကြောင်းနှင့် ပြီးခဲ့သည့်ရက်ပိုင်းက ဆန္ဒပြသူငါးဦး ထောင်ဒဏ် ရက်နှစ်ဆယ် ချထားမှု ရက်စေ့ပြီဖြစ်သောကြောင့် ဇန်နဝါရီလ ၂၄ ရက်တွင် ပြန်လည်လွတ်မြောက်လာမည်ဖြစ်ကြောင်း ကယန်းအမျိုးသားပါတီထံမှ သိရသည်။

“သူတို့လွတ်ပါပြီ၊ အခြေအနေကောင်းပါတယ်၊ ဘာမှ အရှုပ်အရှင်းမရှိတော့ပါဘူး။ နာယကအဖွဲ့တွေ အရေးပေါ်ထိုင်တော့ ပါတီတပ်ပိုင်းကော ရဲပိုင်းကော ပြဿနာကြီးကြီးမားမား မဖြစ်အောင်လို့ အားလုံးကို ပြန်လွှတ်လိုက်ပါပြီ။ သူတို့အပြင်မှာလည်း ရောက်နေပါပြီ” ဟု ကယန်းအမျိုးသားပါတီနာယက ဦးခူးယူဂျင်းက ဆိုသည်။

ထို့ပြင် တပ်မတော်အနေနှင့်လည်း အဆိုပါအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးကာ အရေးယူမှု ပြုလုပ်ပါက ကရင်နီအဖွဲ့ များက ပိုမိုယုံကြည်လာမည်ဖြစ်ကြောင်း ဦးခူးယူဂျင်းက ပြောကြားသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်က တပ်မတော်ရိက္ခာသယ်ယာဉ်များ၌ သစ်များ တင်ဆောင်လာခြင်းကြောင့် လွိုင်ကော် ၇ မိုင် ယာယီဂိတ်၌ KNPP တပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း တပ်မတော်က KNPP တပ်ဖွဲ့ဝင်လေးယောက်နှင့် ဒေသခံ ရွာသားလေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၁ ရက်တွင် တပ်မတော်မှ KNPP တပ်ဖွဲ့ဝင်များ၏ အရိုးပြာကို KNPP ထံ ပြန်လည်ပေးခဲ့ကြောင်း KNPP က တပ်မတော်ကို စွပ်စွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လွိုင်ကော်မြို့နယ် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ရုံးက စာထုတ်ကာ ရှင်းလင်းထားပြီး KNPP က စွပ်စွဲထားသကဲ့သို့ ယင်းတပ်ဖွဲ့ဝင်များကို သတ်ဖြတ်ခဲ့ခြင်းမဟုတ်ဘဲ တပ်မတော် နယ်မြေရှင်းလင်းရေး စစ်ကြောင်းများနှင့် အဖွဲ့အစည်း တံဆိပ် တပ်ဆင်ထားခြင်းမရှိသော ဘက်တံဆိပ်မပါသော ပြောက်ကျားယူနီဖောင်း ဝတ်ဆင်ထားသည့် လက်နက်ကိုင်ငါးဦးနှင့်သာ တွေ့ဆုံတိုက်ပွဲဖြစ်ပွား၍ တိုက်ပွဲတွင် ထိမှန်သေဆုံးသည့် အလောင်းလေးလောင်း၊ လက်နက်သုံးလက်ရရှိခဲ့သည့် ဖြစ်စဉ်သာ ဖြစ်ပွားခဲ့ကြောင်း ရှင်းလင်းချက် ထုတ်ပြန်ခဲ့သည်။

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) သည် NCA စာချုပ်ကို လက်မှတ်ရေးထိုးရခြင်း မရှိသေးဘဲ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစုတွင်လည်း အဖွဲ့ဝင်အဖြစ်ပါဝင်နေပြီး လွတ်လပ်ရေးရပြီးစက စတင်ဖွဲ့စည်းခဲ့သည့် သက်တမ်းရှည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်သည်။

J-08



FOLLOW US