News

POST TAGGED AS

ဗိုလ်လောင်းသင်တန်း

ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအတွက် ဘွဲ့ ၅ မျိုး ထပ်တိုးခေါ်ယူ
ရန်ကုန်၊ ဇန်နဝါရီ ၂၄

အမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၅) အတွက် ဘွဲ့အမျိုးအစား ၅ မျိုးကို ထပ်တိုးခေါ်ယူနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးထံမှ သိရသည်။

ထပ်တိုးခေါ်ယူသည့် ဘွဲ့အမျိုးအစားများမှာ ဝိဇ္ဇာဘွဲ့များဖြစ်သော ပထဝီဝင်၊ သမိုင်းနှင့် သိပ္ပံဘွဲ့များဖြစ်သော သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒဘွဲ့များ ဖြစ်သည်။

ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းဝင်ခွင့်ကို ဇန်နဝါရီလ ၂၁ ရက်မှစ၍ နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် စတင်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ထိုဝင်ခွင့်ခေါ်စာထဲတွင် ဘွဲ့အမျိုးအစား ၁၆ မျိုး သတ်မှတ်ထားခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၃ ရက်တွင် အဆိုပါဘွဲ့များအပြင် နောက်ထပ် ၅ မျိုးကို ထပ်မံခေါ်ယူခြင်းဖြစ်ကြောင်း ယင်းရုံးချုပ်ထံမှ သိရသည်။

“ဘာကြောင့် တိုးခေါ်တာလဲဆိုတာတော့ အသေအချာ မပြောနိုင်ဘူး။ အခု ဒီဘွဲ့တွေက လိုအပ်လို့ဆိုပြီး မနေ့ (ဇန်နဝါရီလ ၂၃ ရက်) က ညပိုင်းလောက်မှ ဖေ့စ်ဘွတ်ခ်ပေ့မှာတင်ပြီး ခေါ်လိုက်တာ”ဟု စစ်ရာထူးခန့်ရုံး တာဝန်ရှိသူတစ်ဦးက The Voice ၏ မေးမြန်းမှုကိုလည်း ပြန်လည်ဖြေကြားသည်။ 

ယခင်က ခေါ်ယူခဲ့သည့် ဘွဲ့များမှာ ဝိဇ္ဇာဘွဲ့များ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ စိတ်ပညာ၊ နိုင်ငံတကာဆက်ဆံရေး၊ စာကြည့်တိုက်နှင့် သုတပညာ)၊ ဝိဇ္ဇာဘွဲ့ (နိုင်ငံခြားဘာသာ) များ (တရုတ်ဘာသာ၊ အင်္ဂလိပ်ဘာသာ)၊ သိပ္ပံဘွဲ့များ(ရုက္ခဗေဒ၊ ဇီဝနည်းပညာ၊ ကုန်ထုတ်ဓာတုဗေဒ)၊ စိုက်ပျိုးရေး သိပ္ပံပညာဘွဲ့၊ တိရစ္ဆာန်ဆေးသိပ္ပံဘွဲ့၊ ဥပဒေဘွဲ့၊ နည်းပညာဆိုင်ရာဘွဲ့များ (သတင်းအချက်အလက်နှင့် နည်းပညာ၊ ချည်မျှင်နှင့်အထည်) နှင့် မြန်မာ့တိုင်းရင်း ဆေးပညာဘွဲ့များဖြစ်သည်။

ဗိုလ်လောင်းသင်တန်းအတွက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် ရိုးရိုးဘွဲ့ရ အသက် ၂၅ နှစ်အောက်ရှိသူ၊ မဟာဘွဲ့ရ အသက် ၂၇ နှစ်အောက်ရှိသူ၊ ပါရဂူဘွဲ့ရ အသက် ၃၀ နှစ်အောက်ရှိသူ၊ မြန်မာနိုင်ငံသားဖြစ်သူ၊ အိမ်ထောင်မရှိသူ၊ အနည်းဆုံး အရပ် ၅ ပေ၊ ၃ လက်မရှိသူ၊ ကိုယ်အလေးချိန် ပေါင် ၁၀၀ မှ ၁၃၀ တွင်းရှိသူများ လျှောက်နိုင်မည်ဖြစ်သည်။

အဆိုပါသင်တန်းအတွက် လျှောက်လွှာများကို ဇန်နဝါရီလ ၂၁ ရက်မှ ဖေဖော်ဝါရီလ ၁၇ ရက်အတွင်း နီးစပ်ရာတိုင်းစစ်ဌာနချုပ်များတွင် အခမဲ့ရယူလျှောက်ထားနိုင်မည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ဒုတိယဗိုလ်အဆင့်ဖြင့် စတင်ခန့်အပ်မည်ဖြစ်ကြောင်း ယင်းရုံးချုပ်ထံမှသိရသည်။

J-19



FOLLOW US