News

POST TAGGED AS

ဗိုလ်မှူး

စမ်းချောင်းမြို့နယ်တွင် ဗိုလ်မှူးအယောင်ဆောင်သူတစ်ဦးကို ဖမ်းမိ
ရန်ကုန်၊ မေ ၇ 

စမ်းချောင်းမြို့နယ်၊ မြေနီကုန်း/တောင်ရပ်ကွက်၊ ဒဂုံစင်တာရှေ့ရှိ မြေနီကုန်း မီးပွိုင့်အနီးတွင် မေလ ၆ ရက် ညနေ ၄ နာရီခွဲခန့်က ဗိုလ်မှူးအယောင်ဆောင်သည့် အမျိုးသားတစ်ဦးကို စစ်သုံးမော်တော်ယာဉ်တစ်စီးနဲ့အတူ ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသတွင်နေထိုင်သူ အသက် ၅၅ နှစ်အရွယ် စိန်မောင်မြင့် (ခ) စိန်ကုလားသည် ယင်းနေ့က စစ်တပ်တွင် အသုံးပြုသော ယာဉ်နံပါတ် တံဆိပ်တပ်ဆင်ထားသည့် High Kander စစ်စိမ်းရောင်ယာဉ်ဖြင့် ဗားကရာလမ်းအတိုင်း မောင်းနှင်လာစဉ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ မသင်္ကာသဖြင့် စစ်ဆေးရာ ဗိုလ်မှူးအဆင့်ရှိ စစ်အသုံးအဆောင် ပစ္စည်းများ၊ တံဆိပ်များကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ၎င်းမှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က အမှတ် (၁) တပ်နယ်၊ မြိုင်ကြီးငူဒေသ နယ်ခြားစောင့်တပ်မှ ထုတ်ပယ်ခံထားရသူဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

“သေနတ်တွေ၊ လက်နက်တွေတော့ မပါဘူး။ လိုင်စင်မဲ့ကား၊ စစ်တပ်သုံး ဝတ်စုံ၊ ဝန်ထမ်းကတ်တွေ၊ တံဆိပ်တွေ တွေ့ခဲ့တာ။ တပ်က ထုတ်ပယ်ထားပေမယ့် စစ်အသုံးအဆောင်တွေကို အသုံးပြုပြီး သွားလာနေတဲ့အတွက် အယောင်ဆောင်မှုနဲ့ အရေးယူခဲ့တာ။ ကြိုတင်သတင်းရလို့ စစ်ဆေးရင်း ဖမ်းမိခဲ့တာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှရဲအရာရှိတစ်ဦးက ရှင်းပြသည်။

စစ်တပ်တွင် အသုံးပြုသော ပစ္စည်းများနှင့်အတူ ဖမ်းမိသည့် ဦးစိန်မောင်မြင့် (ခ) စိန်ကုလားကို စမ်းချောင်းမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၁၄၀ ဖြင့်လည်းကောင်း၊ လိုင်စင်မဲ့မော်တော်ယာဉ် အသုံးပြုမှုအတွက် ပို့ကုန်၊ သွင်းကုန် ဥပဒေ ပုဒ်မ ၈ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါ ရပ်ကွက်၊ ၃၂ လမ်း၊ ၇၃ x ၇၄ လမ်းကြားတွင် မေလ ၅ ရက် ညနေ ၄ နာရီခွဲခန့်က အသက် ၄၄ နှင့် ၄၆ နှစ်အရွယ် အမျိုးသားနှစ်ဦးနှင့်အတူ တပ်မတော်တွင် အသုံးပြုသည့် တံဆိပ်၊ နံပါတ်ပါ စစ်စိမ်းရောင် လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီးနှင့်အတူ ကရင်ပြည်နယ် မြိုင်ကြီးငူ အထူးဒေသ၊ အမှတ် (၁) တပ်နယ်၊ နယ်ခြားစောင့်တပ် ဘက်တံဆိပ်များ၊ ဗိုလ်မှူးစောနိုင်စိုးနှင့် ဗိုလ်မှူးစိန်မောင်မြင့်တို့ လက်မှတ်ရေးထိုးထားသည့် စာရွက်စာတမ်းများကို တွေ့ရှိခဲ့ပြီး ဖမ်းဆီးရရှိသည့် အမျိုးသားနှစ်ဦးကို ယင်းမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈/၁၄၀ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

J-16



FOLLOW US