News

POST TAGGED AS

ဗိုလ်ချုပ်ကြေးရုပ်

စစ်ဝန်ကြီးရုံးတော် ရန်ကုန် နေပြည်တော်
ပြောသည့်ရက် - ၂၅-၃-၁၉၄၄
နေ့စွဲ - ၁၃၁၅ ခု - တပေါင်းလဆုပ် (၅) ရက်

ရဲဘော်တို့။

ယနေ့ - ရဲဘော်တို့အစု အချို့ဟာ - စစ်ဗိုလ်ကလေးလောင်းများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။

ယနေ့အထိ - ရဲဘော်တို့ဟာ - ကျောင်းသားများသာဖြစ်ပြီး - တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။ 

ယနေ့ - ကျောင်းကထွက်ပီး - ဗမာ့တပ်မတော် - တပ်အသီးသီး - ဌာနအသီးသီးမှာ - ရာထူး အလုပ်ဝတ္တရားများရတာနှင့်တပြိုင်နက် - ရဲဘော်တို့အသီးသီးမှာ - ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်ကြပီ။ ဒီလို ကိုယ့်တာဝန် - ကိုယ့်ဝတ္တရားနှင့် - ဗမာနိုင်ငံတော်နှင့် ဗမာ့တပ်မတော်ရဲ့ အမှုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာအချက်တွေကို - ငါတို့ မှာကြားလိုတယ်။ 

ပဌမဆုံး ရဲဘော်တို့ကိုမှာခြင်တာက - ငါတို့အခုဗမာနိုင်ငံဟာ - ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံဖြစ်တယ်။ ဒီနိုင်ငံဟာ - တနိုင်ငံလုံး - တမျိုးလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် - ဒီနိုင်ငံ - ဒီအကျိုးကို ကာကွယ်ရမဲ့ - ဗမာ့တပ်မတော်ဟာလဲ - ဗမာတနိုင်ငံလုံး - တမျိုးလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။ 

ဒီတပ်မတော်ဟာ - လူတဦးတယောက်အတွက် တည်ထားတာမဟုတ်။ 

တနိုင်ငံလုံး - တမျိုးလုံးအတွက်ဖြစ်တယ်။ 

ဒီတပ်မတော်ဟာ - တဖွဲ့ - တပါတီ - လူတစု - တည်ထားတာမဟုတ်။ တနိုင်ငံလုံး - တမျိုးလုံးအတွက်ဖြစ်တယ်။

ဒီတပ်မတော်ဟာ - ရှေးအင်္ဂလိပ်လက်ထက်ကလို ကြေးစားတပ်မဟုတ်။

နိုင်ငံနှင့်အမျိုးကို ကာကွယ်စောင့်ရှောက်ဘို့ - နိုင်ငံနှင့်အမျိုးကို (မ) တင်ပေးဘို့ဖြစ်တယ်။ ဒါကြောင့် - ဒီတပ်မတော်ဟာ - နိုင်ငံနှင့်အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးကတုံးကလို - တခြားနိုင်ငံ - တခြားအမျိုးကို သစ္စာစောင့်တာမဟုတ်။ အဲဒီလို စောင့်တဲ့သစ္စာဟာ - ဝတ်ကြေတန်းကြေစောင့်တဲ့သစ္စာဖြစ်တယ်။ ယခုငါတို့ဟာ - ငါတို့အမျိုး - ငါတို့နိုင်ငံကို သစ္စာစောင့်ရမယ်။ ဒါကြောင့် - ငါတို့စောင့်တဲ့သစ္စာဟာ - တကဲ့သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ်ရဘူး။ ဘယ်လို စောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ရဲ့အပေါ်မှာ - နည်းလမ်းအတိုင်း အဆင်သင့် ခန့်အပ်ထားတဲ့ အကြီးအမှူးအားလုံးတွေဟာ - ဒီနိုင်ငံ - ဒီအမျိုးရဲ့ ကိုယ်စားတွေဘဲ။ အဲဒီကိုယ်စား နိုင်ငံနှင့် အမျိုးကို သစ္စာစောင့်ခြင်းဟာ - ကိုယ့်နိုင်ငံနှင့် ကိုယ့်အမျိုးကို သစ္စာစောင့်တာဘဲ။ ဒီတော့ - ရဲဘော်တို့ မေးစရာစကားတခုရှိတယ်။ တကယ်လို့ ဒီအကြီးအမှူးတွေထဲက - ဘယ်သူဖြစ်ဖြစ် - ကိုယ်ကျိုးငဲ့ပီး - နိုင်ငံနှင့် အမျိုးကို ဆန့်ကျင် (ပီး) လုပ်ရင် - ဘယ့်နဲ့လုပ်ရမလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပီး - အမျိုးနှင့် နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ (-------) မှာဘဲ။ 

ရာဇဝင်သမိုင်းမှာ ကြည့်လို့ရှိရင် - ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ် - မတရားလုပ်တဲ့အခါ - နိုင်ငံနှင့် အမျိုးအကျိုး - အများအကျိုးကို ဆန့်ကျင်တဲ့အခါ - (ပြုတ်) ကျကြတာချည်းဘဲ။ ဒီလိုမတရားတဲ့ အကြီးအမှူးတွေရှိရင် - ရဲဘော်တို့ရဲ့ အပေါ်မှာလဲ တည်တယ်။ 

ဥပမာ - မတရားတဲ့ အကြီးအမှူးတယောက်က - ဝတ္တရားနှင့်မဆိုင်တဲ့ - နိုင်ငံနှင့် အမျိုးအကျိုးနှင့် မပတ်သက်တဲ့ - အမိန့်ပေးတဲ့အခါ - အမိန့်ဟာ နည်းကျ - မကျ - တရားမတရား - နိုင်ငံနှင့် အမျိုးအကျိုး ရှိ - မရှိ - ကြည့်ရမယ်။ အဲသလို ကြည့်တဲ့အခါ - ကိုယ်စိတ်ထဲမှာမရှင်းရင် - ၎င်းထက်ကြီးတဲ့ အကြီးအမှူးကိုဖြစ်ဖြစ် - တခြားအကြီးအမှူးတယောက်ယောက်ကိုဖြစ်ဖြစ် - သွားမေးရမယ်။ ဒီအခါမှာ - ရဲဘော်တို့ဟာ - ဘယ်သင်းမှန်တယ် - မှားတယ်သိနိုင်မယ်။ 

ကျုပ်အဘို့ပြောရရင် - ရဲဘော်တို့ထဲကဖြစ်ဖြစ် - အခုတပ်ထဲမှာရှိတဲ့ စစ်သားကလေးကစပီး - အားလုံး ရဲဘော်တွေထဲကဖြစ်ဖြစ် - ကျုပ်ထက်အရည်အချင်း - အကျင့်စာရိတ္တ - အလုပ်အကိုင် - နိုင်ငံချစ်စိတ် - အမြော်အမြင်ရှိတယ်လို့ တွေ့တာနဲ့ တပြိုင်နက် ကျုပ်ဟာ - အဲဒီလိုတော်တဲ့လူကို ထိုးတင်ပီး - နောက်လိုက်လုပ်ဘို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး ကြိုးစားကြပါ - တော်အောင် ကြိုးစားကြပါ။ 

ကနေ့ - ရဲဘော်တို့အားလုံးကို - စိတ်ထဲမှာရှိတဲ့အတိုင်း ပြောပြမယ်။ 

ယခုအခါ - ငါတို့တပ်ထဲမှာ - နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံဘူးတဲ့သူတွေရှိတယ်။ 

ငါတို့သိဒါလဲရှိတယ် - မသိဒါလဲရှိတယ်။ သို့သော်လဲ - ရှေးကသာဒီလို အနစ်နာခံပီး - အခုအလုပ်မလုပ်ရင် - ဘယ်သူမှ မတိုးတက်နိုင်ဘူး။ အကယ်၍ အခုလဲ အလုပ်လုပ်တယ် - ရှေးကလဲ အနစ်နာခံဘူးတယ်ဆိုရင် - ဒီလိုလူမျိုးဟာ - သူများတကာထက် တိုးတက်မှာ အမှန်ဘဲ။ ကနေ့ - ဆိုင်ရာလူကြီးတွေ မသိသေးလို့ မတိုးတက်သေးရင် - နောက်တနေ့ တိုးတက်မှာဘဲ။ တကယ်တော်တဲ့သူဟာ - ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလဲ သိဒ္ဓိတင်နေစရာမလိုဘူး။ လူကြီးတွေကိုလဲ မျက်နှာလုပ်စရာမလိုဘူး။ ဒါပေမယ့် - ဂျပန်ကပြန်လာလို့ - စစ်ကျောင်းကဆင်းလို့ - ရှေးက အနစ်နာခံဘူးလို့ဆိုပီး - ယခုအခါ အလုပ်မကောင်းရင် - ဘယ်သူမှ တက်မှာမဟုတ်ဘူး။ ဒီပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမယ့် - ဗမာ့တပ်မတော်မှ ကျုပ်အခုနေရာမှာ တာဝန်ယူနေသမျှ - အခုကျုပ်ပြောခဲ့တဲ့ စံနစ်က - တဆံချည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ - အားလုံးသိစေခြင်တယ်။ ဒါက ရာထူးအဆင့်အတန်းတိုးတက်တာနှင့်ပါတ်သက်ပီး - ရဲဘော်တို့ သိဘို့ ပြောခြင်းဘဲ။ 

တခြားမှာကြားလိုတဲ့ အချက်ကတော့ - ပြောနေကြစကားဘဲ။ ဒါပေမဲ့ ထပ်ပီး အဓိပ္ပါယ်လေးနက်အောင် ပြောပြလိုက်အုံးမယ်။ ငါတို့စစ်တပ်ဟာ - နိုင်ငံသူ နိုင်ငံသားတွေကို ညှင်းဘို့မဟုတ် - လက်နက်အားကိုး တံခိုးပြဘို့ အဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံမဖြစ်ရဘူး။ ဒါစကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာဘဲ။ ဒီစကားဟာ - ကျုပ်ပြောတာဟာ - စစ်တပ်ကို ကျုပ်ပြန်နှိမ်ခြင်တဲ့သဘော ပြောတာမဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင်လက်ရှိ လူတွေဖြစ်ကြသော်လဲ - မတရားမလုပ် - နိုင်ငံရဲ့ရန်သူတွေမဟုတ် - နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာ - အားလုံး သဘောပေါက်အောင် ပြောပြခြင်းဘဲ။ အမှန်ပြောရရင် - လူတွေဟာ ပုထုဇဉ်တွေဘဲ။ အားရှိတဲ့အခါ - အားနွဲ့တဲ့လူတွေကို ညှင်းခြင်တဲ့စိတ်ရှိတယ်။ အားနွဲ့တဲ့လူတွေကလဲ (ကိုယ်အားနွဲ့) ခဲ့တဲ့ အစတုံးကတော့ အားကြီးနေတဲ့လူကို - လက်နက်အားကိုး အာဏာအားကိုး လုပ်ခြင်တယ် ပြောကြတာဘဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့ - အရင်တုံးက ပြောတာတွေမေ့ပီး တမျိုးလုပ်ကြတာဘဲ။ ဒါထုံးစံဘဲ။ ငါဟာ ဒီလိုမဟုတ် အားနွဲ့တဲ့အခါလဲ - အားကြီးတဲ့လူကို မတရားရင်မကြောက်။ အားကြီးတဲ့အခါလဲ - အားငယ်တဲ့လူကို မတရားမလုပ်။ ဆိုတဲ့အတိုင်း လုပ်ခြင်တယ် - ပြခြင်တယ် အဲဒါကြောင့် - စစ်တပ်ဟာ နိုင်ငံရဲ့အစေခံဖြစ်တယ်လို့ ပြောတာဘဲ။ နိုင်ငံဟာ ဘာလဲ နိုင်ငံဟာ အမျိုးဘဲ။ အမျိုးဟာဘာလဲ - အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့နိုင်ငံရဲ့ အကျိုးကိုလုပ်ပီး နိုင်ငံရဲ့အမှုကို ဘယ်အခါမဆို ထမ်းမယ်ဆိုတဲ့ လူအားလုံးဘဲ။ ဒီနေရာမှာ လူမျိုးရေးတရားအစစ်ကို ပြောပြခြင်တယ်။ 

လူမျိုးရေးတရားဆိုတာဘာလဲ။ ကိုယ့်အမျိုးသာချစ်ပီး - ဒိပြင် လူမျိုးတွေကို မုန်းထားတာ - လူမျိုးရေး တရားဘဲလား - မဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ရုံနှင့် ဒိပြင်လူမျိုးကိုလည်း မုန်းဘို့ မလိုဘူး။ သို့သော်လဲ - ကိုယ့် အမျိုးအကျိုးကို လာထိတဲ့လူတွေကိုတော့ - အတွင်းကလူဖြစ်ဖြစ် - အပြင်ကလူဖြစ်ဖြစ် - တိုက်ခိုက်နှိမ်နှင်းရမှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူအဖြစ်ဖြင့်သာ နှိမ်နှင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး - ဘယ်လူမျိုး - ဘယ်သူ ဘယ်ဝါဆိုပီး နှိမ်နှင်းတာ မဟုတ်ဘူး။ ရာဇဝင်ကြည့်ရင် - ကမ္ဘာ့ လူမျိုးတွေဟာ အချင်းချင်းတိုက်တဲ့အခါတိုက် - တဲ့တဲ့အခါတဲ့ကြတာတွေ့ရမှာဘဲ။ မတဲ့တဲ့အခါ - တိုက်ကြတဲ့အခါ - တိုက်ကြရမှာပေါ့။ ဒါပေမဲ့ - တခြားလူမျိုးတွေကို မုန်းတာဟာ - လူမျိုးရေးလားဟုထင်တာဟာ - တထစ်ချမှားတယ်။ ကျုပ်တို့ဟာ - မဆိုင်တဲ့ အခြားလူမျိုးတွေကိုလဲ မုန်းဘို့မလိုဘူး။ ကျုပ်တို့နိုင်ငံအတွင်းမှာလဲ - တိုင်းရင်းသားအချင်းချင်း - ဗမာဘဲ - ရှမ်းဘဲ - ကရင်ဘဲ - ချင်းဘဲ စသည်ဖြင့် ခွဲစရာမလိုဘူး။ အမှန်အားဖြင့် ရှမ်း - ကရင် - ကချင် - ချင်း စသည့် ကျုပ်တို့ တိုင်းရင်းသားတွေဟာ - ငါတို့ထက်အခြေအနေ ပိုညံ့ကြတယ်။ အဲသလို ညံ့တာကြောင့် - ငါတို့ဟာ - သူတို့ကို - ပိုပီး ဂရုစိုက်ကြရမယ်။ အကျိုးဆောင် (-----) ရ (-----) ဥပမာ ငါတို့ညီလေး - တူလေး - သားလေးများကို ငါတို့ဟာ ဂရုစိုက် စောင့်ရှောက်တဲ့အတိုင်းဘဲ။ အခုအခါ လူတချို့ကပြောတယ်။ ကရင်တွေဟာ ဗမာတွေကို မုန်းတယ်။ ရှမ်း (တွေ) ကောဘာဘဲ - ကရင်တွေဟာ ခယစ်ယါန်ဘဲ - ကရင်တွေက အမေရိကံ - အင်ဂလိပ်ကို လိုလားတယ်။ အစရှိသဖြင့် ပြောကြတယ်။ ခုနေ - ကျုပ်အမှန်ပြောမယ်။ ဒီလိုပြောတဲ့အတွက် - ကျုပ်ကို မုန်းခြင်တဲ့လူမုန်းမယ်။ ကိစ္စမရှိပါဘူး ကရင်တွေဟာ ဗမာတွေကို မုန်းတာ ဘာမှ အံ့ဩစရာမရှိဘူး။ ကျုပ်တို့ဗမာဆိုတဲ့ လူတွေက ခေါင်းဆောင်တွေက - ကရင်တွေအတွက်ဖြစ်ဖြစ် - ချင်း - ကချင် - ရှမ်း တွေအတွက်ဖြစ်ဖြစ် ခုအထိ ဘာများ လုပ်ပေးကြလို့လဲ။ လူမွေးသူမွေးနှင့် (တူ) အောင် တခြား အင်္ဂလိပ်ကဖြစ်ဖြစ် - အမေရိကန်ကဖြစ်ဖြစ် လုပ်ပေးတယ်။ အဲ့သလို လုပ်ပေးတဲ့ လူတွေကို - ကျေးဇူးတင်ခြင်လဲ တင်ကြမှာပေါ့။ ကျုပ်တို့ရဲ့ တာဝန်က - ကတော့ ကျုပ်တို့ရဲ့ တကဲ့စိတ်ထားကို - တကဲ့လက်တွေ့ အလုပ်လုပ်ပြရမယ်။ ဒီအခါ - ကရင်တွေဟာ - ဗမာတွေ အပေါ်မှာ မုန်းထားတဲ့စိတ်တွေ အကုန်ပျောက်မှာဘဲ။ လွန်ခဲ့တဲ့နှစ်များက - ကရင်နှင့်ဗမာ တိုက်ကြခိုက်ကြတာဟာ - အင်္ဂလိပ်တို့ မြောက်ပေးတာလဲ ပါခြင်ပါမယ်။ 

(------------------------------------------------) - အထူးသဖြင့် နိုင်ငံရေးမှ (--------------------------------------------) လူငယ် အချို့ဟာလဲ အပြစ်မကင်းကြဘူး။ တကမ္ဘာလုံးမှာ - ဘယ်နိုင်ငံမှာဘဲဖြစ်ဖြစ် ကိုယ်ကိုးကွယ်ခြင်တဲ့ဘာသာကို ကိုးကွယ်နိုင်တယ်ဆိုတဲ့ စံနစ်တည်တန့်နေတာဘဲ။ ဗမာမင်း လက်ထက်တုံးကတောင် - ခယစ်ယါန်တွေ - မူစလင် တွေ - ခွင့်ပြုထားသေးတာဘဲ။ အဲဒါတွေကို မဆင်ခြင်ဘဲ - ဒီနိုင်ငံရေးမှာ ထထကြွကြွလုပ်တဲ့လူငယ် (တစ်) စုဟာ - ဘာသာပြောင်းခိုင်းတယ်။ လူတွေ အရမ်းဖမ်း - အရမ်းသတ်တယ်။ လူတွေရဲ့ ပစ္စည်းတွေကို သိမ်း - တချို့ က သူဌေးဖြစ်ကြံကြတယ်။ ဒီလိုမဟုတ်တာတွေ လုပ်နေတော့ - မြှောက်ပေးခြင်တဲ့လူတွေရှိလို့ မြှောက်ပေးအုံး - ကရင်တွေဟာ မြှောက်ပေးတဲ့လူမရှိဘဲနဲ့ဘဲ - ဗမာတွေကို မုန်းမှာဘဲ။ ဒီတော့ သူများ မျက်ချေးချည်းမမြင်ကြနဲ့။ ကိုယ့်မျက်ချေးကိုလဲ မြင်အောင် ငါတို့ ကျိုးစားရမယ်။ ရှေ့ကို ငါတို့လူငယ်တွေရဲ့ လက်ထဲမှာ - နိုင်ငံရှိတယ်။ ငါတို့တတွေဟာ မှားပီးတာကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နှင့်အတူ - ဟုတ်တာနှင့် မဟုတ်တာကို ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် - ဘာဖြစ်ဖြစ် - အမှန်တရားကို ယူတတ်ကြရမယ်။ ဒါက လူမျိုးရေးတရားနဲ့ ပါတ်သက်ပြီး ကျုပ်မှာခြင်တာဘဲ။ 

ဇာတိမါန်ကောင်းကောင်း ထားတတ်ကြအောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကိုချစ်ပါ။ ကိုယ့်အမျိုးကို ချစ်ပါ။ ဗမာတွေဟာ လူဖျင်းတွေ - လူပျင်းတွေ - လူကြော့တွေ - လူပိုတွေ - လူညံ့တွေ - လူရိုင်းတွေ - လူ့ဂွစါတွေ - လူမတရားတွေ - ဒီလိုကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနှင့်။ ဗမာတွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ - အလုပ်လုပ်ပြပီး ဂုဏ်ယူပါ။ အဲဒါ - ကျုပ်လူမျိုးရေးတရားနှင့် ပါတ်သက်ပီး မှာခြင်တာဘဲ။ 

နောက်မှာခြင်တာက - ရှေ့ကို ရဲဘော်တို့ဟာ - လူကြီးဖြစ်ပြီ။ လူကြီးဆိုတာဘာလဲ - အသက်ကြီးတာကို ဆိုသလား - မဟုတ်ဘူး။ အသက်မကြီးပေမဲ့ - လုပ်တဲ့အလုပ်ကြီးရင် လူကြီးဘဲ။ အခုငါတို့ ရဲဘော်တို့ရဲ့ အလုပ်ဟာ - ငါတို့နိုင်ငံရဲ့ လွတ်လပ်ရေး - ငါတို့နိုင်ငံရဲ့ နယ်မြေ - ငါတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာ - ဒါတွေကို ငါတို့ရင်မြေက တုပ်လုပ်ပီး ကာကွယ်ဘို့ဘဲ။ ဒီထက်ကြီးတဲ့ အလုပ်ရှိနိုင်ပါအုံးမလား - မရှိနိုင်ဘူး။ ဒါကြောင့် - ငါတို့ဟာ လူကြီးစိတ်ပေါက်ကြရမယ်။ အစစအရာရာ ဆင်ခြင်တတ်ကြရမယ်။ ကောင်းသည် - မကောင်းသည် - တော်သည် - မတော်သည် - ဟုတ်သည် - မဟုတ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။ အခုငါတို့အချို့ဟာ မဆင်ခြင်တတ်ကြဘူးဆိုတာကို - ငါတို့ရဲ့ အချို့အလုပ်တွေက သက်သေပြနေတယ်။ ဘေးက လူတွေ လာပြောတိုင်း အရမ်းမယုံကြနှင့်။ စူးစမ်းဆင်ခြင်ပီးမှ ယုံကြရမယ်။ ငါတို့ဝတ္တရားနှင့် မဆိုင်တဲ့ - အကျယ်အကျယ် ဖြစ်မဲ့ကိစ္စဆိုရင် - ငါတို့ ရှောင်ရမယ်။ ဘယ်လိုဘေးကလူက ဗိုလ်ကြီးရဲ့ - ဘာကြီးရဲ့ လာမြှောက်ပေးပေး - ငါတို့ မပါရဘူး။ ငါတို့ ဝတ္တရားနဲ့တော့ မဆိုင်ဘူး တာပေမဲ့ - ကောင်းတဲ့ကိစ္စ - တရားတဲ့ကိစ္စ - လူများကျေးဇူးတင်မဲ့ ကိစ္စဆိုရင် ကိုယ်နှင့် မဆိုင်ဘူးဆိုပီး လစ်လျူမရှုပါနှင့်။ ကူညီပေးနိုင်ရင် ကူညီပေးကြပါ။ ဆွေမျိုးကိစ္စ - မိတ်ဆွေကိစ္စတွေဟာ - ကိုယ်တာဝန်လုပ်တဲ့ အရေးမှာ - မနှောင့်ရှက်ပါစေနှင့်။ 

နောက်ပီး မှာခြင်တာက - ပြောခဲ့တဲ့အတိုင်း - ကိုယ့်ကိုယ်ကို အထင်မကြီးကြပါနှင့်။ ဒီမှာသင်လိုက်တာတွေဟာ ပညာကုန်ပီ မယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။ လူမျိုးဖြစ်ဖြစ် - နိုင်ငံဖြစ်ဖြစ် - လူတမျိုးထဲဖြစ်ဖြစ် - တိုးတက်မှုဟာ လက်ရှိအခြေအနေနှင့် အားမရဘဲ - တင်းမတိမ်ဘဲ - ရှေ့ဆက်လက်ကြိုးစားမှသာ တိုးတက်မှုဖြစ်နိုင်တယ်ဆိုတာ - ရာဇဝင်သမိုင်းတွေက ကောင်းကောင်း ပြထားတယ်။ ကိုယ်ပိုင်ဉာဏ်နှင့် စဉ်းစားကြည့်လဲ သိနိုင်တာဘဲ။ ဒါကြောင့် - ဘယ်ဟာကိုမှ လှေနံဒါးထစ် မယူပါနဲ့။ အထင်မကြီးပါနှင့်။ ဒီထက် တိုးအောင် လုပ်ကြပါ။ အခုငါတို့နိုင်ငံဟာ - လွတ်လပ်တယ်ဆိုပေမဲ့ - ဟန်မကျတာတွေ အများကြီးဘဲ။ ကျုပ်မှာလဲ ချို့ယွင်းချက်တွေ ရှိတာဘဲ။ ကိုယ့်ချို့ယွင်းချက်ကို ကိုယ်ပြင်ကြရမယ်။ 

သို့ပေမဲ့ - ကျုပ်တခု ရဲဘော်တို့ ဂတိပြုမယ်။ နိုင်ငံနှင့် အမျိုးအကျိုးနှင့် သစ္စာကို ဘယ်တော့မှ မဖေါက် - ရဲဘော်တို့ထဲကဖြစ်ဖြစ် - ဒိပြင်တပ်ကဖြစ်ဖြစ် - ကျုပ်ထက်တော်တဲ့လူ ထွက်ပြနိုင်ပါစေ - ကျုပ်ဖယ်ပေးဘို့ အသင့်ဘဲ။ 

နောက်ဆုံးတခုမှာခြင်တာက - ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓါတ်မထားကြဘို့ဘဲ။ ဒီနိုင်ငံမှာဖြစ်ဖြစ် - ဒီပြင်နိုင်ငံမှာဖြစ်ဖြစ် - စစ်သားတွေချည်း နိုင်ငံချစ်တဲ့လူရှိကြတာမဟုတ်ဘူး။ တခြားစစ်သားမဟုတ်ပေမဲ့ - နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ အမျိုးမျိုး စွန့်စားလုပ်ကြတဲ့လူတွေလဲ ရှိတာဘဲ။ အဲဒါကြောင့် - စစ်သားမှ စစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမဲ့ - တခုနားလည်စေခြင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလယ်လုပ်မယ်။ စစ်တပ်ရဲ့ (အခွင့်အရေးများကို) (မတရားသဖြင့်) ချိုးဖျက်မယ်ဆိုရင် - ကျုပ်အစွမ်းကုန် - ကျုပ်ကြိုးစားတိုက်ဖျက်မယ်ဆိုတာကို - ရဲဘော်တို့ သိစေခြင်တယ်။ 

ကနေ့ - ဒီမှာပြောတာတွေကို - အားလုံး စစ်သားတွေ သိပါစေ။ သိအောင် ပြောပြကြပါ။ အဲဒါနောက်ဆုံးမှာကြားခြင်းဘဲ။

(၂၅/၃/၄၄)

မှတ်ချက် - မော်ကွန်းအုပ်စု (၂/၂)၊ တိုက်ပိုင်အမှတ် (၅)၊ ဂျပန်ခေတ်စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းစာတွဲပါ လက်နှိပ်စက်မူမှ ပြန်လည်ဖော်ပြပါသည်။ ရှင်းလင်းမှုမရှိသည့် နေရာများတွင် ဖြစ်နိုင်သည့် စကားလုံးကို ( ) ဖြင့် ခတ်၍ဖော်ပြပါသည်။ ကွင်း ( ) ထဲတွင် လုံးဝမဖော်ပြထားသည့် နေရာများမှာ လုံးဝပျက်နေ၍၎င်း၊ မှန်းဆဖော်ပြလျှင် မှားယွင်းမည်စိုး၍ ၎င်း၊ မူလအတိုင်းထားပြီး ထိုနေရာတွင် ဖြည့်စွက်ဖော်ပြထားခြင်းမပြုဘဲ (---) ဖြင့်သာ ဖော်ပြ၍ ချန်လှပ်ထားပါသည်။ ထိုနေရာတွင် ( ) အတွင်း၌ မည်သည့်ဖြစ်နိုင်သည့် စကားလုံးကိုမှ ဖြည့်သွင်းမှုမပြုပါ။ မူလစစ်မှန်မှု (Authenticity) ကို ထိန်းသိမ်းရန်ဖြစ်ပါသည်။ 

အမျိုးသားမော်ကွန်းတိုက် ညွှန်/ချုပ်/(ငြိမ်း)ဒေါက်တာအောင်မျိုးမှ ကျေးဇူးပြုပါသည်။ 

မူရင်းစာလုံးပေါင်းသတ်ပုံအတိုင်း ဖော်ပြထားပါသည်။



FOLLOW US