News

POST TAGGED AS

ဗိုလ်ချုပ်ကြေးရုပ်

လွိုင်ကော် ဗိုလ်ချုပ်ကြေးရုပ်တု စိုက်ထူမှုကိစ္စ ထပ်ညှိနှိုင်းမည်
တောင်ငူ၊ ဇူလိုင် ၈ 

ကယားပြည်နယ် လွိုင်ကော်မြို့တွင် စိုက်ထူရန် ပြင်ဆင်နေသည့် ဗိုလ်ချုပ်ကြေးရုပ်တုနှင့်ပတ်သက်၍ ကန့်ကွက်သူများနှင့် အစိုးရအဖွဲ့တို့ ညှိနှိုင်းဆွေးနွေးပွဲကို ဇူလိုင်လ၂၀ ရက်၌ ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း ကရင်နီလူငယ်များထံမှ သိရသည်။ 

ကယားပြည်နယ် အစိုးရအဖွဲ့ဦးဆောင်ပြီး လွိုင်ကော်မြို့နယ် ကန္ဒာဟေဝန်ပန်းခြံတွင် စိုက်ထူရန် ပြင်ဆင်နေမှုအပေါ် ကရင်နီလူငယ်များ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၊ ဒေသခံများက ကန့်ကွက်မှုနှင့် ပတ်သက်၍ ဇူလိုင်လ ၇ ရက်က အစိုးရအဖွဲ့နှင့် ကန့်ကွက်သူများ တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က အထက်ပါအတိုင်းပြောဆိုထားသည်။ 

ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှုနှင့်ပတ်သက်၍ ယာယီရပ်ဆိုင်းမည် မဟုတ်ဘဲ ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး ကန့်ကွက်သူများနှင့် ပြည်နယ်အစိုးရတို့ ထပ်မံဆွေးနွေးညိနှိုင်းမည်ဖြစ်ကြောင်း ဖိလစ်စိုးအောင်က ပြောကြားသည်။ 

“၂၀ ရက်နေ့မှာ ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးအဖွဲ့ဝန်ကြီးနဲ့ ကျွန်တော်တို့ထပ်တွေ့ပြီး ဇူလိုင်လ ၃၀ ရက်မှာ နောက်ဆုံးတစ်ကြိမ် တွေ့ဆုံပြီး ဆုံးဖြတ်မယ်လို့ပြောတယ်။ ကျွန်တော်တို့က ခုရက်ပိုင်းမှာ လူထုသဘောထား လက်မှတ်ကို ကောက်သွားမယ်”ဟု ဗိုလ်ချုပ်ကြေးရုပ်တုကို ကန့်ကွက်မှုကြောင့် တရားစွဲခံထားရသူ ဖိလစ်စိုးအောင်က ပြောဆိုသည်။

ကယားပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးအယ်ဖောင်ရှိုဦးဆောင်သည့် အဖွဲ့နှင့် အရပ်ဖက်အဖွဲ့အစည်းများ၊ ကရင်နီလူငယ်များ ဗိုလ်ချုပ်ကြေးရုပ် ပြဿနာနှင့်ပတ်သက်ပြီး ပထမဦးဆုံးအကြိမ်တွေ့ဆုံရာတွင် ဝန်ကြီးချုပ်က တစ်ဖက်သတ်ဆုံးဖြတ်ခဲ့သည်ဟု ကရင်နီလူငယ်အချို့က ဝေဖန်သည်။ 

ဗိုလ်ချုပ်ကြေး ရုပ်တုကို လွိုင်ကော်တွင် စိုက်ထူရန် အပူတပြင်းပြင်ဆင်မှုနှင့်ပတ်သက်၍ လက်ကမ်းစာစောင် ဖြန့်ဝေမှုများကြောင့် ကရင်နီလူငယ်၁၁ဦးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တရားလိုလုပ်ကာ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) (ဂ) တို့ဖြင့် တရားစွဲဆိုထားရသည်။ 

ယခုနှစ်စပိုင်းမှစ၍ ကယားပြည်နယ်အစိုးရက၊ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု စိုက်ထူရန်ပြင်ဆင်မှုကို ကယားအရပ်ဖက်အဖွဲ့အစည်းအချို့နှင့် ကရင်နီပြည်လူငယ်သမဂ္ဂအဖွဲ့ ကန့်ကွက်သော်လည်း အစိုးရက လက်မခံဘဲ ဆက်လက်လုပ်ဆောင်နေကြောင်း ကရင်နီလူငယ်အချို့က ပြောဆိုသည်။

“မနေ့က အစည်းအဝေးမှာ ဝန်ကြီးချုပ်က ကြေးရုပ်ကိစ္စ ရပ်နားမယ်ဆိုတဲ့ သဘောမျိုး မပြောခဲ့ပါဘူး၊ အစည်းဝေးခေါ်တယ်၊ သူတို့ပြောချင်တာပြောပြီး ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ထောက်ခံတဲ့ သဘောလုပ်သွားတာပဲ”ဟု ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်သူ မျိုးလှိုင်ဝင်း (ခ) ပါစကွားလယ်က ပြောကြားသည်။ 

ဗိုလ်ချုပ်ကြေးရုပ်တု စိုက်ထူရန်ပြင်ဆင်နေခြင်းကို ကန့်ကွက်သည့်ကရင်နီလူငယ်များက ဇွန်လ နောက်ဆုံးပတ်ခန့်က ကရင်နီသမိုင်းနှင့် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ လက်မခံကြောင်း လက်ကမ်းစာဆောင်များ ဖြန့်ဝေခဲ့ပြီး ဇူလိုင်လ ၃ ရက်က ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမည့်အပေါ် လူ ၁၀၀၀ ခန့် ကန့်ကွက်ဆန္ဒပြရာ အင်အားသုံးလူစုခွဲခဲ့သည်။

ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရန်ကိစ္စနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ဇူလိုင်လ ၇ ရက် မွန်းလွဲပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆောင်သည့် အဖွဲ့နှင့်ကန့်ကွက်သည့် ကရင်နီလူငယ်များ တွေ့ဆုံခဲ့ရာ တိကျသည့် အဖြေမရရှိခဲ့ကြောင်း တက်ရောက်ခဲ့သည့် ကရင်နီလူငယ်များထံမှသိရသည်။ 

R-15



FOLLOW US