News

POST TAGGED AS

ဗိုလ်ချုပ်ကြေးရုပ်

လွိုင်ကော်ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ၅၀၅ (ခ၊ ဂ) နှင့် တရားစွဲခံရသူ ၁၁ ဦးအထိရောက်ရှိ
တောင်ငူ၊ ဇူလိုင် ၆

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်ထားရှိမည့်ကိစ္စ ကန့်ကွက်ကြောင်းနှိုးဆော်စာဖြန့်၍ လူငယ်တစ်ဦးကို ယနေ့ထပ်မံ၍ နိုင်ငံတော်ကိုအကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) (ဂ) နှင့် တရားစွဲဆိုလိုက်ရာ တရားစွဲခံရသူ ၁၁ ဦးအထိ ရှိပြီဖြစ်ကြောင်း ကရင်နီလူငယ်များက ပြောဆိုသည်။

“ကျွန်တော့ကို ကနေ့မနက် တရားရုံးဆင့်ခေါ်စာလာပေးတယ်။ ကန့်ကွက်တဲ့ လက်ကမ်းစာဆောင်ဝေတဲ့ပြသနာပါ”ဟု ယနေ့ထပ်မံတရားစွဲဆိုခံရသူ ခွန်သောမက်စ်က ပြောကြားသည်။

ပြီးခဲ့သည့် ဇွန်လ၂၇ ရက်နေ့က လွိုင်ကော်မြို့ကန္ဒာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုထားရှိမည့်ကိစ္စ ကန့်ကွက်သည့်အနေဖြင့် ကရင်နီသမိုင်းကြောင်း လက်ကမ်းစာဆောင်များ ဖြန့်ဝေမှုနှင့်ပတ်သက်ပြီး ယခုလ ၂ ရက်နေ့က လူငယ်ဆယ်ဦးကို စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ ၆ ရက်နေ့က တရားစွဲဆိုခံရသူ ခွန်သောမက်ကို ယခုလ ၁၁ ရက်နေ့တွင် လွိုင်ကော်မြို့နယ်တရားရုံးသို့ ဆင့်ခေါ်ထားပြီး ကနဦးတရားစွဲဆိုခံရသည့် လူငယ်ဆယ်ဦးအနက် ခုနှစ်ဦးသည် ဇူလိုင်လ ၅ ရက်နေ့က တရားရင်ဆိုင်ခဲ့ပြီးနောက် တရားသူကြီးက အာမခံငွေ ကျပ်သိန်းသုံးဆယ်စီဖြင့် အာမခံပေးခဲ့သည်။

လွိုင်ကော်မြို့နယ် ကန္ဒာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရန် ပြည်နယ်အစိုးရအဖွဲ့က ကြိုးပမ်းနေမှုအပေါ် ဒေသခံလူငယ်အချို့က ဇွန်လ ၂၇ ရက်နေ့မှစတင်ကာ ကန့်ကွက်သည့် လက်ကမ်းစာဆောင်များကို ဖြန့်ဝေခဲ့သည့်အတွက် နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ) များနှင့် မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ဆယ့်တစ်ဦးရှိနေပြီဖြစ်သည်။

ဗိုလ်ချုပ်ကြေးရုပ်တု စိုက်ထူရန် ပြင်ဆင်နေခြင်းနှင့်ပတ်သက်ပြီး ယခုလ ၃ ရက်နေ့နံနက်ကလည်း ကရင်နီပြည်လူငယ်များ သမဂ္ဂအဖွဲ့၊ ကယားပြည်နယ် ကျောင်းသားများသမဂ္ဂအဖွဲ့နှင့် ဒေသခံများက လမ်းလျှောက်ချီတက် ဆန္ဒဖော်ထုတ်ခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့က လူစုခွဲခဲ့သည်။

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကန္ဒာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရန် ပြည်နယ်အစိုးရအဖွဲ့က ယခုနှစ်ဦးပိုင်းမှစတင်ပြီး ကြိုးပမ်းနေခြင်းအပေါ် ကရင်နီပြည်လူငယ်သမဂ္ဂနှင့် ကယားပြည်နယ်ကျောင်းသားများ သမဂ္ဂအဖွဲ့အပါအဝင် အရပ်ဖက်အဖွဲ့အစည်းများက အင်တိုက်အားတိုက် ကန့်ကွက်နေကြခြင်းဖြစ်သည်။

လက်ကမ်းစာဆောင် ဖြန့်ဝေမှုနှင့်ပတ်သက်ပြီး တရားစွဲဆိုခံထားရသူ ဆယ်တစ်ဦးမှာ မျိုးလှိုင်ဝင်း (ခ) ပါစကွာလယ်၊ ဘွဲ့ထူး၊ မကာမေးလာ (ခ) မကြီး၊ ဖိလစ်စိုးအောင်၊ ဒီးဒီ (ခ) စစ်မုန်း၊ ဖရန်စ္စကိုနှင့် ရိုစီကျော်၊နော်ကက်သရင်း၊ မော်ရား၊ ရိုစီနားနှင့် ခွန်သောမက်တို့ဖြစ်သည်ဟု လွိုင်ကော်မြို့နယ် တရားသူကြီး ဒေါ်နွယ်နွယ်ထွန်း လက်မှတ်ရေးထိုးထားသည့် ဆင့်ခေါ်စာအရသိရှိရသည်။

R-15



FOLLOW US