News

POST TAGGED AS

ဗိုလ်ချုပ်ကြေးရုပ်

လွိုင်ကော် ဗိုလ်ချုပ်ကြေးရုပ် ကန့်ကွက်သည့် လူငယ်များကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲ
တောင်ငူ၊ ဇူလိုင် ၎

ကယားပြည်နယ် အစိုးရအဖွဲ့က လွိုင်ကော်မြို့နယ်အတွင်း ဗိုလ်ချုပ်ကြေးရုပ်တည်မည့်ကိစ္စကို ကန့်ကွက်သည့်လူငယ် ၁၀ ဦး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)(ဂ) တို့ဖြင့် တရားစွဲဆိုခံရကြောင်း တရားစွဲဆိုခံထားရသူများထံမှ သိရသည်။

ဇွန်လ ၂၇ ရက်နေ့က ကရင်နီသမိုင်းကြောင်း စာရွက်ဖြန့်ဝေခြင်းနှင့်ပတ်သက်၍ လွိုင်ကော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက တရားလိုပြုလုပ်ပြီး အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယင်းမြို့နယ် ကန္ဒာဟေဝန်ပန်းခြံအတွင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု စိုက်ထူရန်ပြင်ဆင်နေခြင်းကို ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခြင်းနှင့်ပတ်သက်၍လည်း ထပ်မံ အမှုဖွင့်ခံရဖွယ်ရှိကြောင်း ၎င်းတို့ထံမှသိရသည်။

“ကယားပြည်နယ်သမိုင်းမှာ မရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းရုပ်တု မထားဖို့ ကန့်ကွက်တာပါ။ အစိုးရအဖွဲ့ကို ကန့်ကွက်တာ မဟုတ်တဲ့အတွက် အခုလိုတရားစွဲဆိုတာ လုံးဝမဖြစ်သင့်ပါဘူး”ဟု ကရင်နီ
ပြည်လူငယ်သမဂ္ဂအဖွဲ့မှ ဦးမျိုးလှိုင်ဝင်း (ခ) ပါစကွာလယ်က ပြောဆိုသည်။

တရားစွဲဆိုခံရသူများတွင် ကိုမျိုး လှိုင်ဝင်း(ခ)ပါစကွာလယ်၊ ဖိလစ်(ခ)စိုးအောင်၊ ဘွဲထူး၊ မရိုစီးနာ၊ မကာမေးလာ (ခ)မိကြီး၊ မရိုစီကျော်၊ ဒီးဒီ(ခ)စစ်မုန်း၊ မော်ရား၊ ဖရန်စစ္စကို၊ မမူကတ်သရင်းတို့ဖြစ်ပြီး ၎င်းတို့ကို ဇူလိုင် ၅ ရက်နေ့တွင် တရားရုံးသို့ လာရောက် ထုချေရှင်းလင်းရန်ခေါ်ဆိုထားကြောင်း ၎င်းတို့ထံမှသိရသည်။

ဗိုလ်ချုပ်ကြေးရုပ်တု စိုက်ထူရန်ပြင်ဆင်နေခြင်းကို ကန့်ကွက်သည့်အနေဖြင့် ဇူလိုင်၃ရက်နေ့က ကရင်နီပြည်လူငယ်များသမဂ္ဂအဖွဲ့၊ ကယားပြည်နယ် ကျောင်းသားများ သမဂ္ဂအဖွဲ့နှင့် ဒေသခံများက 
လွိုင်ကော်မြို့နယ်အတွင်း လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့သော်လည်း အင်အားသုံး လူစုခွဲခံခဲ့ရသည်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) (ဂ) တို့အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ယင်းဥပဒေတွင် ဖော်ပြထားသည်။

ကယားပြည်နယ်အစိုးရက လွိုင်ကော် မြို့၊ ကန္ဒာဟေဝန်ပန်းခြံ၌ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ယခုနှစ်ဇူလိုင် ၁၉ တွင် ကျရောက်မည့် (၇၁) နှစ်မြောက် အာဇာနည်နေ့အမီ စိုက်ထူနိုင်ရန် လုပ်ဆောင်နေသည်။

R-15



FOLLOW US