News

POST TAGGED AS

ဗိုလ်ချုပ်အောင်ဆန်း

18-Jul-2017

ရုပ်ရှင် 3D
3D ရုပ်ရှင်အကြောင်း တစေ့တစောင်း

3D လို့ ပြောလိုက်တာနဲ့ သုံးဖက်မြင် ဖန်သားပြင်သုံး ရုပ်ရှင်နည်းပညာကို အရင်ဆုံး မြင်မိကြမှာပါ။ တကယ်တော့ 3D နည်းပညာဆိုတာ ရုပ်ရှင်တစ်ခုတည်းမှာ မဟုတ်ဘဲ တခြားနည်းပညာ ရပ်ဝန်းတွေမှာလည်း အသုံးပြုနေတာတွေ ရှိပါတယ်။ ဥပမာပြောရရင် 30D Printing, 3D Computer Graphic, 3D Scanning နဲ့ 3D Video Games ဆိုပြီး အဘက်ဘက်က 3D နည်းပညာ တိုးတက်လာတာ တွေ့ရပါတယ်။ 3D Computer Graphic ကို အသုံးပြုပြီး ရိုက်ကူးလာနိုင်တဲ့ ရုပ်ရှင်တွေကို 3D ရုပ်ရှင်လို့ခေါ်ပါတယ်။ ဒီထဲကမှ 3D Printing ဟာ ပိုမို တိုးတက်လူကြိုက် များလာပြီး 3D ရုပ်ရှင်သုံး အထောက်အကူ ပစ္စည်းအချို့ကိုလည်း 3D Printing ကနေ ထောက်ပံ့ပေးလာနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ 3D ရုပ်ရှင်တွေကို ရုပ်ရှင်ရုံသွားစရာ မလိုဘဲ အိမ်ထဲမှာပါ ထိုင်ကြည့်နိုင်မယ့် 3D Television, 3D မျက်မှန်နဲ့ 3D Blu-ray စက်တွေကိုပါ ဖောဖောသီသီ ထုတ်လုပ် အသုံးပြုလာနိုင်ပါပြီ။ 3D ရုပ်ရှင်တွေကတော့ ပြည်ပမှာရော ပြည်တွင်းမှာပါ လူတွေရဲ့ ကြိုက်နှစ်သက်မှု အပြည့်ရထားတာလည်းဖြစ်လို့ အခုအချိန်ဟာ 3D နည်းပညာသုံး ရုပ်ရှင်ခေတ်လို့ ဆိုရမယ့်အချိန်ပါပဲ။

3D ရုပ်ရှင် ခေတ်ဦး

3D ရုပ်ရှင်တွေ စတင်မရိုက်ကူးနိုင်ခင်မှာတော့ 3D ဓာတ်ပုံတွေကို ကနဦး ရိုက်ကူး ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒီလို ရိုက်ကူးရာမှာ (Motion Picture Camera) ရုပ်ငြိမ်သာမက လှုပ်ရှားမှု ပါဝင်သော ရုပ်ရှင်များကိုပါ ရိုက်ကူးနိုင်တဲ့ ကင်မရာတွေနဲ့ ကွန်ပျူတာ နည်းပညာတွေကို အသုံးပြုပြီး 3D ရုပ်ငြိမ်ဓာတ်ပုံတွေကို စတင်ရိုက်ကူးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

တကယ်တော့ 3D ရုပ်ရှင်တွေဟာ ၂၁ ရာစု နည်းပညာတစ်ခု မဟုတ်ခဲ့ပါဘူး။ ၁၈၉၀ ခုနှစ်လောက်ကတည်းက ဗြိတိန်ရုပ်ရှင်လောက 3D ရုပ်ရှင်နည်းပညာကို William Friese-Greene က မူပိုင်ခွင့် တင်ထားခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ရှိပါတယ်။

၁၉၀ဝ ပြည့်နှစ်မှာတော့ Frederic Eugene ဟာ သူရဲ့ 3D စနစ် ရိုက်ကူးနိုင်တဲ့ Stereo Camera ကိရိယာတစ်ခုကို ထပ်ပြီး မူပိုင်ခွင့် တင်ခဲ့ပါတယ်။ သူ မူပိုင်ခွင့် တင်ခဲ့တဲ့ ကင်မရာဟာ မှန်ပြောင်း (Lens) နှစ်ခုပါဝင်ပြီး ၄ ဒသမ ၄၅ စင်တီမီတာ ရှိပါတယ်။ 

၁၉၅၁ မှာတော့ Edwin S.Porter နဲ့ William E. Waddell တို့ဟာ နယူးယောက်မြို့မှာရှိတဲ့ Astor ခန်းမထဲမှာ 3D ရုပ်ရှင်ကို ရိုက်ကူးဖို့ နည်းအမျိုးမျိုးနဲ့ စမ်းသပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဟာ 3D စနစ်နဲ့ ထွက်ရှိလာခြင်း မရှိခဲ့ပါဘူး။ 3D နည်းပညာကို အမှန်တကယ် ပြသနိုင်ခဲ့တဲ့အချိန်ကတော့ ၁၉၈၀ နဲ့ ၁၉၉၀ ဝန်းကျင်မှာ ဖြစ်ပါတယ်။ IMAX ရဲ့ နောက်ဆုံးပေါ် ခန်းမနဲ့ Disney ကစားကွင်းတို့မှာ စတင်ပြသနိုင်ခဲ့ပါတယ်။

3D ရုပ်ရှင် တစ်ခေတ်ဆန်းပြီ 

၂၀ဝ၀ ပြည့်နှစ်ဟာ 3D ရုပ်ရှင်ခေတ်လို့ ဆိုရမယ့်အချိန်ပါ။ 3D နည်းပညာကို တွင်တွင်ကျယ်ကျယ် လေ့လာစမ်းသပ်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ၂၀ဝ၉ ခုနှစ်မှာတော့ ကမ္ဘာ့ အသိအမှတ်ပြု အအောင်မြင်ဆုံး Avatar ရုပ်ရှင်ဇာတ်ကားကို 3D နည်းပညာ အသုံးပြုပြီး ကမ္ဘာအနှံ့အပြားမှာ ပြသနိုင်ခဲ့ပါတယ်။ Avatar ရုပ်ရှင်ထဲမှာပါဝင်တဲ့ ကွန်ပျူတာ စနစ်သုံး ရုပ်လုံးရုပ်ကြွတွေနဲ့ နောက်ခံမြင်ကွင်း၊ ရှုခင်းတွေဟာ 3D စနစ်ပေါ် ရောက်လာတဲ့အခါမှာ ကြည့်ရှုသူတွေ အကြိုက်တွေ့စေခဲ့တာပါပဲ။ Avatar ရုပ်ရှင် နောက်ပိုင်းမှာတော့ 3D နည်းပညာ တစ်ဟုန်တိုး တိုးတက်လာပြီး ရုပ်ရှင်ကားဟောင်းတွေဖြစ်တဲ့ Titanic လိုမျိုး ရုပ်ရှင်တွေကိုပါ 3D နည်းပညာ အသုံးပြုပြီး ပရိသတ်တွေအကြိုက် ဖန်သားပြင်ပေါ် အရောက် ပို့ပေးနိုင်ခဲ့ပါတယ်။

3D နဲ့ Virtual Reality 

ရုပ်လုံးတွေကို သုံးဖက်မြင် ကြွတက်နေဖို့ ကင်မရာတွေပဲလိုတာ မဟုတ်ပါဘူး။ 3D ရုပ်လုံးကြွတက်လာတာကို မြင်ရဖို့ 3D ဖန်သားပြင်နဲ့ 3D မျက်မှန်တို့လို အထောက်အကူပြု ပစ္စည်းတွေလည်း လိုအပ်ပါသေးတယ်။ ဒီလို 3D ရုပ်ရှင်တွေ ရင်သပ်ရှုမောဖွယ် ကြည့်နိုင်ဖို့ Virtual Reality ဆိုတဲ့ နည်းပညာက ထပ်မံ ပေါ်လာတာပါ။ Virtual Reality ကတော့ ၃၆၀ ဒီဂရီ ပတ်လည်ကို လိုအပ်သလို လှည့်ကြည့်နိုင်တဲ့အထိ အသုံးပြုနိုင်တဲ့ နည်းပညာကောင်း တစ်ရပ်ပါ။ ဒါပေမဲ့ တစ်ကိုယ်ရေပဲ အသုံးပြုနိုင်မှာဖြစ်သလို စမတ်ဖုန်းနဲ့ ချိတ်ဆက် အသုံးပြုရပါတယ်။ Virtual Reality အနေနဲ့ 3D တစ်ခုတည်းတင် မဟုတ်ပဲ 4D, 5D လို မြင်ကွင်းတွေအထိ ကြည့်ရှုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ကင်မရာ နည်းပညာတွေ မြင့်မားလာတာနဲ့အမျှ ကွန်ပျူတာတွေရဲ့ လုပ်ဆောင်ချက်နဲ့ မြင်ကွင်း ဖန်သားမြင်တွေရဲ့ လုပ်ဆောင်ချက်တွေဟာ ပိုမို အရေးပါလာပါတယ်။                                                          

3D ရုပ်ရှင်နဲ့ 3D ဗီဒီယိုဂိမ်း

အောင်မြင်တဲ့ ရုပ်ရှင်ကားတွေကိုတော့ 3D ဗီဒီယိုဂိမ်းအဖြစ် ပြန်လည် ဖန်တီးကြပါတယ်။ ဒီလိုဖန်တီးတဲ့ နေရာမှာလည်း ဆော့ရတဲ့သူတွေ အနေနဲ့ ဒီဇာတ်လမ်းထဲကို စီးမြောနိုင်အောင် ဖန်တီး ထုတ်လုပ်ကြပါတယ်။ တချို့ 3D ရုပ်ရှင်တွေကတော့ ရုပ်ရှင်ထုတ်လုပ်ရာမှာ ဂိမ်းကိုပါ တစ်ပါတည်း တွဲဖက် ထုတ်လုပ်လာကြပါတယ်။

လက်ရှိ 3D နည်းပညာ အကောင်းဆုံးလို့ပြောရမယ့် Walt Disney ကတော့ 3D ရုပ်ရှင်နဲ့ ဂိမ်း အမြောက်အမြား ထုတ်လုပ်ရောင်းချပြီး ဖြစ်ပါတယ်။ ဂိမ်းကုမ္ပဏီအနေနဲ့ Valve နဲ့ Ubisoft တို့ကတော့ ထိပ်သီးနေရာမှာ နေရာယူထားကြတာပါ။ 3D ရုပ်ကြွတွေကို တဖြည်းဖြည်း အပြင်ရုပ်သဏ္ဌာန်နဲ့ တစ်ပုံတည်း တူအောင် ပြုလုပ်နိုင်အောင် ဖန်တီးခဲ့ကြပါတယ်။ ဂိမ်း တစ်ခုကို ဖန်တီးတဲ့အခါမှာလည်း လူသရုပ်ဆောင်တွေကို သရုပ်ဆောင်ပြီး ဖန်တီးလာတာတွေအထိ တိုးတက် အောင်မြင်လာခဲ့ပါတယ်။

3D ခေတ်ကို ပြောင်းလဲစေခဲ့တဲ့ ရုပ်ရှင်များ 

Gravity (2013) - ဇာတ်ကောင်ရဲ့ အာကာသခရီးကို 3D ရုပ်လုံးရုပ်ကြွတွေနဲ့ ပုံဖော်ဖန်တီးထားပြီး ဒါရိုက်တာ Alfonso Nolan အတွက် အော်စကာဆု တစ်ခုကိုပါ ယူဆောင်ပေးနိုင်ခဲ့တဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ အာကာသနဲ့ ကမ္ဘာမြေတို့ရဲ့ အသွင်အပြင်တွေကို 3D နည်းပညာနဲ့ ရေးဆွဲ တည်ဆောက်ပုံကလည်း အံ့မခန်း ကောင်းမွန်နေတာကို တွေYရပါတယ်။ 

Avatar (2009) -  3D ခေတ် ပေါ်ပေါက်လာရေးမှာ ဦးဆောင်သူလို့ပြောရမယ့် ဒါရိုက်တာ James Cameron ရဲ့ Pandora ဂြိုဟ်ဟာ ပြင်ပလောကမှာ တကယ် ရှိသလို ထင်ရအောင် 3D ရုပ်လုံးကြွအဖြစ် ဖန်တီးနိုင်ခဲ့ပါတယ်။ လူသရုပ်ဆောင်နဲ့ 3D ရုပ်လုံးများကို တစ်ထပ်တည်းကျအောင် ဖန်တီးနိုင်ခဲ့တဲ့အပြင် ဇာတ်လမ်း၊ ဇာတ်အိမ် တည်ဆောက်ထားပုံကလည်း ကောင်းမွန်လှပါတယ်။ 3D Graphic တစ်ခုတည်း ကောင်းမွန်တာ မဟုတ်ဘဲ နောက်ဆုံးပေါ် သုံးဖက်မြင် ရုပ်ကြွကင်မရာများကို အသုံးပြုထားပါတယ်။ လူသရုပ်ဆောင် လှုပ်ရှားမှုပေါ် အခြေခံပြီး Computer Graphic တစ်ခု တည်ဆောက်ပုံတွေဟာ Avatar ရဲ့ အကောင်းဆုံး 3D အထူးပြုချက်တွေ ဖြစ်ခဲ့ပါတယ်။

How to Train Your Dragon (2010) - Dream Works Animation အနေနဲ့ Pixar ကို စိန်ခေါ်ဖို့ ပထမဦးဆုံး ထွက်ရှိလာတဲ့ 3D ရုပ်ရှင် ဇာတ်ကားတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင်တော့ ရင်သပ်ရှုမောဖွယ် စွန့်စားခန်းတွေနဲ့ 3D ရုပ်လုံးတွေကို အတော်လေး အသက်ဝင်အောင် ဖန်တီးထားနိုင်တာ တွေ့ပါတယ်။ 3D Animation အထူးပြုချက် အကောင်းမွန်ဆုံးဆုကို ရရှိခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ ရရှိခဲ့တဲ့ ရုပ်ရှင်ကား ဖြစ်ပါတယ်။ ရုပ်ရှင်တစ်ခုလုံးကို 3D ရုပ်လုံးများ အသုံးပြုထားပြီး တောတောင်ရေမြေ သဘာဝတွေကို ဖန်တီးရာမှာလည်း အပြင်လောကနဲ့ ဆင်တူအောင် ပြုလုပ်ထားပါတယ်။

Journey To The Center Of The Earth (2008) - ဒီရုပ်ရှင်မှာတော့ ပရိသတ်တို့ရဲ့ အချစ်တော် မင်းသား Brendan Fraser ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကား တစ်ကားဖြစ်ပြီး ဒါရိုက်တာ Eric Brevig က ရိုက်ကူးထားပါတယ်။ ထူးခြားတဲ့သမိုင်းဝင် တိရစ္ဆာန်များနှင့် ကမ္ဘာ့အလယ်ဗဟိုချက်၏ ပုံရိပ်များကို 3D နည်းပညာနဲ့ ပေါင်းစပ် ဖော်ထားပုံကတော့ အံ့မခန်းပါပဲ။ 

Beowulf (2007) - ရှေးခေတ်ဒဏ္ဍာရီတစ်ခုကို မျက်မှောက်ခေတ် 3D နည်းပညာ အသုံးပြုပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ Robert Zemeckis ဟာ ကိုယ်တိုင် ထုတ်လုပ်သူအဖြစ်ရော၊ ဒါရိုက်တာအဖြစ်ပါ ဒီရုပ်ရှင်မှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ မင်းသမီး Angelina Jolie ရဲ့ ကိုယ်လုံးတီး ဇာတ်ဝင်ခန်းဟာ 3D နည်းပညာနဲ့ ရုပ်ကြွတစ်ခုအဖြစ် တည်ဆောက်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Toy Story 3 (2010) - ရုပ်ရှင်တစ်ခုလုံးကို 3D နဲ့ဖန်တီးထားပြီး Pixar က ထုတ်လုပ်ထားတဲ့ ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ 3D အရုပ်တွေကို ဖန်တီးရာမှာ ရုပ်ကြွသက်ဝင်ပြီး 90s Kid တွေရဲ့ အသည်းစွဲ ရုပ်ရှင်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။



FOLLOW US