News

POST TAGGED AS

ဗဟိုဘဏ်

၆၆ (ဃ) ဖြင့် တရားစွဲခံရမှုတွင် တိုင်းလွှတ်တော်ကိုယ်စားလှယ် သက်သေအဖြစ် ပါဝင်မှုကို ရှင်းလင်း

မကွေး၊ အောက်တိုဘာ ၁၅

၆၆ (ဃ) ဖြင့် တရားစွဲဆိုခံရသည့် အမှုတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က တရားလိုပြ သက်သေအဖြစ် ပါဝင်နေမှုကို မဖြစ်သင့်ကြောင်းဟု တရားစွဲ ဆိုခြင်းခံရသူ ငဖဲလူငယ်ကွန်ရက် အကြံပေး ကိုကျော်ကိုကိုရှိန်က အောက်တိုဘာလ ၁၅ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားသည်။ 

အဆိုပါ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံရခြင်းမှာ ၂၀၁၆ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့က လူမှုကွန်ရက် စာမျက်နှာတွင် သတင်းထောက် ဦးမြဝင်းသည် တရားမဝင် အရက် ရောင်းချနေကြောင်း၊ ဓာတ်ဆီရောင်းချနေကြောင်း ဘာမထီအမည်ရှိ အကောင့်မှ ဖော်ပြချက်ကို ကိုကျော်ကိုကိုရှိန်က မဖြစ်သင့်ကြောင်းနှင့် ရှက်ဖို့ကောင်းကြောင်း မှတ်ချက်ကို ရေးသားကာ ပြန်ရှယ်ခဲ့ရာမှ သတင်းထောက် ဦးမြဝင်း (ခ) အောင်သူက နစ်နာသည်ဟုဆိုကာ ၎င်းကို အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အမှုစဖွင့်ခါစက ရဲစခန်းကအမှု မဖွင့်ပေးခဲ့သော်လည်း နောက်တစ်ကြိမ်တွင် အမှု၏သက်သေအဖြစ် ငဖဲမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်သည် ပါဝင်လာသည့်အတွက် လက်မခံ၍ မရတော့ကြောင်းဟု နယ်ထိန်းတစ်ဦးက ပြောဆိုခဲ့ကြောင်း ကိုကျော်ကိုကိုရှိန်က ပြောကြားသည်။ 

“ဒါကိုကြည့်ခြင်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ တရားရေးမဏ္ဍိုင်အပေါ် ဘယ်လောက် ဖိအားဖြစ်စေသလဲဆိုတာ မှန်းဆကြည့်စေချင်ပါတယ်”ဟု ၎င်းကဆိုသည်။ 

ယင်းသို့ လွှတ်တော်ကိုယ်စားလှယ်က အမှုတွင် ပါဝင်သက်သေခံသည့်အပေါ် ဒေသခံအဖွဲ့အစည်းတစ်ခုဖြစ်သည့် ငဖဲ လူငယ်ကွန်ရက်က အပြင်းအထန် ရှုတ်ချကြောင်း သဘောထား ကြေညာချက်တစ်စောင်ကိုလည်း အောက်တိုဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

တရားစွဲဆိုရခြင်းသည် သတင်းထောက်တစ်ဦးအနေနှင့် စွဲဆိုခြင်းမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ မိမိဂုဏ်သိက္ခာကို ထိပါးလာသည့်အတွက် အမှုဖွင့် တရားစွဲဆိုရခြင်းသာဖြစ်ကြောင်း မကွေးအခြေစိုက် မြေလတ် ဂျာနယ်မှ သတင်းထောက် ဦးမြဝင်းက ပြောကြားသည်။

ဦးမြဝင်းလာပြသည့် ကိုကျော်ကိုကိုရှိန်၏ ဖေ့ဘုတ်မှ တင်သမျှကို ကြည့်ခဲ့မိကြောင်း၊ ရဲစခန်းတွင် သက်သေအဖြစ် ဦးမြဝင်းက တင်သွင်းထားခြင်းဖြစ်ပြီး အမှန်တကယ် တရားရုံးက ဆင့်ခေါ်သည့်အခါတွင် အမှန်အတိုင်းသာ ထွက်ဆိုရန် ဆုံးဖြတ်ထား၍ မည်သည့်အဖွဲ့အစည်း၊ မည်သူ့ကိုမျှလည်း ဖိအားပေးခြင်း၊ တိုက်တွန်းခြင်းမျိုး ပြုလုပ်မည်မဟုတ်သလို ပြုလုပ်ထားခြင်းလည်း မရှိပါကြောင်း ငဖဲမြို့နယ်ကိုယ်စားပြု မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစန်းကြူက ပြောကြားသည်။

ကိုကျော်ကိုရှိန်နှင့် ဦးမြဝင်းတို့အကြား ပြေလည်စေရေးအတွက် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ဘူးကာ ယခုအချိန်ထိလည်း မည်သူ့ကိုမျှ ထိခိုက်စေလိုစိတ် မရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

R-02



FOLLOW US