News

POST TAGGED AS

ဗင်နီဇွဲလား

မိုးထိမိုးမိ ရွှေတူးဖော်ခွင့် ပြန်မအပ်နိုင်သေး၊ အစိုးရကို တရားရင်ဆိုင်မည်ဟု ကုမ္ပဏီတုံ့ပြန်
ရန်ကုန်၊ ဩဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသရှိ ရွှေတူးဖော်ခွင့်ပြုမိန့်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက နှစ်ပတ်အတွင်းပြန်အပ်ရန် အကြောင်းကြားထားခြင်းကို ပြန်မအပ်နိုင်သေးဘဲ အစိုးရကို တရားဥပဒေအရ ရင်ဆိုင်မည်ဖြစ်ကြောင်း အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က ပြောကြားသည်။

လက်ရှိဝန်ကြီးဌာန၏ လုပ်ဆောင်ပုံများမှာ တရားမျှတမှုမရှိသည့်အတွက် တရားရုံးချုပ်သို့ ရွှေတူးဖော်ခွင့်လုပ်ကွက်နှင့်သက်ဆိုင်သည့် သက်သေနှင့် အထောက်အထားများအားလုံးကို ပေးပို့ထားသည့်အတွက် ယင်းကာလအတွင်း ပို့ပေးနိုင်ရန် အဆင်ပြေမည်မဟုတ်ကြောင်း ၎င်းကဆိုသည်။

“ဒါက Fair မဖြစ်ဘူးလို့ ထင်တယ်။ ဒါကြောင့် တရားဥပဒေအရ ရင်ဆိုင်မယ်” ဟု ဦးစိုးထွန်းရှိန်က ပြောဆိုသည်။

ရမည်းသင်းမြို့နယ်အတွင်းရှိ မိုးထိမိုးမိဒေသ၌ အကြီးဆုံးရွှေတူးဖော်လုပ်ကွက် ရရှိထားသည့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၏ တူးဖော်ခွင့်ကို နှစ်ပတ်အတွင်း ပြန်လည်အပ်နှံရန် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် အစိုးရကကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ထိုကာလအတွင်း မအပ်နှံပါက ကုမ္ပဏီနှင့် သယံဇာတသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့အကြား ချုပ်ဆိုထားသည့် ပြင်ဆင်ချက်စာချုပ် အပိုဒ် ၂၉-၁ အရ ကုမ္ပဏီကို မည်သည့်လုပ်ငန်းမျှ လုပ်ကိုင်ခွင့်မပြုသည့် ပြစ်ဒဏ်ချမှတ်ပြီး သက်ဆိုင်ရာ တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားသည်။

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသ ရွှေစင်တောင်၊ ထုံးကြီးတောင်၌ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးထားသည့် ရွှေသတ္တုအကြီးစားတူးဖော်ရေးလုပ်ကွက် လုပ်ကွက်အမှတ် A နှင့်ပတ်သက်ပြီး ချုပ်ဆိုထားသည့်စာချုပ်အရ နိုင်ငံတော်ကို ပေးသွင်းရမည့် သတ်မှတ်ရွှေစင်ပမာဏကို မပေးသွင်းသည့်အတွက် ၂၀၁၇ ခုနှစ် ၁၁ လပိုင်း ၈ ရက်နေ့မှစ၍ ရွှေသတ္တုထုတ်လုပ်မှုကို ရပ်ဆိုင်းထားရန် အစိုးရက ညွှန်ကြားထားသည်။

“ကျွန်တော်တို့ ရွှေထုတ်လုပ်မှုလျော့နေတဲ့ အချိန်မှာတောင် လစဉ် ၁၀ ပိဿာ သွင်းခဲ့ပါတယ်။ သူတို့က ရွှေပိဿာချိန် ၁၂၇၀ မသွင်းခဲ့ဘူးဆိုတာ မဟုတ်ပါဘူး။ တကယ်တော့ ရွှေပိဿာချိန် ၁၀၀ ကျော်ပဲ ရှိပါတယ်။ အစိုးရသတ်မှတ်ချက်အတိုင်း မသွင်းနိုင်ခဲ့ဘူးဆိုတာက ကျွန်တော်တို့ လုပ်ကွက်တွေမှာ တစ်လကို ပိဿာချိန် ၆၀ လောက်ပဲ ထွက်ခဲ့တဲ့အချိန်တွေတုန်းကပါ” ဟု ဦးစိုးထွန်းရှိန်က တုံ့ပြန်ပြောကြားသည်။

အဆိုပါလုပ်ကွက် A နှင့်ပတ်သက်ပြီး ခွင့်ပြုမိန့်ကို ပြန်လည်အပ်နှံရန် ဝန်ကြီးဌာနက ကုမ္ပဏီထံ တရားဝင်စာဖြင့် ခြောက်ကြိမ် အကြောင်းကြားခဲ့သော်လည်း ယခုအချိန်ထိ ပြန်လည်အပ်နှံခြင်းမရှိသည့်အတွက် ယခုကဲ့သို့ အသိပေးထုတ်ပြန်ခြင်းဖြစ်ပြီး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိသည့်အတွက် ယင်းလုပ်ကွက်မှ ရွှေသတ္တုတူးဖော်ခွင့်ကို ယခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ရပ်ဆိုင်းထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် မိုးထိမိုးမိဒေသ လုပ်ကွက်တွင် ၂၀၁၁ ခုနှစ်မှစတင်၍ ၂၅ နှစ် လုပ်ကိုင်ခွင့်ရရှိထားသည်။

S-04



FOLLOW US