News

POST TAGGED AS

ဗင်နီဇွဲလား

ဗင်နီဇွဲလားအတိုက်အခံတို့ သပိတ်မှောက်ထားသော်လည်း သမ္မတက အထွေထွေရွေးကောက်ပွဲ အချိန်စောခေါ်ယူ
ကရာကတ်စ်၊ ဖေဖော်ဝါရီ ၂၂

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုသည် အထွေထွေရွေးကောက်ပွဲကို သမ္မတရွေးကောက်ပွဲနှင့် တစ်ရက်တည်း ဧပြီလ ၂၂ ရက်နေ့တွင် ကျင်းပရန် အချိန်စောခေါ်ယူခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။

အထွေထွေရွေးကောက်ပွဲဟုဆိုရာတွင် လုံးဝပြန်လည်ဆန်းသစ်မှုမျိုး ဖြစ်စေရန် လွှတ်တော်၊ ပြည်နယ်ကောင်စီများနှင့် မြူနီစီပယ်ရွေးကောက်ပွဲများပါ တစ်ပြိုင်နက် ကျင်းပသွားမည်ဟု သမ္မတ မာဒူရိုက ပြောကြားသည်။

လွှတ်တော်ရွေးကောက်ပွဲများကို သတ်မှတ်ချိန်ထက် နှစ်နှစ်ခန့် စောခေါ်ယူရန် သင့်၊ မသင့်ကို တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်သွားမည်ဟု သမ္မတက ပြောကြားခဲ့သည်။ တိုင်းပြုပြည်ပြုလွှတ်တော်မှာ အတိုက်အခံတို့ လွှမ်းမိုးထားသော လွှတ်တော်ကို မာဒူရို၏ဩဇာခံ တရားရုံးချုပ်က ဖျက်သိမ်းပြီးနောက် အခြေခံဥပဒေ ပြန်လည်ရေးဆွဲရန်ဟုဆိုကာ ဖွဲ့စည်းထားသည့် လွှတ်တော်ဖြစ်သည်။

သမ္မတရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း လွှတ်တော်ကို လွှမ်းမိုးနိုင်ခဲ့သော အတိုက်အခံညွန့်ပေါင်းအဖွဲ့ဖြစ်သည့် Democractic Unity Rountable (MUD) က ကြေညာထားချိန်တွင် သမ္မတက အထွေထွေရွေးကောက်ပွဲများပါ တစ်ပြိုင်နက်လုပ်မည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။

သမ္မတရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတမှုရှိကြောင်း အစိုးရက အာမခံနိုင်ခြင်းမရှိသောကြောင့် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ဟု အတိုက်အခံများက ကြေညာထားသည်။

သမ္မတရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ် ဒုတိယနှစ်ဝက်တွင်မှ ကျင်းပရန်၊ အမှီအခိုကင်းသော နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ပါဝင်သော ရွေးကောက်ပွဲကော်မရှင်၏ မျှတသော ကြီးကြပ်မှုဖြင့် ကျင်းပရန် အတိုက်အခံတို့က တောင်းဆိုထားသည်။ သို့သော်လည်း မာဒူရိုက ဧပြီလ ၂၂ ရက် နေ့တွင်ပင် ရွေးကောက်ပွဲများအားလုံး ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မာဒူရိုကမူ မည်သို့သောအခြေအနေတွင်မဆို ရွေးကောက်ပွဲကိုကျင်းပသွားမည်ဟု ကြေညာခဲ့သည်။ “မိုးရွာရွာ၊ နေသာသာ၊ မိုးကြိုးပစ်ပစ်၊ MUD ပါချင်ပါ၊ မပါချင်နေ ရွေးကောက်ပွဲကိုလုပ်သွားမှာပါ”ဟု မာဒူရိုက ပြောကြားခဲ့သည်။

၂၀၁၄ တွင် ရေနံဈေးကျဆင်းပြီးနောက် ဗင်နီဇွဲလားအစိုးရသည် စီးပွားရေးအကျပ်အတည်းနှင့် ရုန်းကန်ခဲ့ရသည်။ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြေခံပစ္စည်းများ ပြတ်လပ်မှုကြောင့် အစိုးရအပေါ် ထောက်ခံမှု သိသိသာသာ ကျဆင်းခဲ့ရသည်။

ယမန်နှစ်အတွင်း နေ့စဉ်နှင့်အမျှ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး လူ ၁၀၀ ကျော် သေဆုံးခဲ့သည်။ သို့သော်လည်း အတိုက်အခံတို့ ထိန်းချုပ်ထားသော လွှတ်တော်ကို ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်း ဖျက်သိမ်းပြီး တိုင်းပြည်ပြုလွှတ်တော်က လုပ်ပိုင်ခွင့်လွှဲယူပြီးနောက်ပိုင်းတွင် ဆန္ဒပြမှုများ အရှိန်သေသွားခဲ့သည်။

မာဒူရိုအစိုးရသည် တစ်ချိန်က မဟာမိတ်အဖြစ်မှ ရန်သူဖြစ်လာသူများကိုပါ အဓိကရာထူးနေရာများမှ ဖယ်ရှားခဲ့ပြီး ရှေ့နေချုပ်ဟောင်း လွီဆာအော်တေဂါဒိုင်ယက်ဇ်လည်း အပါအဝင်ဖြစ်သည်။

F-03



FOLLOW US