News

POST TAGGED AS

ဖွဲ့စည်းပုံ

ဖွဲ့စည်းပုံပြင်ရန် ဆောင်ရွက်ခြင်း မရှိသေးဟု NLD ဥပဒေရေးရာ ကော်မတီဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လွှတ်တော်လမ်းကြောင်းမှ ဆောင်ရွက်ရန် လတ်တလော မရှိသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥပဒေရေးရာ ကော်မတီထံမှ သိရသည်။

၂၀၁၅ ရွေးကောက်ပွဲ ကျင်းပပြီးနောက် NLD ပါတီမှ အများစု အနိုင်ရသော လွှတ်တော်ကို ၂၀၁၆ ဖေဖော်ဝါရီလက စတင်ကျင်းပခဲ့သည်မှာ တစ်နှစ်တာ ကာလသို့ ရောက်ရှိလာသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ လွှတ်တော်တွင် ဆွေးနွေးမှု တစ်စုံတစ်ရာ မရှိသေးပေ။

NLD ပါတီသည် ဒုတိယအကြိမ် ပြန်လည်ကျင်းပမည့် ငြိမ်းချမ်းရေး ညီလာခံကိုသာ အာရုံစိုက်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေရေးရာ ကော်မတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ဆိုသည်။

“လတ်တလော ဘာမှမရှိဘူး။ ကျွန်တော် ဘာမှမကြားရဘူး။ ဘာမှမရှိဘူးလို့ သိရတယ်။ အားလုံးရဲ့ အာရုံတွေက ငြိမ်းချမ်းရေး ညီလာခံဘက်ကို ရောက်နေတယ်” ဟု ဦးဌေးဦးက ပြောသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လွှတ်တော်လမ်းကြောင်းမှ ဆောင်ရွက်ခြင်း မပြုဘဲ ၂၁ ရာစု ပင်လုံညီလာခံ၌ တိုင်းဒေသကြီး ပြည်နယ်များရှိ အဖွဲ့အစည်း အသီးသီးမှ တင်ပြကြသော စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လက်နက်ကိုင်အဖွဲ့များ အားလုံး နိုင်ငံရေးဆွေးနွေးသည့် အချိန်တွင်မှ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

“မရှိနိုင်သေးဘူးလို့ပဲ ပြောလို့ရမယ်။ မရှိဘူးလို့တော့ ပြောလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ စကားတွေ အားလုံးက တရားသေ ဘယ်အရာမှ မရှိပါဘူး။ ၂၁ ရာစု ပင်လုံညီလာခံက ဘယ်တော့ပြီးမှာလဲ ဘယ်တော့ ဒီအဖြေထွက်မှာလဲ ဆိုတာ မပြောနိုင်ဘူး။ မပြောနိုင်တဲ့အခါ လိုချင်တာ ရှိလာရင် ဒီဘက်ကနေ ဖိအားပေးသင့်ရင် ပေးရမယ်။ အဲဒီလိုမျိုး အခြေအနေတွေပေါ်မှာ မူတည်ပြီးတော့ မီးစင်ကြည့်ကရမယ့် သဘောပေါ့။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကလည်း အဲဒီသဘောပဲ” ဟု ဦးဌေးဦးက ဆက်လက်ပြောသည်။

မွန်ပြည်နယ် NLD ပါတီက ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကို ဖေဖော်ဝါရီ ၁၈ ရက်က ချောင်းဆုံမြို့တွင် ပြုလုပ်စဉ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD ပါတီကို မဲပေးရန် မဲဆွယ်စည်းရုံးခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံတွင် ပါဝင်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ပြီးခဲ့သည့် အစိုးရလက်ထက်၌ အတိုက်အခံများ ဖြစ်သော NLD  ပါတီနှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့သည် ၂၀၁၄ ခုနှစ် မေလအတွင်း လက်မှတ်များ ကောက်ခံခဲ့ရာ ငါးသန်းရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့သည်။

“လက်မှတ်ငါးသန်း မဟုတ်ဘူး။ လက်မှတ်ဆယ်သန်းရလည်း ဥပဒေအရ ဘာရမယ်ဆိုတဲ့ ဥပဒေမှ မပြဋ္ဌာန်းထားဘူး။ ဥပဒေမှာ မရှိတဲ့အတွက် ငါးသန်းရရ၊ ဆယ်သန်းရရ၊ သန်းနှစ်ဆယ်ရရ ရတာပဲ ရှိမှာပေါ့။ နိုင်ငံရေးအရတော့ ပြည်သူတွေက ပြင်ချင်တယ်။ ပြင်ဖို့ဆန္ဒရှိတယ်ဆိုတဲ့ သက်သေအထောက်အထား ဖြစ်တာပေါ့။ လက်တွေ့နယ်ပယ်မှာ ဆိုရင်တော့ ဥပဒေ ဘောင်ထဲမှာ ရှိတဲ့အတိုင်းပဲ တပ်မတော်ကလည်း ပြည်သူလက်မှတ်ငါးသန်း ရတာကို သူကလည်း သိတာပဲ။ လက်တွေ့နယ်ပယ်မှာကျတော့ သူ့လုပ်ပိုင်ခွင့်ထဲမှာ သူ့အကြောင်းပြချက်နဲ့သူ ကျင့်သုံးသွားတယ်” ဟု ဦးဌေးဦးက ပြောသည်။

၂၀၁၅ ခုနှစ် NLD ပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်း၌ ဖွဲ့စည်းပုံ ပြင်ဆင်ရန် ကြွေးကြော်ခဲ့သော်လည်း လက်တွေ့၌ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပျက်ကွက်လျက်ရှိကြောင်း လူထုထံ၌ ဖွဲ့စည်းပုံ ပြင်ဆင်ရန် ကောက်ခံခဲ့သော လက်မှတ်ငါးသန်းကို အသက်ဝင်ရန် လုပ်ဆောင်ရန် လိုအပ်ကြောင်း ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ဦးမြအေးက သုံးသပ်သည်။

“လူထုရဲ့ လက်မှတ်ငါးသန်းကိုတော့ ပစ်စလတ်ခတ်လုပ်တာမျိုး၊ ပြီးလွယ်စီးလွယ် လုပ်လိုက်တာမျိုးဗျာ။ ရှင်းရှင်းပြောမယ်ဗျာ နိုင်ငံရေးမှာ လိုတဲ့အချိန် အသုံးချသွားတာမျိုး NLD ပဲလုပ်လုပ်၊ ဘယ်သူပဲလုပ်လုပ် လက်မခံဘူး” ဟု ဦးမြအေးက ဆိုသည်။          

J-07



FOLLOW US