News

POST TAGGED AS

ဖျာပုံ

ဖျာပုံမြို့အနီး ပင်လယ်ပြင်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေး ဆွေးနွေး
ပုသိမ်၊ ဖေဖော်ဝါရီ ၁၇ 

ဧရာဝတီတိုင်းတောင်ပိုင်း ဖျာပုံမြို့ ပင်လယ်ပြင်မှ မော်တင်စွန်းတစ်လျှောက်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ရန်အတွက် Total E & P Myanmar ကုမ္ပဏီ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ ငါးလုပ်ငန်းရှင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဖေဖော်ဝါရီလ ၁၆ ရက်က ပုသိမ်မြို့ နောင်ရိုးဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ 

Total Exploaration & Production Myanmar (Total E & P Myanmar) ကမ်းလွန်လုပ်ကွက် အမှတ် M5-M6 ပင်လယ်ကြမ်းပြင်ရှိ သဘာဝဓာတ်ငွေ့များကို ရှာဖွေရန် သုံးဖက်မြင် မြေသားတိုင်းတာခြင်းလုပ်ငန်း (3D Seismic survey) ကို မတ်လမှစတင်ကာ ဆောင်ရွက်နိုင်ရေးအတွက် ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် ထိခိုက်နိုင်မှု ကနဦး ဆန်းစစ်ခြင်းများအပေါ် ပြည်သူလူထု ပူးပေါင်းပါဝင်ပြီး သဘောထားအမြင်၊ အတွေ့အကြုံများ ဖလှယ်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း Total  E & P Myanmar သဘာဝပတ်ဝန်းကျင်အင်ဂျင်နီယာ စောဟက်ဆန်က ပြောသည်။ 

အသံလှိုင်း တုန်ခါမှု၊ စက်ယန္တရားမှ စွန့်ပစ်ပစ္စည်းများကြောင့် ဒေသတွင်း သဘာဝ ငါး၊ ပုစွန်သယံဇာတကို မှီခိုလုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်းပြုနေသည့် ဒေသခံ ကမ်းနီးငါးဖမ်းလုပ်သား (ကမ်းနီးရေလုပ်သား) များ၏ ငါးဖမ်းလုပ်ကွက်များ အနည်းနှင့်အများ ပျောက်ပျက်မည်ဖြစ်ကြောင်း၊ ယင်းအခြေအနေကြောင့် ဒေသခံများ၏ ဘဝရပ်တည်မှုအတွက် တာဝန်ခံမှု တာဝန်ယူမှုကို အစိုးရအဖွဲ့က စီစဉ်ရန် လိုအပ်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်း ကမ်းနီးရေလုပ်သားများ သမဂ္ဂဝင် ဦးသန်းထွေးက အကြံပြုသည်။ 

“ရေအောက်သယံဇာတတွေ ထပ်တွေ့မယ်ဆိုရင် အခုဖြစ်ပေါ်နေတဲ့ ဆင်းရဲကျပ်တည်းမှုတွေ အထိုက်အလျောက်တော့ ပြေလျော့သွားနိုင်မယ်။ ဒေသခံရေလုပ်သားများတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ကုမ္ပဏီတာဝန်ရှိသူတွေအနေနဲ့ ဒေသခံတွေ နားလည်မယ့် ဝေါဟာရတွေနဲ့ ပြန်ရှင်းပြဖို့လိုအပ်မယ်၊ ဒေသခံတွေရဲ့ သက်မွေးမှုဘဝ ထိခိုက်မှုကို ဖြေလျှော့ပေးနိုင်ဖို့လည်း အလေးပေးစဉ်းစားသင့်တယ်”ဟု ပုသိမ်မြို့အခြေစိုက် အမျိုးသား ဒီမိုကရေစီကွန်ရက်မှ ဦးသန်းဝင်းက ပြောသည်။

Total Exploaration & Production Myanmar (Total E & P Myanmar) ကုမ္ပဏီသည် မြန်မာ့ပင်လယ်ပြင်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်များတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထုတ်လုပ်နေသည့် ကုမ္ပဏီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ၅၀ ရာခိုင်နှုန်းနီးပါး ထုတ်လုပ်ပေးနေကာ ထိုင်းနိုင်ငံကိုလည်း ရောင်းချနေကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

ဧရာဝတီတိုင်းအနီး ပင်လယ်ပြင်ရှိ လုပ်ကွက်အမှတ် M5 နှင့် M6 ကို ၁၉၉၅ ခုနှစ်ကတည်းက လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ဧရိယာ ၂၄၅၄၁ စတုရန်းကီလိုမီတာ ကျယ်ဝန်းကြောင်း၊ အဆိုပါ လုပ်ကွက်နှစ်ကွက်ကို လာမည့်မတ်လတွင် စတင်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

R-12



FOLLOW US