News

POST TAGGED AS

ဖုန်း

10-Oct-2016

ဖုန်း
Nokia 301 ဖုန်းအဟောင်းက လူ့အသက်တစ်ချောင်းကို ကယ်တင်ဟုဆို
ဝါရှင်တန်၊ အောက်တိုဘာ ၉

နိုကီယာ ကုမ္ပဏီထုတ် Nokia 301 ဖုန်းအဟောင်းလေးကို ကိုင်ဆောင်ထားသူ တစ်ဦးသည် ကျည်ထိမှန်ခြင်း ခံခဲ့ရသော်လည်း ဖုန်းသာပျက်သွားပြီး အသက်မသေသော ဖြစ်ရပ်တစ်ခု အာဖဂန်နစ္စတန်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့ကြောင်း AP သတင်းတွင် ဖော်ပြထားသည်။

ယင်းဖုန်းအမျိုးအစားသည် ခေတ်မီခြင်း မရှိတော့သော်လည်း ဖုန်းထဲတွင် ကျည်ထိပ်ဖူးသည် မြုပ်နေပြီး ရှေ့ဆက်တိုးသွားခြင်း မရှိသဖြင့်သာ အသက်ချမ်းသာရာ ရခဲ့ခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

ယခင် နိုကီယာ ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ပီတာစကေးမန်း ဆိုသူက မိမိတီထွင်ခဲ့သော Nokia 301 ဖုန်းလေးသည် လူ့အသက်တစ်ချောင်းကို ကယ်တင်နိုင်ခဲ့ကြောင်း ဂုဏ်ယူစွာဖြင့် Twitter ပေါ်က တစ်ဆင့် ပုံများကို ဖော်ထုတ်တင်ပြလျက် ရှိရာ လူအများက စိတ်ပါဝင်စားခဲ့ကြသည်။

ပီတာသည် ယခုအခါ  မိုက်ခရိုဆော့ဖ် ကုမ္ပဏီတွင် ပြောင်းလဲ တာဝန်ထမ်းဆောင်နေပြီ ဖြစ်ကာ ယခင် နိုကီယာဖုန်းများကို ပြန်လည်အသက်သွင်းရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယင်းသတင်းက သူ့အား ပိုပြီး အားတက်စေကြောင်း Twitter တွင် ရေးသားထားသည်။

Nokia 301 ဖုန်းသည် ၂၀၁၃ ခုနှစ်ကတည်းက တီထွင်ခဲ့သော ဖုန်းဖြစ်ကြောင်း သူ၏ ရေးသားမှုများတွင် ဖော်ပြထားသော်လည်း ကျည်ဆန်သည် မည်သို့ ဖုန်းကို ထိမှန်ခဲ့ရကြောင်း အသေးစိတ်ကိုမူ တိကျစွာ ဖော်ပြထားခြင်း မရှိပေ။

စက်တင်ဘာလကလည်း တောင်အာဖရိကနိုင်ငံတွင် Huawei P8 ဖုန်းကိုင်ဆောင်ထားသည့် လုပ်ငန်းရှင်တစ်ဦးအား ဓားပြတိုက်စဉ် သေနတ်ဖြင့် အပစ်ခံခဲ့ရရာ ဖုန်းကိုသာထိပြီး လူ့အသက်ကို ကယ်တင်နိုင်ခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း AP သတင်းတွင် ရေးသားထားသည်။ 

ကိတ်တောင်းမြို့တွင် ဆာရတ်ဂ်ျ အေဘရာဟင်ဆိုသူ လုပ်ငန်းရှင် တစ်ဦးသည် အိမ်ပြင်သို့ အထွက်တွင် ၉ မမ ကျည်ဖြင့် အနီးကပ်ပစ်ခတ်ခြင်း ခံခဲ့ရသော်လည်း ဖုန်းကိုမှန်ပြီး အသက်ချမ်းသာရာ ရခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။ 

Nokia 301 ဖုန်းကိစ္စတွင်မူ အာဖဂန်နစ္စတန်ဟုသာ ပါရှိပြီး မည်သူသည် မည်သည့်အတွက် ပစ်ခတ်ခြင်း ခံရကြောင်း တိကျသည့် ဖြေရှင်းချက်များ မပါသောကြောင့် ပီတာစကေးမန်းကို မိမိတို့ လုပ်ငန်းအောင်မြင်ရေးအတွက် လုပ်ကြံဝါဒဖြန့်ခြင်း ဖြစ်မည်ဟု ဝေဖန်မှုများ၊ သူရေးသားသည့် အကြောင်းအရာနှင့် တင်ပြထားသည့် ပုံအောက်တွင် တွေ့ရကြောင်း AP သတင်းတွင် ဖော်ပြထားသည်။

Ref: Twitter



FOLLOW US