News

POST TAGGED AS

ဖုန်း

19-Sep-2016

ဖုန်း
Samsung Galaxy Note 7 ဖုန်းကြောင့် ပေါက်ကွဲမီးလောင်မှု ဖြစ်ပွား
ဝါရှင်တန်၊ စက်တင်ဘာ ၁၈

Samsung ကုမ္ပဏီထုတ် Galaxy Note 7 ဖုန်းများကို ဘက်ထရီ ပေါက်ကွဲမှုကြောင့် မူရင်းကုမ္ပဏီက ပြန်လည်သိမ်းဆည်းနေသည့်ကြားမှ အမေရိကန်ပြည်ထောင်စု၊ တောင်ပိုင်း ဖလော်ရီဒါကမ်းခြေတွင် ရပ်နားထားသည့် ကားတစ်စီးသည် ဖုန်းကြောင့် ပေါက်ကွဲမီးလောင်မှုကို ဖြစ်ပွားသည်ဟု ယူဆရကြောင်း ပို့စိန့်လူစီ ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို The Washington Post သတင်းတွင် ဖော်ပြထားသည်။

ကားကိုမီးလောင်နေမှ တွေ့ရှိရပြီး ယာဉ်မောင်းသူမှာ မီးလောင်ခြင်း မရှိဘဲ ကားထဲတွင် Note 7 ဖုန်းကို အားသွင်းထားစဉ် ပေါက်ကွဲပြီး မီးလောင်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်ဟု ယင်းသတင်းက ဆိုသည်။

မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက ဖုန်းပေါက်ကွဲခြင်းကြောင့် မီးလောင်ရသည် ဆိုခြင်းကို အတည်ပြုချက် မပေးနိုင်သေးကြောင်း၊ မိမိတို့ စစ်ဆေးလျက်ရှိကြောင်း ပြောကြားသည်။

စက်တင်ဘာလ ၉ ရက်နေ့ကလည်း ဖလော်ရီဒါမှ လူတစ်ဦးသည် Galaxy Note 7 ဖုန်းပေါက်ကွဲမှုကြောင့် မိမိပေါင်နှင့် ဘယ်လက်မတစ်ချောင်း မီးလောင်ကျွမ်းခဲ့ရသဖြင့် Samsung ကုမ္ပဏီကို အရေးယူပေးပါရန် တရားစွဲမှု ဖြစ်ပွားခဲ့ကြောင်း Reuters သတင်းတွင် ရေးသားထားသည်။

ယော်နာသန် စထိုဘဲလ်ဆိုသူက မိမိသည် Note 7 ဖုန်းကို ဘောင်းဘီရှေ့ အိတ်ထဲတွင် ထည့်ထားပြီး လမ်းလျှောက်လာစဉ် ဖုန်းက ပေါက်ကွဲပြီး ဘောင်းဘီကို မီးလောင်ရာ ဖုန်းကို ဖယ်ရှားစဉ် မိမိပေါင်နှင့် လက်မကိုပါ ထိခိုက်ခဲ့ရကြောင်း ပြောကြားသည်။

စက်တင်ဘာလ ၂ ရက်နေ့ကတည်းက Samsung ဖုန်းများဖြစ်သည့် နောက်ဆုံးထုတ် Galaxy Note 7 ဖုန်းများတွင် ဘက်ထရီ ပြဿနာရှိကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ကုမ္ပဏီကလည်း ဖုန်းများကို ပြန်လဲလှယ်ပေးမည်ဟု ပြောကြားနေသည့်ကြားမှ ပေါက်ကွဲမီးလောင်မှုများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေခဲ့သည်။

စက်တင်ဘာလ ၁ ရက်နေ့တစ်နေ့တည်းမှာပင် ကမ္ဘာတစ်ဝန်းလုံးတွင် Note 7 ဖုန်း ဘက်ထရီ ပေါက်ကွဲမှုပေါင်း ၃၅ မှု ဖြစ်ပွားခဲ့ပြီး ကုမ္ပဏီကလည်း အရောင်းများရပ်ကာ အရေးယူ စုံစမ်းမှုများကို လုပ်ဆောင်ခဲ့သည်။

Samsung သည် နောက်ပိုင်းတွင် Note 7 ဖုန်းများကို လုံးဝသုံးရန် ထုတ်ပြန်ပြီး ကမ္ဘာတစ်ဝန်းလုံးရှိ ဖုန်းများကို ပြန်သိမ်းနေသည့်ကြားမှ နှစ်ပတ်အတွင်း ဆက်လက်ပေါက်ကွဲမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် Samsung Galaxy Note 7 ဖုန်းများကို ကိုင်ဆောင်ထားသူ အားလုံး ပါဝါကိုပိတ်၊ ဘက်ထရီကို ဖြုတ်ကာ နီးစပ်ရာ အရောင်းစင်တာများသို့ ပြန်ပို့ရန် ညွှန်ကြားထားကြောင်း The Washington Post တွင် ရေးသားထားသည်။ 



FOLLOW US