News

POST TAGGED AS

ဖုန်း

မိုဘိုင်းလ်ဖုန်းအခွန် အောက်တိုဘာတွင် စကောက်ရန်ပြင်ဆင်
ရန်ကုန်၊ စက်တင်ဘာ ၎

မိုဘိုင်းလ်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်းမှ ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်ကို အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ကောက်ခံနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

“ကျွန်တော်တို့ အခုလုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးနေတယ်။ အောက်တိုဘာလောက်မှာ ကောက်ခံနိုင်ဖို့”ဟု ယင်းဌာနညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောဆိုသည်။

မိုဘိုင်းလ်ဖုန်းများ ရောင်းချခြင်းမှ ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ကောက်ခံမည်ဆိုပါက မှောင်ခိုတင်သွင်းသည့် ဖုန်းများလည်း အခွန်ဆောင်ရမည်ဖြစ်သည့်အတွက် တရားဝင် တင်သွင်းသည့် ဖုန်းများနည်းတူ အခွန်ပေးဆောင်ရတော့မည်ဖြစ်သည့်အတွက် အခွန်လစ်လပ်မှု ရှိတော့မည်မဟုတ်ကြောင်း ၎င်းက ရှင်းပြ ပြောဆိုသည်။

မိုဘိုင်းလ်ဖုန်းမှ ကုန်သွယ်ခွန် ၅ ရာခိုင် နှုန်းကောက်ခံခြင်းကို စားသောက်ဆိုင်များတွင် ကောက်ခံသည့် ပုံစံအတိုင်း ရောင်းချပြီး ပြေစာပေါ်၌ တံဆိပ်ခေါင်းခွန်များ ပြန်လည်ကပ်နှိပ်၍ အခွန်ပေးဆောင်စေမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

ထိုသို့ မိုဘိုင်းလ်ဖုန်း ရောင်းချခြင်းမှ အခွန်ကောက်ခံမည်ဆိုပါက အခွန်နှုန်းထားအလိုက် မှောင်ခိုတင်သွင်းရောင်းချသည့် မိုဘိုင်းလ်ဖုန်းနှင့် ဆက်စပ်ပစ္စည်းဈေးများ တက်လာမည်ဖြစ်သော်လည်း တရားဝင် တင်သွင်းထားသည့် ဖုန်းဈေးများမှာ အခွန်ဆောင်ထားပြီး ဖြစ်သည့်အတွက် ဈေးထပ်မံတက်လာမည် မဟုတ်ကြောင်း ဖုန်းဆိုင်လုပ်ငန်းရှင်များက ပြောကြားသည်။

မိုဘိုင်းလ်ဖုန်းများကို တရားဝင် တင်သွင်းခွင့်ရရှိရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတွင် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် ပြုလုပ်ပြီးမှသာ တရားဝင် တင်သွင်းခွင့်ရရှိ၍ အခွန် ပေးဆောင်ခွင့်ရရှိမည်ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

S-04



FOLLOW US