News

POST TAGGED AS

ဖိလစ်ပိုင်

06-Mar-2018

ဖိလစ်ပိုင်
ပြည်သူအားဖြင့် အာဏာရှင်ဖြုတ်ချခြင်း

၁၉၈၆ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့တိုင် ဖိလစ်ပိုင်နိုင်ငံတွင် “ပြည်သူ့အင်အား ပြပွဲကြီး” တစ်ခုကို အာဏာရှင်လက်အောက်တွင် ထူးဆန်းစွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယနေ့တိုင် ထိုအင်အားပြပွဲကြီးကို သမိုင်းဝင်တော်လှန်ရေးကြီးတစ်ရပ်အဖြစ် ဖိလစ်ပိုင်နိုင်ငံသားတွေက သတ်မှတ်ခဲ့ကြသည်။ 

ပြည်သူ့အင်အားပြပွဲကြီး သို့မဟုတ် (People Power Revolution) ကို သူတို့က အကြမ်းမဖက် အာဏာရှင်ဖြုတ်ချမှု တော်လှန်ရေးဟူ၍လည်း သတ်မှတ်ခဲ့ကြသည်။ ထိုနေ့သည် ရွေးကောက်ပွဲမဲခိုး၊ ပြည်သူတွေကို အမျိုးမျိုးဒုက္ခပေး၊ ကိုယ့်မိသားစုကောင်း စားရေးလုပ်သည့် အာဏာရှင်သမ္မတ ဖာဒီနန်မားကို့စ်၏ ၂၁ နှစ်ကြာ တိုင်းပြည်ကို စိုးမိုးသိမ်းပိုက်ထားမှုမှ ပြည်သူတွေက ဖြုတ်ချနိုင်ခဲ့သည့် သမိုင်းဝင်နေ့တစ်နေ့လည်း ဖြစ်ခဲ့သည်။ 

ပြည်သူ့အင်အားပြပွဲကြီးကို ဖိလစ်ပိုင်ပြည်သူတွေကလည်း “အဝါရောင်တော်လှန်ရေး” (Yellow Revolution)  ဟု ခေါ်ကြသေးသည်။ ထိုလူထုအင်အားပြပွဲကြီးကို ပြည်သူပေါင်း သိန်းသန်းချီကာ တက်ရောက်လာရာတွင် အဝါရောင်ဖဲကြိုးလေးများကို ပြည်သူများက တပ်ဆင်လာခြင်းကြောင့်ဖြစ်သည်။ 

သမ္မတဖာဒီနန် မားကို့စ်သည် ၁၉၆၅ ခုနှစ်ကတည်းက ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသူဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ၏ ၁၀ ဦးမြောက်သမ္မတလည်းဖြစ်ပြီး သူတာဝန်ယူ အုပ်ချုပ်သည့်ကာလတွင် စစ်တပ်၏ အားပေးထောက်ခံမှုများကို ရရှိထားသူလည်း ဖြစ်သည်။

မားကို့စ်တာဝန်ယူအုပ်ချုပ်နေသည့် ကာလတွင် စစ်တပ်နောက်ခံဖြင့် ပရောဂျက်ပေါင်းများစွာကို လက်ဝါးကြီးအုပ်သိမ်းပိုက်ထားခြင်း၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုရရှိစေရန် အရှိန်အဝါနှင့် ဩဇာတည်ဆောက်လွန်းခြင်း၊ ကျောင်းသားလှုပ်ရှားမှုများကို နည်းမျိုးစုံဖြင့် ဖြိုခွဲခြင်း၊ နိုင်ငံရေးသမားများကို ထောက်ပံ့ပေးထားပြီး မွေးထားခြင်း၊ ၁၉၇၂ ခုနှစ်တွင် စစ်အုပ်ချုပ်ရေးကို ထုတ်ပြန်ကြေညာခိုင်းပြီး အတိုက်အခံနိုင်ငံရေးသမားအားလုံးကို ထောင်ထဲထည့်ထားခဲ့ခြင်းများကြောင့် ပြည်သူတွေရင်ထဲတွင် ခံစားချက်များ ဖြစ်ပေါ်လာခဲ့ရသည်။ 

မားကို့စ်ကို ဆန့်ကျင်သူများထဲတွင် ထင်ရှားသည့် နိုင်ငံရေးသမားတစ်ဦးမှာ ဘင်နစ်နိုအကွီနိုဖြစ်သည်။ သူ့ကို ပြည်သူတွေက “နီနွိုင်း”ဟု ချစ်စနိုးခေါ်ကြသည်။ နီနွိုင်းသည် မားကို့စ်၏ အာဏာရှင်အုပ်ချုပ်ရေးနှင့် မတရားမှုများကို ဖော်ထုတ်တိုက်ခိုက်နေသူ တစ်ဦးဖြစ်သောကြောင့် အာဏာရှင်အတွက် ဆူးတစ်ချောင်း ဖြစ်နေခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် လစ်ဘရယ်ပါတီစည်းရုံးလှုပ်ရှားမှုများ လုပ်နေစဉ် မီရန်ဒါပလာဇာ၌ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ထိုဗုံးဖောက်ခွဲမှုကို မားကို့စ်၏ သစ္စာတော်ခံများက လုပ်ကြံဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း ကွန်မြူနစ်သောင်းကျန်းသူများလက်ချက်ဟု စွပ်စွဲသည်။ ထိုဗုံးဖောက်ခွဲမှုကို အကြောင်းပြုပြီး မားကို့စ်သည် ၁၉၇၂ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်နေ့တွင် စစ်တပ်ကို အာဏာသိမ်းခိုင်းခဲ့သည်။

အာဏာသိမ်းပြီးနှစ်ရက်ခန့်အကြာတွင် နီနွိုင်းကို လူသတ်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ မီရန်ဒါပလာဇာ ဗုံးဖောက်ခွဲမှုတွင် ပါဝင်ပတ်သက်မှုများဖြင့် ဖမ်းဆီးအရေးယူလိုက်သည်။ နီနွိုင်းကို ထောင်ထဲတွင် သုံးနှစ်နီးပါးအမှုမစစ်ဘဲ ချုပ်ထားပြီးမှ ၁၉၇၅ ခုနှစ် ဧပြီလတွင်စစ်ခုံရုံးတင်သည်။ နီနွိုင်းက အစာအငတ်ခံ ဆန္ဒပြသည်။ အစာမစားဘဲ ရက်ပေါင်း ၄၀ အကြာ ဆန္ဒပြထားသဖြင့် လူကလည်း အရိုးပေါ်အရေတင်နေပြီ။ စစ်ခုံရုံးက နီနွိုင်းကို အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ၁၉၇၇ ခုနှစ်တွင် နောက်ထပ် ထောင်ထဲတွင် ၈ နှစ်ဆက်နေရန် အမိန့်ချခဲ့သည်။ 

၁၉၈၀ ပြည့်နှစ်တွင် နီနွိုင်းတစ်ယောက် နှလုံးရောဂါဖောက်ပြီး အသည်းအသန် ဝေဒနာခံစားနေရသည်။ မိသားစုက နီနွိုင်းကို အမေရိကန်ပြည်ထောင်စုခေါ်ပြီး ဆေးကုသခွင့်ပေးရန် တောင်းဆိုကြသည်။ ခွင့်ပြုလိုက်သောကြောင့် အမေရိကန်ပြည်ထောင်စုတွင် နှလုံးခွဲစိတ်ကုသမှုခံယူခဲ့ပြီး သုံးနှစ်ခန့် အနားယူနေထိုင်ခဲ့သည်။ ထိုကာလများတွင် အာဏာရှင်အစိုးရအကြောင်း ထုတ်ဖော်ပြောဆိုခဲ့ရုံမက စာအုပ်နှစ်အုပ်လည်း ရေးသားပြုစုခဲ့သည်။

ထိုအချိန်တွင် အာဏာရှင်သမ္မတ မားကို့စ် ကျန်းမာရေးမကောင်းကြောင်း၊ သေလုမြောပါးဖြစ်နေကြောင်း သတင်းများထွက်ပေါ်လာသည်။ နီနွိုင်းသည် ၁၉၈၃ ခုနှစ်တွင် အမေရိကမှ ဖိလစ်ပိုင်သို့ ပြန်လာခဲ့သည်။ နိုင်ငံရေးလောကထဲပြန်ဝင်ရန် ဖြစ်သည်။ သူသည် ဖိလစ်ပိုင်နိုင်ငံသို့ လေယာဉ်ဖြင့်ပြန်လာပြီး လေယာဉ်ပေါ်မှအဆင်းတွင် မားကို့စ်၏ သစ္စာခံများက သေနတ်နှင့် ပစ်သတ်လိုက်ကြသည်။ 

နီနွိုင်းကို မားကို့စ်က ရည်ရွယ်ချက်ရှိရှိ လုပ်ကြံလိုက်ခြင်းမှာ ပြည်သူလူထု၏ စိတ်ဓာတ်များကို အုံကြွလာစေရန် နှိုးဆွပေးလိုက်ခြင်းဖြစ်သည်။ အာဏာရှင်လက်မှ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်မှရမည်ဟု ပြည်သူတို့က ယုံကြည်လာကြသည်။

နီနွိုင်း၏ ဇနီးဖြစ်သူ ကိုရီအကွီနိုက “ထိုသေနတ်သံသည် တစ်နိုင်ငံလုံးကို နိုးထစေခဲ့သည်”ဟု မှတ်ချက်ပြုခဲ့သည်။ သူ့ခင်ပွန်းကို ပစ်လိုက်သည့်သေနတ်သံကြောင့် ပြည်သူများပေါက်ကွဲမှုဒဏ်ကို အာဏာရှင်သည် ထိတ်လန့်စရာကောင်းလောက်အောင် ဒဏ်ပြန်ခံခဲ့ရသည်။ နီနွိုင်း၏ အသုဘ အခမ်းအနားကို လူပေါင်းနှစ်သန်းကျော် တက်ရောက်သည်။ ပြည်သူတွေက ဒီမိုကရေစီအတွက် တိုက်ပွဲခေါ်သံကို ကြွေးကြော်မှဖြစ်တော့မည်၊ ဒီမိုကရေစီ လှုံ့ဆော်သံတွေကို ပေးမှဖြစ်တော့မည်ဟု နားလည်ထားကြသည်။ 

နီနွိုင်း၏ အသက်နှင့်ရင်းကာ ပေးလိုက်သောအသိက ဖိလစ်ပိုင်ပြည်သူတို့ကို ဒီမိုကရေစီစိတ်ဓာတ်များ နိုးကြားလာစေသည်။ အစိုးရကလည်း နီနွိုင်းအသတ်ခံရမှုကို အထူးအဖွဲ့များဖွဲ့ကာ စုံစမ်းပေးမည်ဆိုသော်လည်း ဖုံးကွယ်ထားမှုများကို ပြည်သူတွေသိနေသောကြောင့် မခံမရပ်နိုင်ဖြစ်ကြသည်။ ထို့ကြောင့် မနီလာတွင် နီနွိုင်း၏ ဇနီးသည်ကိုရီ (အကွီနို) ဦးဆောင်ပြီး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့တော့သည်။ အကွီနိုနှင့် အပေါင်းအပါများက တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးရေး တောင်းဆိုကြသည်။

ကိုရီ အကွီနို၏ ဒီမိုကရေစီလှုပ်ရှားမှုကို အထောက်အပံ့ပေးခဲ့သည်မှာ Radio Veritas ဆိုသည့် ရေဒီယိုအသံလွှင့်ဌာနဖြစ်သည်။ ၂၄ နာရီ ထုတ်လွှင့်သည့် ရေဒီယိုအစီအစဉ်ကို ရိုမင်ကက်သလစ်အသင်းတော်က တည်ထောင်ထားခြင်းဖြစ်ပြီး ယင်းကတစ်ဆင့် ဒီမိုကရေစီလှုပ်ရှားမှုများတွင် ပြည်သူတို့ပါဝင်လာစေရန် စည်းရုံးဆောင်ရွက်နိုင်ခဲ့သည်။ အခြားသော ရေဒီယိုအသံလွှင့်ဌာနများကို မားကို့စ်က ပိတ်နိုင်ခဲ့သော်လည်း အသင်းတော်၏ ရေဒီယိုလိုင်းကို မပိတ်နိုင်ခဲ့ပေ။ ကိုရီသည် ထိုအသံလွှင့်ဌာနကတစ်ဆင့် ပြည်သူတို့ နိုးကြားတက်ကြွ အသိတရားများရှိလာစေရန် လှုံ့ဆော်ပေးခဲ့သည်။ 

မားကို့စ်သည် နီနွိုင်းသေပြီးကတည်းက ပြည်တွင်းမီဒီယာများတွင် ထိုသတင်းများကို ထုတ်ဖော်ရေးသား ဝေဖန်ခြင်းများအား ပိတ်ပင်ထားခဲ့သည်။ Radio Veritas တစ်ခုတည်းကသာ နီနွိုင်းကွယ်လွန်သည့် သတင်းများကို အဆက်မပြတ် ထုတ်လွှင့်ပေးနေသည်။ ထို့ကြောင့်လည်း သူ၏အသုဘပွဲအခမ်းအနားကို လူပေါင်းနှစ်သန်းကျော် တက်ရောက်လာခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင်တက္ကသိုလ်မှ ယခင်ကျောင်းအုပ်ကြီး ဖရန်စစ္စကို နီမန်ဇိုက ထိုအချိန်တွင် Radio Veritas သာမရှိလျှင် ပြည်သူပေါင်းသန်းချီလှုပ်ရှား စည်းရုံးကာ လူထုအင်အားပြပွဲကြီးတစ်ခု ဖြစ်လာနိုင်စရာ အကြောင်းမရှိဟုပင်ဆိုခဲ့သည်။ 

၁၉၈၅ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့တွင် အမေရိကန်အစိုးရ၏ ဖိအားပေးမှုကြောင့် မားကို့စ်က နောက်နှစ်တွင် ရွေးကောက်ပွဲလုပ်ပေးဖြစ်ကြောင်း ထုတ်ပြန်ခဲ့ရသည်။ ကိုရာဇန် အာကီနို၏ လှုပ်ရှားမှုကလည်း အထွတ်အထိပ်သို့ ရောက်ရှိလာသည်။ မားကို့စ်ကလည်း ပြန်လည်ရွေးကောက်ခံနိုင်ရန်အတွက် နည်းမျိုးစုံနှင့် လှုပ်ရှားတော့သည်။ 

ရွေးကောက်ပွဲကို ၁၉၈၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ကျင်းပခဲ့သည်။ ရွေးကောက်ပွဲမဲများ ရေတွက်ရာတွင် မားကို့စ်က ၁၀၈၀၇၁၉၇ မဲရပြီး၊ အကွီနိုက ၉၂၉၂၇၆၁ မဲရသည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာသည်။ သို့သော် ရွေးကောက်ပွဲမဲလိမ်မှုများရှိနေပြီး မကျေနပ်ဖြစ်သံတွေ ထွက်လာသည်။ ဖိလစ်ပိုင်နိုင်ငံ၏ ကက်သလစ်ဂိုဏ်းချုပ်ကြီး ရီကာဒို ဗီဒဲလ်ကလည်း ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်ထားသည်။ အမေရိကန်သမ္မတ ရော်နယ်ရေဂင်ကပင် ဖိလစ်ပိုင်ရွေးကောက်ပွဲတွင် မသမာမှုများရှိနေကြောင်း ထုတ်ဖော်ကန့်ကွက်လာသည်။ 

ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် မားကို့စ်သည် သူသာအနိုင်ရသူဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ပြီး သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရန် ပြင်ဆင်နေသည်။ ပြည်သူတွေကလည်း အကွီနိုကိုသာ လက်ခံပြီး သမ္မတအဖြစ်တက်ရန် ဝိုင်းဝန်းတိုက်တွန်းနေကြပြန်သည်။ ပြိုင်ပွဲကပိုပြီး စိတ်ဝင်စားစရာကောင်းလာသည်။ လွှတ်တော်တွင် အတိုက်အခံ အမတ်ပေါင်း ၅၀ က ကန့်ကွက်ပြီး ထွက်ခွာသွားကြသည်။ 

ရွေးကောက်ပွဲရလဒ်သည် အပြိုင်အဆိုင်နှင့် အကျပ်အတည်းဖြစ်နေချိန်၌ စစ်တပ်ကကြားဝင်လာမည်ဟု ထင်နေကြသည်။ အားလုံးကလည်း စစ်တပ်ကို မားကို့စ်ဘက်တွင် ရှိနေမည်ဟုထင်နေကြသည်။ စစ်တပ်ကလည်း အရေးပါသည့် လေဆိပ်၊ စစ်စခန်းများတွင် အသင့်အနေအထားကို ပြင်ဆင်နေကြသည်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီး အန်ရီလီနှင့် ရာမို့စ်တို့က အာဂူနယ်ဒိုစစ်စခန်းတွင် သတင်းစာရှင်းလင်းပွဲလုပ်သည်။ သူတို့နှစ်ယောက်စလုံး အစိုးရအဖွဲ့က နုတ်ထွက်ကြောင်း ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။ မားကို့စ်သည် သီးခြားသတင်းစာရှင်းပွဲတစ်ပွဲ ထပ်လုပ်ပြီး ပြည်သူနှင့် အကွီနိုတို့ လုပ်ဆောင်နေသည့် ရူးကြောင်ကြောင်လုပ်ရပ်များကို ရပ်တန့်ရန် ပြောကြားသည်။ 

နောက်တစ်နေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ကက်သလစ်ဂိုဏ်းချုပ်ကြီးကလည်း ရွေးကောက်ပွဲရလဒ်နှင့် မသမာမှုများကို ရေဒီယိုမှ ထုတ်ပြန်သည်။ လူတွေအုံကြွပြီး လမ်းပေါ်ကို ပိုရောက်လာသည်။ အစိုးရစစ်တပ်က Radio Veritas ကို လာပိတ်သည်။ ပြည်သူတွေကို အုံကြွရန် သွေးထိုးလှုံ့ဆော်နေသည်ဟု စွပ်စွဲသည်။ ပြည်သူတွေ ရာပေါင်းများစွာကလည်း လမ်းတွေပေါ်ကို အစုလိုက်အပြုံလိုက် ရောက်လာကြသည်။ ပြည်သူတွေက “အမိမြေ” ဆိုသည့် သီချင်းကို စုပေါင်းသီဆိုကြသည်။ ၁၉၈၀ ပြည့်နှစ်ကတည်းက အတိုက်အခံများ၏ ထင်ရှားသော မျိုးချစ်သီချင်းဖြစ်သည်။ 

၂၃ ရက် နေ့လယ်တွင် ကာကွယ်ရေးဝန်ကြီး အန်ရီလီနှင့် မားကို့စ်ထပ်တွေ့ပြီး ဆွေးနွေးကြသေးသည်။ စစ်တပ်က တင့်ကားများနှင့် စစ်သားများ ထပ်မံရောက်ရှိလာပြီး လူထုကို ဝိုင်းထားကြသည်။ လူထုကလည်း တင့်ကားတွေရှေ့က လက်တွဲပြီးရပ်နေကြသည်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့ အရုဏ်တက်တွင် စစ်တပ်တွေ ထပ်ရောက်လာပြန်သည်။ ဆန္ဒပြသူများထံ မျက်ရည်ယိုဗုံးတွေနှင့် ပစ်သည်။ လူစုကွဲသွားသည့်အခါ စစ်တပ်သား ၃၀၀၀ လောက်က အာဂုနာဒို စစ်စခန်းတစ်ဝိုက်ကို ဝိုင်းထားလိုက်တော့သည်။ ရဟတ်ယာဉ်တွေကလည်း ဝိုင်းပတ်နေသည်။

ဆန္ဒပြနေသူများသည် လူနီတာပန်းခြံသို့ ရွှေ့ပြောင်းသွားပြီး ဆန္ဒပြမှုများ ဆက်လုပ်သည်။ ဆန္ဒပြသူပေါင်း ၅၀၀၀၀ ကျော် စုဝေးကြသည်။ အကွီနိုကို အော်ဟစ်ထောက်ခံပြီး မားကို့စ်ကို ဆင်းပေးရန် အော်ဟစ်ဆန္ဒပြကြသည်။ ထိုအချိန်တွင် မားကို့စ်၏ စစ်တပ်မှ စစ်သားများ ပန်းခြံကို လာဝိုင်းကြပြန်သည်။ ပြည်သူတွေက စစ်သားများကို ဖက်ရမ်းနှုတ်ဆက်ပြီး ကြိုဆိုကြသည်။ ပြည်သူတွေကလည်း သူတို့တပ်ဆင်ထားသည့် ဖဲကြိုးအဝါများကို စစ်သားများအား သွားရောက်တပ်ဆင်ပေးခြင်း၊ လက်နက်များတွင် ချည်နှောင်ပေးခြင်းများ ပြုလုပ်ကြသည်။

အကွီနိုသည် ပန်းခြံသို့ရောက်လာပြီးနောက် လွှတ်တော်က ထွက်လာသည့်အမတ်များနှင့် ပြည်သူများက ဝိုင်းဝန်းပြီး သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရန် တိုက်တွန်းကြသည်။ ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အစိုးရအဖွဲ့အတွင်း ပစ်ခတ်မှုသတင်းများထွက်လာသည်။ ထိုနေ့ နံနက်ပိုင်းတွင်ပင် ကိုရာဇန်အကွီနိုသည် ဖိလစ်ပိုင်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခြင်းကို ဖီလီပီနိုကလပ်တွင် ကျင်းပသည်။ ကလပ်ပြင်ပတွင် အသင့်စောင့်နေသော လူအုပ်ကြီးက လက်ခုပ်များတီးကြသည်။ 

ထိုနေ့ ညနေ ၃ နာရီအချိန်တွင် သမ္မတ မားကို့စ်သည် အမေရိကန်လွှတ်တော်အမတ် ပေါလ်လာဇော့ထံ ဖုန်းဆက်ပြီး အကြောင်းကြားသည်။ ထိုနေ့ သန်းခေါင်ယံအချိန်တွင် မားကို့စ်မိသားစုသည် အမေရိကန်လေတပ် HH-3E ကယ်ဆယ်ရေးရဟတ်ယာဉ်ဖြင့် မနီလာမြို့ မြောက်ဘက် ၈၃ ကီလိုမီတာကွာဝေးသော ကလပ်လေတပ် အခြေစိုက်စခန်းကို ထွက်ပြေးသွားသည်။ 

ပြည်သူ့အင်အားပြပွဲကြီးသည် အကြမ်းမဖက်အနုနည်းဖြင့် အာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့သော တော်လှန်ရေးကြီးတစ်ခုဖြစ်သည်။ သွေးမဲ့တော်လှန်ရေးအဖြစ်ထင်ရှားပြီး အာဏာရှင်ကို အနုနည်းဖြင့် ပြည်သူ့အားကိုသုံးကာ ဖြုတ်ချနိုင်ကြောင်း သင်ခန်းစာပေးနိုင်ခဲ့သည်။ နှစ်စဉ် ဖေဖော်ဝါရီလရောက်တိုင်း ပြည်သူ့တော်လှန်ရေးအောင်ပွဲကို ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည်။

(Ref: Official Gazette, Rappler, Tavaana, Global Nonviolent Action)



FOLLOW US