News

POST TAGGED AS

ဖမ်းဆီးမှု

အငှားယာဉ်ဖြင့် မူးယစ်ဆေးဝါး လှည့်လည်ရောင်းချနေသည့်အဖွဲ့ကို ဖမ်းမိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၀ ရပ်ကွက်၊ ပဲခူးမြစ်လမ်းတွင် ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၄ နာရီက လမ်းဘေးရပ်ထားသည့် ကယ်ဒီနားအမျိုးအစား အငှားယာဉ်နှစ်စီးဖြင့် မူးယစ်ဆေးဝါးများ လှည့်လည်ရောင်းချနေသော အမျိုးသားသုံးဦးထံမှ WY စိတ်ကြွဆေးပြားများနှင့် ဆေးခြောက်ဟု ယူဆရသည့် အရွက်ခြောက်များကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူသုံးဦးမှာ ယင်းမြို့နယ်၊ ၉၄ ရပ်ကွက်တွင် နေထိုင်သူများဖြစ်သော အသက် ၃၈ နှစ် ဝင်းခိုင်၊ အသက် ၂၅ နှစ် ဇင်မင်းထွန်းနှင့် အသက် ၃၁ နှစ် ကျော်သူရတို့ဖြစ်ပြီး ယာဉ်နှစ်စီးအတွင်းမှ တန်ဖိုး ငွေကျပ် ၂၇ သိန်းကျော်ရှိ WY စာတန်းပါ စိတ်ကြွဆေးပြား ၇၈၈ ပြားနှင့် ဆေးခြောက်ဟု ယူဆရသည့် အရိုး၊ အစေ့၊ အရွက်ခြောက်များအပြင် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် မူးယစ်ဆေးဝါး ထုပ်ပိုးရာတွင် အသုံးပြုသည့် ပလတ်စတစ်ကပ်ခွာအိတ်များကို သိမ်းဆည်းရမိခဲ့သည်။

“ပဲခူးမြစ်လမ်းဘေးမှာ ကားနှစ်စီးရပ်ပြီး မူးယစ်ဆေးဝါး ရောင်းချငွေ ခွဲဝေယူနေချိန်မှာ ဖမ်းမိတာ။ သူတို့ဆီက ငွေတစ်သိန်းကျော်နဲ့ ခေါက်ဓားတစ်ချောင်းကို သိမ်းဆည်းရမိခဲ့တယ်။ ဒီအမှုရဲ့ ကွင်းဆက်တွေကို ထပ်မံဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ဖို့ ဆက်လက်စစ်ဆေးနေဆဲပါ”ဟု ရဲအရာရှိက ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသည့် အမျိုးသားသုံးဦးကို ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းတွင် မူးယစ် (ပ) ၇/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03



FOLLOW US