News

POST TAGGED AS

ဖမ်းဆီးမှု

ဘုတလင်တွင် သစ်ဖမ်းဆီးမှု ဝန်ကြီးချုပ်စစ်ဆေး


မုံရွာ၊ ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ သစ်ခဲရွာအနောက်ဘက်တွင် တရားမဝင်စုပုံထားသည့် သစ်များအပြင် ၁၂ ဘီး ယာဉ်တစ်စီးပေါ်မှ တရားမဝင် သစ်တန်ချိန်အများအပြားကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး ယင်းနေရာသို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်လည်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ဘုတလင်မြို့နယ်၊ အမှတ် (၂) မဲဆန္ဒနယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇေလင်းက ပြောကြားသည်။

“ပမာဏများတဲ့အတွက် ဝန်ကြီးချုပ်ကိုယ်တိုင် ကြည့်ရှုခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။

ယင်းနေ့က အဆိုပါ ၁၂ ဘီးကားပေါ်မှ တမလန်းနှင့်ပိတောက် အမျိုးအစား တရားမဝင် သစ်ခွဲသားတန်ချိန် ၅၈ တန်ကျော်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး သစ်ပိုင်ရှင်ကို စုံစမ်းစစ်ဆေးနေကြောင်း စစ်ကိုင်းတိုင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

အဆိုပါ တရားမဝင်သစ်များ ဖမ်းဆီးရမိမှုသည် ယခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ အများဆုံး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောကြားသည်။

“တစ်နေရာထဲ ဒီလောက်ဖမ်းမိတဲ့ ဖြစ်စဉ်နည်းပါတယ်။ အခုက ပိတ်ဆို့မှုတွေများလို့ အလွယ်တကူမထွက်နိုင်ဘဲ ပိတ်မိတာ ဖြစ်နိုင်သလို တရုတ်နှစ်သစ်ကူးကာလမို့ ဝယ်လက်တွေ အေးနေတာဖြစ်နိုင်တဲ့အတွက် စုပုံနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။

ဘုတလင်မြို့နယ်အတွင်း ယခုကဲ့သို့ သစ်တန်ချိန် အများအပြားဖမ်းမိခြင်းမှာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ယခင်ကလည်း သစ်ခဲရွာအနီး လက်ယက်တွင်းရွာတွင် ဂိုဒေါင်ဖြင့် သိမ်းဆည်းထားသည့် တရားမဝင်သစ်များကို ဖမ်းဆီးရမိခဲ့ဖူးသည်။ 

R-08




FOLLOW US