News

POST TAGGED AS

ဖင်လန်နိုင်ငံ

ဝေဖန်ထိုးနှက်မှုများကြောင့် ရုရှားနှင့်ပတ်သက်သော မှတ်ချက်စကားကို သမ္မတထရမ့် ပြန်ပြင်ပြော


ဝါရှင်တန်၊ ဇူလိုင် ၁၈

ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီးမြို့တွင် ရုရှားသမ္မတပူတင်နှင့် ထိပ်သီးဆွေးနွေးပွဲပြုလုပ်ပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ ရုရှားတို့ဝင်ရောက်စွက်ဖက်သည့် ကိစ္စနှင့်ပတ်သက်၍ ပြောဆိုခဲ့သော သုံးသပ်ချက်စကားနှင့်ပတ်သက်၍ သမ္မတထရမ့်က စကားမှားပြောမိသည်ဟုဆိုပြီး ပြန်လည်ပြင်ဆင်ပြောဆိုလိုက်ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။ 

“ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်တယ်ဆိုတဲ့ကိစ္စမှာ ဘာ့ကြောင့် ရုရှားဖြစ်ရတာလဲဆိုတာအတွက် ကျွန်တော် အကြောင်းအရင်းရှာမတွေ့ပါဘူး”ဟု ဆိုခဲ့သောမှတ်ချက်ကို ထရမ့်က ၎င်းအနေနှင့် အမေရိကန် ထောက်လှမ်းရေးအသိုင်းအဝိုင်းတစ်ခုလုံးကို ယုံကြည်မှုအပြည့်အဝရှိပါသည်ဟူသော စကားနှင့် အစားထိုးပြောဆိုလိုက်သည်။ 

ဟယ်လ်ဆင်ကီးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည့် မှတ်ချက်နှင့်ပတ်သက်၍ သမ္မတထရမ့်အပေါ် အမေရိကန်နိုင်ငံရေးသမားများနှင့် မီဒီယာများက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသည်။ ယင်းသို့ ဝေဖန်ထိုးနှက်မှုများ ထွက်ပေါ်လာပြီးနောက် ၂၄ နာရီမပြည့်မီ အချိန်မှာပင် ထရမ့်က စကားကိုပြန်ပြောင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

သမ္မတထရမ့်၏ ပထမသုံးသပ်ချက်စကားအရ အမေရိကန်ထောက်လှမ်းရေး အေဂျင်စီများအားလုံးကို အယုံအကြည်မရှိသည့်သဘောမျိုး သက်ရောက်သွားရုံမျှမက ရုရှားသမ္မတ ပူတင်ဘက်ကပင် ဘက်လိုက်နေသလို ဖြစ်သွားခဲ့သည်။ 

နောက်တစ်နေ့တွင်မူ သမ္မတထရမ့်က ဟယ်လ်ဆင်ကီးတွင်ပြောဆိုခဲ့သော မိန့်ခွန်းကို ပြန်လည်သုံးသပ်ခဲ့ပြီဖြစ်ကြောင်း၊ ၎င်းအနေနှင့် စကားမှားပြောမိခဲ့ကြောင်း ပြောကြားသည်။ 

“ဘာတွေဖြစ်ကုန်ပြီလဲ၊ ပြဿနာက ဘာကြီးလဲ”ဟု ဒီမိုကရက်သာမက ရီပတ်ဘလစ်ကန် နိုင်ငံရေးသမားများနှင့် ထောက်လှမ်းရေးအသိုင်းအဝိုင်း၏ ဝေဖန်ထိုးနှက်ခြင်းကို ခံနေရသည့် သမ္မတထရမ့်က ဆိုသည်။ 

“မဖြစ်ရမှာလဲဆိုတဲ့ စကားကိုဖြစ်ရမှာလဲဆိုပြီး ပြောခဲ့မိတယ်။ တကယ်တမ်းက အဲဒီ (ရွေးကောက်ပွဲကြားဝင်စွက်ဖက်တယ်) ကိစ္စမှာ ရုရှားဘာကြောင့်မဟုတ်ရမှာလဲ ဆိုတာအတွက်၊ ရုရှားမဟုတ်ဘူးဆိုတာကို သက်သေထူနိုင်မယ့်အကြောင်း အရင်းတစ်ခုမှ ကျွန်တော်မတွေ့မိဘူးလို့ ပြောခဲ့ရမှာ”ဟု ထရမ့်က ပြောကြားသည်။ 

ထို့နောက် ၎င်းအနေနှင့် အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများအပေါ် အပြည့်အဝ ယုံကြည်မှုရှိကြောင်း ထပ်မံပြောကြားသည်။ အိမ်ဖြူတော်ရုံးခန်းအတွင်း ယင်းသို့ပြောကြားခိုက် မီးအရောင် မှိန်ပျောက်သွားသည်ကိုလည်း ထရမ့်က “အမလေး၊ သူတို့ (ထောက်လှမ်းရေး) တွေ မီးမှိတ်ပစ်ကြပြီ”ဟု ဆိုသည်။ 

ဟယ်လ်ဆင်ကီးဆွေးနွေးပွဲအပြီး ကျင်းပပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် အမေရိကန်ထောက်လှမ်းရေးအဖွဲ့က ထုတ်ဖော်ပြောဆိုထားသော ၂၀၁၆ ရွေးကောက်ပွဲတွင် ရုရှားတို့စွက်ဖက်ခဲ့သည်ဟူသော ကိစ္စကို ထရမ့်အနေနှင့် ယုံကြည်ခြင်း ရှိ၊ မရှိ မီဒီယာများက မေးမြန်းခဲ့သည်။ အဆိုပါမေးခွန်းကိုထရမ့်က “သမ္မတပူတင်က အဲဒါရုရှားတွေမဟုတ်ဘူးလို့ ပြောနေတယ်၊ ကျွန်တော်လည်း ဘာ့ကြောင့်ရုရှား ဖြစ်ရမယ်ဆိုတဲ့ အကြောင်းအရင်းတစ်ခုတလေမှကို မတွေ့မမြင်မိဘူး”ဟု ဖြေကြားသွားသည်။ 

သမ္မတထရမ့်၏ မှတ်ချက်သည် သူ၏ထောက်လှမ်းရေးအေဂျင်စီများကို ဆန့်ကျင်ကာ ရုရှားဘက်တော်သားတစ်ဦးလို ဖြစ်သွားခြင်းကြောင့် အမေရိကန်နိုင်ငံရေးသမားများသာမက မီဒီယာများက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ခြင်းဖြစ်သည်။ 

New York Times သတင်းစာဆိုလျှင် သမ္မတထရမ့်သည် အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများ၏ သုံးသပ်ချက်ကို လူသိရှင်ကြားစိန်ခေါ်လိုက်ခြင်းဖြစ်ကြောင်း၊ ထရမ့်သည် အမေရိကန် ဒီမိုကရေစီစနစ်ကို တိုက်ခိုက်နေသည့် ပြည်ပခေါင်းဆောင်တစ်ဦးအပေါ် ယုံကြည်မှုရှိသည်ဟု ပြသလိုက်ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြသည်။  

F-01



FOLLOW US