News

POST TAGGED AS

ဖင်လန်နိုင်ငံ

၂၀၁၆ သမ္မတရွေးကောက်ပွဲ အဟက်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ အိုဘားမားအစိုးရအဖွဲ့ကို ဒေါ်နယ်ထရမ့် ပြစ်တင်ဝေဖန်


ဝါရှင်တန်၊ ဇူလိုင် ၁၅

၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်အနိုင်ရရှိအောင် ရုရှားနိုင်ငံက ဟက်ကာများအသုံးချကာ ကြားဝင်ကူညီပေးခဲ့သည်ဟူသော စွပ်စွဲချက်များနှင့်ပတ်သက်၍ သမ္မတထရမ့်က ယခင်သမ္မတ ဘားရက်အိုဘားမားအစိုးရအဖွဲ့ကို ပြစ်တင်ဝေဖန်လိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

“အဲလို ရုရှားကြားဝင်တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူတို့ကဘာကြောင့် တစ်ခုခုမလုပ်ပေးဘဲနေခဲ့တာလဲ”ဟု ထရမ့်က သူ၏ Twitter အကောင့်တွင်ဖော်ပြသည်။ 

ထိုသို့ အမေရိကန်သမ္မတရွေး ကောက်ပွဲတွင် ရုရှားတို့ကြားဝင်ကာ ထရမ့်အနိုင်ရအောင် ကြိုးပမ်းပေးနေသည်ဟူသောသတင်းကို ယခင်သမ္မတအိုဘားမားကို အမေရိကန်အာဏာပိုင်များက အသိပေးပြောကြားခဲ့သည်ဟုလည်း ၎င်းက ဖော်ပြသည်။ 

ပြီးခဲ့သည့်သောကြာနေ့က ၂၀၁၆ သမ္မတရွေးကောက်ပွဲနှင့်ပတ်သက်၍ ရုရှားလူမျိုး ၁၂ ဦးကို စွဲချက်တင်နိုင်ခဲ့ပြီးနောက် ရုရှားသမ္မတဗလာဒီမာပူတင်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲကိုဖျက်သိမ်းရန် သမ္မတထရမ့်အား ဖိအားပေးမှုများမြင့်တက်ခဲ့သည်။ 

ယင်းသို့ ဝေဖန်မှုများနှင့်ဖိအားပေးမှုများ မြင့်တက်နေစဉ် သမ္မတထရမ့်က အိုဘားမားအစိုးရအဖွဲ့ကို ပြစ်တင်ဝေဖန်လိုက်ခြင်းလည်းဖြစ်သည်။ 

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရုရှားဟက်ကာများ ဝင်ရောက်နှောင့်ယှက်ခဲ့သည်ဟူသော စွပ်စွဲချက်များကို ရုရှားနိုင်ငံက မဟုတ်မမှန်ကြောင်း ငြင်းဆိုထားသည်။ 

သမ္မတထရမ့်မှာမူ ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီးမြို့တွင် ရုရှားသမ္မတပူတင်နှင့်တွေ့ဆုံရန် စီစဉ်ထားကြောင်း ကြေညာထားသလို ရုရှားအစိုးရကလည်း ယင်းတွေ့ဆုံပွဲဖြစ်မြောက်အောင် လုပ်ဆောင်သွားမည်ဟုဆိုသည်။ 

“သမ္မတထရမ့်ကို ကျွန်ုပ်တို့ရဲ့ ဆွေးနွေးဖော်ဆွေးနွေးဖက် မိတ်ဆွေတစ်ယောက်လို့ မြင်မိပါတယ်။ နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးဟာ အင်မတန်ဆိုးရွားနေပါတယ်၊ အဲဒါကို မှန်မှန်ကန်ကန် ပြန်ဖြစ်အောင် ကျွန်ုပ်တို့ စတင်လုပ်ဆောင်သွားကြရမှာပဲဖြစ်ပါတယ်”ဟု ခရင်မလင် (ရုရှားအစိုးရ) ၏ အကြံပေးပုဂ္ဂိုလ် ယူရီအူရှာကော့ဗ်က ပြောကြားသည်။ 

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဟက်ကာကိစ္စနှင့်ပတ်သက်သော စွပ်စွဲချက်များသည် သမ္မတပူတင်နှင့် ထရမ့်တို့၏ ဇွန်လ ၁၆ ရက် (တနင်္လာနေ့) ဆွေးနွေးပွဲ ကမောက်ကမဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်ခြင်းဖြစ်နိုင်သည်ဟုဆိုသည်။

မည်သို့ပင်ဖြစ်စေ အမေရိကန်ရွေးကောက်ပွဲကို ရုရှားနိုင်ငံမှ ဟက်ကာများ ဝင်ရောက်နှောက်ယှက်ခဲ့ကြသည်ဟူသော စွပ်စွဲချက်ကြောင့် ရုရှားနှင့်အမေရိကန် အစိုးရနှစ်ရပ်အကြား အပြန်အလှန် စကားလုံးစစ်ထိုးမှုများ ပေါ်ပေါက်ခဲ့သည်။ 

F-01



FOLLOW US