News

POST TAGGED AS

ဖင်လန်နိုင်ငံ

ဖင်လန်နိုင်ငံ ဆရာအတတ်သင်ပညာရေး


ဖင်လန်နိုင်ငံတွင် KG (Kindergarten) သင်ဆရာ၊ လက်မှုပညာသင်ဆရာ၊ ဂီတဆရာ စသည်ဖြင့် ခွဲခြားထားမှုများ ရှိပါသည်။ ထိုသို့ ကွဲပြားရခြင်းမှာ သူတို့ အထူးပြုယူလာသည့် သင်ရိုးနှင့်ပညာရပ်များကြောင့်ဖြစ်သည်။ စာသင်ခန်းများအတွင်း၌လည်း သီးခြားဘာသာရပ်ဆိုင်ရာ ဆရာများကို ခွဲခြားထားပါသေးသည်။ သူတို့လည်း သူတို့သင်သည့် ဘာသာရပ်များတွင် အထူးကျွမ်းကျင်ကြသူများအဖြစ် အသိအမှတ်ပြုခံရသူများဖြစ်သည်။

၁၉၇၀ ပြည့်နှစ်မတိုင်မီကဆိုလျှင် မူလတန်းသင်ဆရာများသည် ဆရာအတတ်သင်တန်း (၃ နှစ်) တက်ပြီးမှ ဆရာဖြစ်ရသည်။ အထက်တန်းသင် ဆရာဖြစ်လိုသူများက နောက်ထပ် ၂ နှစ်သင်တန်းကို သတ်မှတ်ထားသည့် ကောလိပ် သို့မဟုတ် တက္ကသိုလ်များတွင်ဆက်တက်ပြီး လက်တွေ့သင်တန်းများပြီးမှသာ အထက်တန်းပြများအဖြစ် တိုက်ရိုက်ခန့်အပ်ခြင်းခံရသည်။ 

ဆရာအတတ်သင်ပညာအား ပြုပြင်ပြောင်းလဲခြင်းကို ဆရာပညာရေး အက်ဥပဒေဖြင့် ၁၉၇၁ တွင် စတင်ပြုပြင်ပြောင်းလဲမှုများ လုပ်ခဲ့ကြောင်းတွေ့ရသည်။ ပညာရေးတွင် အထက်တန်းအဆင့်အထိ စိတ်ကြိုက်ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြီးမှ တက္ကသိုလ်အဆင့်ကို လွှဲပြောင်းပေးရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ ပြုပြင်ပြောင်းလဲရေးအတွက် ဆရာအတတ်သင်ပညာကို စနစ်တကျ သုတေသနများ လုပ်ဆောင်ပြီးမှ ပြုပြင်ရေးကို လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

၁၉၇၅ ခုနှစ်တွင် ပညာရေးကော်မတီက ဆရာများနှင့်ပတ်သက်ပြီး ထုတ်ပြန်ရာတွင်

- အောက်ခြေမူလတန်းမှသည် အထက်သင် ဆရာတိုင်းအား ဆရာအတတ်သင်ဆိုင်ရာ ဘွဲ့တစ်ခုခု သို့မဟုတ် တက္ကသိုလ်မှ ပညာရပ်ဆိုင်ရာ ဘွဲ့တစ်ခုခု အနိမ့်ဆုံးရရှိထားရန်၊
- ဆရာများတွင် ဘာသာရပ်သင်အမျိုးအစား မည်မျှကွဲပြားသည်ဖြစ်စေ ဆရာအတတ်ပညာတွင် တစ်ခုတည်း သတ်မှတ်သင်ကြားရန်၊
- ဆရာအဖြစ် လက်တွေ့လုပ်ကိုင်နေသူများသာ ဆရာအတတ်သင်ဆိုင်ရာနှင့် အခြားပညာရပ်ဆိုင်ရာ ဘွဲ့များကို ဆက်လက်သင်ယူခွင့်ပြုရန်၊
- ဆရာတိုင်း နောက်ဆုံးပေါ်ပညာရပ်ဆိုင်ရာ သုတေသနပြုမှုများကို လုပ်ဆောင်နေပြီး တပည့်များအား သင်ကြားရေးအတွက် ဆန်းသစ်သော အတွေးအမြင်များကို အမြဲဖော်ထုတ်နေစေရန်၊
- ဆရာအတတ်သင်ပညာရေးတွင် လူမှုရေးပညာရပ်များနှင့် ပညာရေးမူဝါဒဆိုင်ရာတို့ကို ထည့်သွင်းသင်ကြားပေးရန်တို့ ပါဝင်ကြောင်းတွေ့ရသည်။

၁၉၇၉ ခုနှစ်လောက်ကစတင်ပြီး ဖင်လန်နိုင်ငံတွင် ဆရာပြုလုပ်သူများ၏ ပညာအရည်အချင်းကို ပြောင်းလဲသတ်မှတ်လိုက်ပါသည်။ ဆရာများကို အနိမ့်ဆုံး Master ဒီဂရီတစ်ခုခုနှင့် လက်တွေ့သင်ကြားရေး လုပ်ငန်းများ၌ အတွေ့အကြုံရှိသူများကို ခန့်ထားရန်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရခြင်းမှာ ပညာရေးကို ပညာမြင့်သူများနှင့်သာ ဖွံ့ဖြိုးတိုးတက်အောင် ကြံဆောင်နိုင်မည်ဟု ယူဆခြင်း၊ ဆရာများကို အောင်ခြေမှ အထက်အဆင့်အထိ ကြိုးစားလိုစိတ်များ ပေါ်လာစေရန် လမ်းဖွင့်ပေးခြင်း၊ သင်ကြားရေးသာမက ဆရာအတတ်ပညာကို ပြည့်စုံအောင်လေ့လာပြီး အကောင်အထည်ဖော်သွားနိုင်မည်ဟု ယူဆခြင်းတို့ကြောင့် အမြင့်ဆုံးဘွဲ့များနှင့် အကောင်းဆုံး အတော်ဆုံး အရည်အချင်းရှိသူများဖြင့် ပညာရေးကို ဂုဏ်သိက္ခာ မြင့်မားစေရန် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ 

ပညာရေးပြုပြင်ပြောင်းလဲရန် ဆရာအတတ်သင် ပညာရေးကိုလည်း ပြုပြင်ပြောင်းလဲရာ၌ ဖင်လန်နိုင်ငံ ဆရာများသည် အနိမ့်ဆုံး ဘွဲ့နှစ်ဘွဲ့ရခြင်းအပေါ် အခြေခံပြီး ခန့်အပ်သည်။ ဘွဲ့နှစ်ဘွဲ့ဆိုသည်မှာ သာမန်ဘွဲ့သုံးနှစ်နှင့် Master ဘွဲ့အတွက် နောက်ထပ် ၂ နှစ်၊ စုစုပေါင်း ၅ နှစ်တက်ခဲ့သူများကိုသာ ဆရာခန့်ခြင်းဖြစ်သည်။ KG ဆရာများကိုမူ ခြွင်းချက်ဖြင့် သာမန်ဘွဲ့ တစ်ခုခုရလျှင် ခန့်အပ်ပါသည်။ သို့သော် ဆရာ့ဘဝတက်လမ်းအတွက် လုပ်သက်နှင့် ဆက်တက်နိုင်သည့် သင်တန်းများ၊ ဘွဲ့များကိုလည်း လမ်းဖွင့်ပေးထားသဖြင့် ဆရာတိုင်းလိုလို အနိမ့်ဆုံး Master လောက်ဖြစ်ရန် အားထုတ်ကြသည်သာဖြစ်သည်။

Grade 1 မှ Grade 6 အထိ သင်ပြရသည့် ဆရာများသည် သူတို့တာဝန်ကျသည့် အတန်းများတွင် ဘာသာရပ်အားလုံးလိုလို သင်ကြရသည်။ ထို့ပြင် ကျောင်းသားတစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း စောင့်ကြည့်ကာ လုပ်ဆောင်ပေးရသေးသည်။ သူတို့စာသင်ခန်းများက တစ်ခန်းလျှင် ၂၀ လောက်သာ တာဝန်ယူရသဖြင့် ကိုယ့်ကျောင်းသား ကိုယ့်ဆရာကို တစ်နိုင်တစ်ပိုင် တာဝန်ပေးထားသည့် သဘောဖြစ်သည်။ ကလေးများကို တစ်နှစ်ပြီးဆုံးပြီး နောက်တစ်နှစ်တွင် အတန်းတင်ပေးလိုက်လျှင် ဆရာကလည်း ထိုကလေးများနှင့်အတူ အတန်းလိုက်ပြောင်းပြီး နောက်တစ်ဆင့် လိုက်သင်ရသည်။ ဝိုင်းကြီးပတ်စနစ်ဖြင့် ကလေးများကို ကိုင်တွယ်သွားသောကြောင့် ကလေးအကြောင်းကို ကောင်းစွာနားလည် သဘောပေါက်ထားကြသူများဖြစ်သည်။ 

ဖင်လန်တွင် ဘာသာရပ်ပြ ဆရာများလည်းရှိသည်။ ထိုဆရာများကို အထက်တန်းအဆင့်ရောက်မှ ထားပေးပြီး Grade 7 မှ Grade 9 အထိရောက်မှ တာဝန်ယူခိုင်းသည်။ ဘာသာရပ်သင်ဆရာများလည်း တစ်ဦးလျှင် နှစ်ဘာသာ သင်ကြရသည်။ မေဂျာ (Major) တစ်ဘာသာ၊ မိုင်နာ (Minor) တစ်ဘာသာ သင်ကြရသည်။ မိမိယူထားသည့် ဘာသာကိုသာ သင်ကြားရသည်။

ဆရာများသည် သက်ဆိုင်ရာအတန်း၊ သက်ဆိုင်ရာ ဘာသာရပ်များကို သင်ကြားကြရသလို ဘုတ်အဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်ကြရသည်။ ဘုတ်အဖွဲ့များဆိုရာတွင် စည်းကမ်းပိုင်း၊ သုတေသနပိုင်း၊ ဆရာအတတ်သင်ပညာပိုင်း၊ ဆက်သွယ်ရေး၊ ဘာသာစကားနှင့် အိုင်စီတီလေ့လာရေး၊ စိတ်ကြိုက်ဘာသာရပ်ဆိုင်ရာ လေ့လာမှု၊ အထူးပြုဘာသာရပ် လေ့လာမှုတို့ကို ဆရာအချင်းချင်း အဖွဲ့လိုက် ပူးပေါင်း ဆောင်ရွက်ရမှုများကို လုပ်ဆောင်ကြရသည်။ 

ဖင်လန်နိုင်ငံတွင် ဆရာလုပ်ရသည်မှာ မလွယ်ပါ။ အပြိုင်အဆိုင်မကြိုးစားလျှင် ကျန်ခဲ့မည်ကို အရမ်းစိုးရိမ်သဖြင့် အထူးကြိုးစားကြသည်။ နိုင်ငံတော်ကလည်း ပညာရေးဖြင့် နိုင်ငံတော်ကိုမြင့်မားအောင် ကြံဆောင်သည်။ ပြုပြင်ပြောင်းလဲရေးဆိုရာတွင် ဖင်လန်က ကမ္ဘာကို လိုက်ပြိုင်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေခြင်းဖြစ်သည်။ ကမ္ဘာ့လိုအပ်ချက်အတိုင်း မိမိတို့နိုင်ငံတွင် ပညာရှင်များကို အစီအစဉ်ဖြင့် စနစ်တကျ မွေးထုတ်ပေးနေသော နိုင်ငံဖြစ်သောကြောင့် ဆရာအတတ်သင်စနစ်ကို ပြောင်းလဲမှုများစွာ လုပ်ဆောင်ခဲ့သည်မှာ အားကျအတုယူဖွယ်ရာ ဖြစ်ပါသည်။ 

E-01
(Ref: The Educationist)




FOLLOW US