News

POST TAGGED AS

ဖင်လန်နိုင်ငံ

ဖင်လန်ပညာရေး အနာဂတ်


ဖင်လန်နိုင်ငံတွင် နိုင်ငံတော်အဆင့်အနေနှင့် သင်ရိုးညွှန်းတမ်းများကို ပြုပြင်ပြောင်းလဲမှုများ လုပ်နေကြသည်။ သူတို့ပြုပြင်ပြောင်းလဲနေသည့် ပညာရေးကို (Phenomenon-based Learning) ဟု ခေါ်ကြသည်။ ထိုပညာရေးက ကျောင်းသားများကို ၂၁ ရာစုနှင့်ကိုက်ညီသည့် ကျွမ်းကျင်မှု ပညာရေးကို ဦးစားပေး လုပ်ဆောင်ရန်ဖြစ်သည်။ ထို့ကြောင့် ပညာရေးကို စနစ်တကျ ပြုပြင်ပြောင်းလဲနိုင်စေရန် စီစဉ်နေကြသည်။ 

ဖင်လန်နိုင်ငံပညာရေး၏ ပြုပြင်ပြောင်းလဲမှုများတွင် သင်ကြားမည့် အကြောင်းအရာအားလုံးကို ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းလ်ပစ္စည်းများနှင့် ရယူသုံးစွဲနိုင်ရေး (Digitalization) သည် အဓိကဖြစ်သည်။ ကျောင်းများတွင် နည်းပညာကို ထည့်သွင်းအသုံးပြုနိုင်ရေးအတွက် ဒစ်ဂျစ်တယ်ခေတ်ကို ဦးစွာထူထောင်ပြီးမှ နိုင်ငံတကာက လက်ခံနိုင်မည့်စနစ် (Internation-alisation) ကို ပြောင်းရန်ဖြစ်သည်။ သင်ကြားမှုနှင့် အလုပ်ကို ဆက်စပ်နိုင်ရန် ကြိုးစားလုပ်ဆောင်မည့် သဘောဖြစ်သည်။ ဖင်လန် အနာဂတ်ပညာရေးသည် တွေးခေါ်နိုင်စွမ်း၊ လူမှုပေါင်းသင်းဆက်ဆံနိုင်စွမ်း၊ သတင်းအချက်အလက် ရယူနိုင်စွမ်းနှင့် ထုတ်လုပ်နိုင်စွမ်းများကို ဦးစားပေးကာ သင်ကြားမည့် ပညာရေးဆီသို့ ဦးတည်ပြောင်းလဲနေပြီဖြစ်သည်။ 

“ပညာရေးဆိုတာ ကမ္ဘာ့ပြဿနာကြီး တစ်ခုပါ။ နိုင်ငံတိုင်းမှာ စိန်ခေါ်ခြင်းခံနေရတဲ့ အရေးကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံကထုတ်တဲ့ သင်ရိုးတွေဟာ ကမ္ဘာကစောင့်ကြည့်နေမှာဖြစ်လို့ တီထွင်ဆန်းသစ်ထားတဲ့ ပညာရေးသဘောတရားတွေကို ဖော်ထုတ်ပြသနိုင်ဖို့လိုပါတယ်”ဟု ပညာရေးသုတေသီတစ်ဦးက ထောက်ပြထားသည်။

မည်သည့်နိုင်ငံတွင်မဆို ပညာရေးပြုပြင်ပြောင်းလဲမှုတွင် စနစ်သာမက သင်ရိုးကလည်း အရေးကြီးသည်။ ဆရာတွေကိုယ်တိုင်ကလည်း ပြုပြင်ပြောင်းလဲမှုကို လိုလားရမည်။ ကျောင်းသားတွေကို ကမ္ဘာ့အမြင်နှင့် သင်နိုင်စေရန် ကြိုးစားပေးရမည်။ ကမ္ဘာ့အမြင်ကို ပြောင်းနိုင်ရန်အတွက် သင်ကြားမှုစနစ်သည် CPD ဆိုသည့် အမြင်သုံးရပ်ရှိစေရန် သင်ကြားနိုင်ဖို့လိုသည်။ CPD ဆိုသည်မှာ (Critical thinking, Problem-solving and Design) တို့ဖြစ်သည်။ ထိုသုံးမျိုးကို ကျွမ်းကျင်အောင် သင်ကြားနိုင်မှသာ အနာဂတ်ကို ရင်ဆိုင်နိုင်မည့် ပညာရေးဖြစ်နိုင်သည်။ 

ကမ္ဘာပေါ်တွင် သင်ကြားနေသည့် အများစုပညာရေးစနစ်သည် စာတွေ့နှင့်လက်တွေ့၊ သဘောတရားနှင့် လုပ်ငန်းခွင်၊ အမြင်နှင့်ကျွမ်းကျင်မှု လွန်စွာ ကွဲပြားခြားနားလျက်ရှိသည်။ ဆိုလိုသည်မှာ ကျောင်းက ဆင်းလာသူတိုင်း ပညာတွေသင်လာသည် ဆိုသော်လည်း လက်တွေ့ဘဝနှင့် ကင်းကွာနေကြခြင်းဖြစ်သည်။

၂၁ ရာစုပညာရေးသည် တစ်ဦးချွန်တစ်ယောက်ကောင်း ပညာရေးစနစ်မဟုတ်။ အားလုံးပူးပေါင်းဆောင်ရွက် ပရောဂျက်ခေတ် ဖြစ်လာသည်။ ကျောင်းသားတွေကို စာတွေ့ထက်၊ လက်တွေ့ကျွမ်းကျင်မှုကို ဦးစားပေးသင်ကြားလာရန် အားထုတ်လာသည်။ ထို့ကြောင့် ကလေးများကိုသင်ကြားရန် ဆရာများ၏ သင်နည်းစနစ်များကိုလည်း ပြုပြင်ပြောင်းလဲရန် လိုအပ်လာသည်။ 

“အနာဂတ်ကျောင်းတွေမှာ ကျောင်းသားတွေကို ဘယ်လိုတတ်ကျွမ်းအောင် သင်ရမလဲဆိုတဲ့ သဘောတရားတွေနဲ့ သင်ကြားလာကြလိမ့်မယ်။ ပညာရေးစနစ်ကိုက စာပြိုင်ခိုင်းနေတဲ့စနစ်ကနေ ကျွမ်းကျင်မှု (Skill) ကို ပြိုင်ခိုင်းတဲ့အဆင့်ဖြစ်အောင် လုပ်ကြရမယ်”ဟု ပညာရှင်တစ်ဦးက ဆိုသည်။ 

“ဆရာတွေကို အတန်းရှေ့မှာ ရပ်ခိုင်းထားတဲ့ ဗဟိုပြုသင်ကြားနေတဲ့စနစ်က စပြောင်းရမှာ။ ပညာရေးစနစ်မှာ သင်ကြားနေကြတဲ့ အစဉ်အလာ ဖြစ်စဉ်ကြီးတစ်ခုလုံးကို ပြောင်းလဲကြရမှာ”

အနာဂတ်ပညာရေးကို ပြုပြင်ပြောင်းလဲရန် ဆရာတွေကလည်း အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြိုးစားကြရမည်။ စနစ်သည် သင်ရိုးတွင် ကွဲပြားသော ဆန်းစစ်မှုများဖြင့် ကျွမ်းကျင်မှုကို ဦးတည်နိုင်စေရန် ဆရာတွေကလည်း အမြဲပူးပေါင်းပြီး တီထွင်ဆန်းသစ်နေမှ ကလေးတွေအတွက်လည်း ဆန်းသစ်ပြီး စိတ်ဝင်စားနေပေလိမ့်မည်။ အနာဂတ်ပညာ တိုးတက်ပြောင်းလဲရေးသည် အားလုံးအတွက် အားလုံးပူးပေါင်းဆောင်ရွက်သည့် နည်းဖြင့် ချီတက်ကြရန်သာဖြစ်သည်။ 

Phenomenon-based Learning ဆိုသည်မှာ ကျောင်းသင်ပြဋ္ဌာန်းချက်အားလုံးကို ခွဲခြားသင်ကြားခြင်း မဟုတ်ဘဲ အားလုံးကို ဆက်စပ်ပူးပေါင်း သင်ကြားကြခြင်းဖြစ်သည်။ ဆိုလိုသည်မှာ သင်္ချာသင်လျှင် သင်္ချာချည်းသက်သက် သင်ခြင်းမဟုတ် သင်္ချာနှင့်ပန်းချီ၊ သင်္ချာနှင့်သမိုင်း၊ သင်္ချာနှင့်ပထဝီ ပူးပေါင်းသင်ခြင်းမျိုးဖြစ်သည်။ ဆရာက အလွန်ပင်ပန်းပြီး မကြိုးပမ်းနိုင်လျှင် မအောင်မြင်နိုင်ပေ။

စနစ်သစ်ပညာရေးသည် ကျောင်းသားများ ကျောင်းကိုလာ၊ ပြောတာနားထောင်၊ ခိုင်းတာလုပ် ပြန်သွားစနစ်မျိုး မဟုတ်တော့ပေ။ ကျောင်းသားတိုင်း မေးခွန်းမေးတတ်ရမည်။ သူတို့သိချင်တာကို မေးရင်းက ပန်းတိုင်ကို ခေါ်သွားနိုင်သည့် ပညာရေးဖြစ်ရမည်။ ကျောင်းသားတိုင်း သင်ကြားမှု သင်ယူမှုဖြစ်စဉ်တွင် ပါဝင်လာကြရမည်။ မသိသေးသည်ကို စူးစမ်းချင်လာအောင်၊ သိစေရန် ဖော်ထုတ်နိုင်အောင်၊ သိနိုင်သည့် အကြောင်းအရာများကို ရယူနိုင်အောင် ဆရာက အထောက်အကူပြုပေးသူများ ဖြစ်လာရန်လည်း အရေးကြီးသည်။ ပညာရေးစနစ်ကြီး တစ်ခုလုံးကိုက အားလုံးပူးပေါင်းဆောင်ရွက်မှ အကောင်အထည်ဖော်နိုင်မည်။ ကျွမ်းကျင်မှုမှသည် ပြီးမြောက်မှုဆီသို့ဆို သည့်အဆင့်ကို ဦးတည်လုပ်ဆောင်နေခြင်းများဖြစ်ရန် အရေးကြီးသည်။ 

သင်ယူမှုဖြစ်စဉ်တွင် ကျောင်းသားများအတွက် အရေးကြီးသည်မှာ သတင်းအချက်အလက်များဖြစ်သည်။ ထိုသတင်းအချက်အလက်များကို ပေးသူမှာ ဆရာ မဖြစ်ရတော့ပေ။ သတင်းစာ၊ အင်တာနက်၊ ကျောင်းရှိ စာကြည့်တိုက်တို့ ဖြစ်လာရပေလိမ့်မည်။ 

ဖင်လန်အနာဂတ်ပညာရေး ပြုပြင်ပြောင်းလဲမှုကြီးသည် အားလုံးကို အစဉ်အလာကခွဲထွက်ပြီး ဝုန်းဒိုင်းကြဲနေသည့် ပညာရေးကြီး ဖြစ်လာပါလိမ့်မည်။ ဆရာ ကျောင်းသား မိဘ အစိုးရတို့ မည်မျှ ပြုပြင်ပြောင်းလဲမည်ကို တစ်ကမ္ဘာလုံးကလည်း စိတ်ဝင်စားစွာဖြင့် စောင့်ကြည့်နေကြသည်။ 

E-01
(Ref: Scand Asia News)




FOLLOW US