News

POST TAGGED AS

ပျားစွဲဆင်စခန်း

သင်္ကြန်တွင်း ရာသီဥတုပူပြင်းပါက ပျားစွဲဆင်စခန်း ဆင်ပြသမှု ရပ်နားမည်


ကလေး၊ မတ် ၂၁ 

လာမည့်သင်္ကြန်ကာလအတွင်း ရာသီဥတုပူပြင်းပါက စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်းရှိ ပျားစွဲဆင်စခန်း၌ ဆင်ပြသမှုကို ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း ပျားစွဲဆင် ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းမှ စခန်းတာဝန်ခံ ဦးအောင်ကျော်ဇံက ပြောကြားသည်။ 

ပျားစွဲဆင်စခန်းမှ ဆင်များကို ဆင်စခန်းသို့ လာရောက်လည်ပတ်သူများကို ပြသရာတွင် မူလက နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ပြသခြင်းဖြစ်ပြီး စနေနေ့နှင့် တနင်္ဂနွေနေ့ ရုံးပိတ်ရက်များတွင် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ တစ်ကြိမ်၊ ညနေ ၃ နာရီမှ ၅ နာရီအထိတစ်ကြိမ် ပြသလျက်ရှိသည်။

နှစ်စဉ်သင်္ကြန်ကာလဆိုပါက ရာသီဥတုပူပြင်းသည့်အတွက် ဆင်များ၏ကျန်းမာရေး ထိခိုက်မည်စိုးသောကြောင့် ပိတ်ထားလျက်ရှိရာ ယခုနှစ်တွင် ရာသီဥတုအေးပါက ဖွင့်လှစ်မည်ဖြစ်ပြီး ရာသီဥတုပူပြင်းပါက ပိတ်ထားမည်ဖြစ်ကြောင်း ဦးအောင်ကျော်ဇံက ပြောဆိုသည်။ 

“ခါတိုင်းနှစ်တွေက ရာသီဥတုကလည်း တအားပူတော့လေ ပိတ်ထားတာပေါ့နော့။ ဒီနှစ်အနေအထား၊ ရာသီဥတုက လောလောဆယ် အနေအထားကတော့ ရာသီဥတုအခြေအနေ အေးနေသေးတယ်။ ကောင်းနေသေးတယ်ဆိုတော့ ပိတ်ဖို့တော့ အစီအစဉ်မရှိသေးဘူး။ ရာသီဥတုပူလာတယ်ဆိုရင်တော့ ဆင်တွေက အပူမကြိုက်တဲ့အခါကျတော့ ဆင်ရဲ့ကျန်းမာရေးအခြေအနေကြောင့် ပိတ်ရမှာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါဆင်စခန်းသည် ၂၀၁၇ ခုနှစ် သင်္ကြန်ကာလအတွင်းကလည်း ရာသီဥတု ပူပြင်းသည့်အတွက် ဧပြီလ ၁၀ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ ခေတ္တပိတ်ထားခဲ့ရသည်။

ပျားစွဲဆင်စခန်းသည် မော်လိုက်မြို့မှ လေးမိုင်အကွာ မော်ကူးကြိုးပြင်ကာကွယ်တော မော်လိုက်-ပြောင်ဘုတ်-စော်ဘွားရေရှင် လမ်းဘေးတွင် ဖွင့်လှစ်ထားပြီး ဆင်စခန်းတွင်ရှိသည့် ဆင်အကြီးရှစ်ကောင်နှင့် ၂၀၁၆ ခုနှစ် ခြောက်လပိုင်းက မွေးဖွားခဲ့သည့် ဆင်ကလေးတစ်ကောင် အပါအဝင် စုစုပေါင်း ဆင်ကိုးကောင်၏ ဆင်ရေချခြင်းတို့ကို ကြည့်ရှုနိုင်ခြင်း၊ ဆင်များကို အစာကျွေးခြင်း၊ ဆင်စီးခြင်းစသည်တို့ကို ပြုလုပ်နိုင်သည့် စခန်းတစ်ခုဖြစ်သည်။

ဆင်စခန်းသို့ ဝင်ကြေးအဖြစ် ပြည်တွင်းတစ်ဦးလျှင် တစ်ထောင်ကျပ်၊ ပြည်ပတစ်ဦးလျှင် နှစ်သောင်းကျပ်၊ စခန်းအတွင်း ဆင်စီးခြင်းအတွက် (စခန်းအတွင်း ခရီးတို) ပြည်တွင်းတစ်ဦးလျှင် သုံးထောင်ကျပ်၊ ပြည်ပတစ်ဦးလျှင် နှစ်သောင်းကျပ် သတ်မှတ်ထားကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

R-20



FOLLOW US