News

20-Feb-2017

ပဲ
မတ်ပဲစိုက်ခင်းများ ဧကတစ်ထောင်ကျော် ပျက်စီး
ပြည်၊ ဖေဖော်ဝါရီ ၁၉ 

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ မတ်ပဲစိုက်ခင်းများမှာ သံကြီးအောင်မှို ရောဂါကျရောက်ပြီး စိုက်ဧက တစ်ထောင်ကျော် ပျက်စီးခဲ့ကြောင်း မတ်ပဲစိုက်တောင်သူများထံမှ သိရသည်။

မတ်ပဲ တစ်ဧကလျှင် သုံးသီးရပြီး ပုံမှန်အားဖြင့် ၁၆ တင်းမှ တင်း ၂၀ ခန့် ထွက်ရှိသော်လည်း ယခုနှစ်တွင် ဆောင်းအဝင် နောက်ကျပြီး မိုးရွာသွန်းခဲ့မှုကြောင့် သံကြီးအောင်မှိုရောဂါ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းအပြင် မတ်ပဲဈေးမှာ ထက်ဝက်ခန့် ကျဆင်းခဲ့သဖြင့် တောင်သူများ အရှုံးပေါ်နေကြောင်း ၎င်းတို့ထံမှ သိရသည်။ 

“မှိုရောဂါကျတာဗျ၊ ဆေးကလည်း ဈေးကြီးတယ်၊ နှစ်မျိုးသုံးမျိုးစပ်ပြီး သုံးရတာ ဒါလည်း မှိုကျတာ ပျောက်မပျောက်က မသေချာတော့ တောင်သူတွေ အရင်းအနှီးများပြီး အကုန်အရှုံးပေါ်နေကြတယ်၊ ဌာနတွေအနေနဲ့ ပိုးမွှားတွေကျတဲ့အချိန်မှာ ကွင်းဆင်းစစ်ဆေးပြီး ပိုးသတ်နည်း၊ မှိုသတ်နည်းတွေနဲ့ ကူညီပေးစေလိုတယ်” ဟု ပြည်မြို့နယ် လက်ပံတောကျေးရွာမှ မတ်ပဲစိုက်တောင်သူ ဦးကျော်သူဝင်းက ပြောကြားသည်။ 

လက်ရှိ မှိုရောဂါ ကျရောက်မှုကြောင့် မတ်ပဲတစ်ဧကလျှင် တစ်တင်းမှ သုံးတင်းခန့်သာ ရရှိပြီး တစ်တင်းလျှင် ယခင်နှစ် ပေါက်ဈေး ၆ သောင်းခန့် ရှိခဲ့ရာမှ ယခုနှစ်ပေါက်ဈေး ၃၀၀၀၀၊ ၃၂၀၀၀ ကျပ် ဝန်းကျင်သာ ရရှိကြောင်း၊ မတ်ပဲ တစ်ဧက  စိုက်ပျိုးပါက  မျိုးစေ့ဖိုး ကျပ်ငါးသောင်းခန့်၊ ထွန်ယက်ခနှစ်သောင်း၊ ဆေးဖိုးဈေး တစ်ဧက တစ်သိန်းကျော်ခန့်နှင့် ခြွေခနုတ်ခ တစ်ဧက ကျပ်လေးသောင်းခန့် ကုန်ကျကြောင်း တောင်သူများထံမှ စုံစမ်းသိရှိရသည်။

“ပုံမှန်ဆို ဆောင်းသီးနှံ အစောပိုင်း စိုက်တာက အထွက်တိုးပြီး ရတယ်။ ဒီနှစ်က ဆောင်းအဝင် နောက်ကျပြီး မိုးကကျန်ပြီး အစိုဓာတ်ရှိသွားတော့ သံကြီးအောင်မှိုရောဂါကျပြီး ထိကုန်ကျတာပဲ” ဟု စိုက်ပျိုးရေး ပညာရှင် ဦးနေဦးက သုံးသပ်သည်။



FOLLOW US