News

24-Aug-2018

ဈေးကွက် ဆန်
ဆန်ဈေး မကစားရန် အကျိုးဆောင်နှင့် လက်လီဆိုင်များကို ဆန်ကုန်သည်များအသင်း သတိပေး
ရန်ကုန်၊ သြဂုတ် ၂၃

လက်ရှိဈေးကွက်အတွင်း ဆန်ချောဈေးနှုန်းများ မြင့်တက်နေမှုနှင့်ပတ်သက်၍ ဆန်အကျိုးဆောင်များ၊ ကုန်သည်များ၊ လက်လီဆန်အရောင်းဆိုင်များ ဆင်ဆင်ခြင်ခြင် ရောင်းဝယ်မှုများပြုလုပ်ကြရန် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက သတိပေးပြောကြားသည်။ 

ယခင်နှစ်များက ဆန်တစ်အိတ်လျှင် မူလဈေးထက် ကျပ် ၅၀၀ မှ ၁၀၀၀ အထိသာ အများဆုံးဈေးတက်ခဲ့သော်လည်း လက်ရှိတွင် ကျပ် ၂၀၀၀၊ ၃၀၀၀ အထိ အမြင့်ဆုံးမြင့်တက်နေခြင်းဖြစ်သည်။

“ဒီလိုဈေးတွေတက်နေခြင်းဟာ ရေရှည်အတွက်၊ ကျွန်တော်တို့ လောကအတွက် လုံးဝမကောင်းပါဘူး။ ဒါကို သတိပေးချင်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းမှာ ဆန်တစ်အိတ်ကို နှစ်ထောင်၊ နှစ်ထောင့်ငါးရာ တက်တယ်။ ဒီဟာသည် သမားရိုးကျ တက်တာထက် ကျွန်တော်တို့ ပယောဂမကင်းဘူးလို့ သုံးသပ်ပါတယ်”ဟု ဦးအောင်သန်းဦးက ဆက်လက်ပြောဆိုသည်။ 

အဆိုပါဆန်ချောဈေးနှုန်းများ မြင့်တက်နေမှုနှင့်ပတ်သက်၍လည်း စားသုံးသူများ၊ ဆန်အကျိုးဆောင်များနှင့် လက်လီအရောင်းဆိုင်များအကြား ပုံမှန်ဆန်ဝယ်ယူမှုဖြစ်စေရန်အတွက် သက်ဆိုင်ရာဒေသ အာဏာပိုင်များနှင့်ပူးပေါင်း၍ ပြန်လည်လေ့လာသုံးသပ်မှုများပြုလုပ်၍ ဆန်ရောင်းလိုအားကို ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဩဂုတ်လ ၂၃ ရက်နေ့က ဆန်ချော ဈေးနှုန်းများ မြင့်တက်နေမှုနှင့်ပတ်သက်၍ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) တွင် ပြုလုပ်သည့်ဆွေးနွေးပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ကျပ် ၃၄,ဝ၀၀ အထိသာ အမြင့်ဆုံးဈေးတက်ခဲ့သော်လည်း ယခုနှစ်တွင် ၅၂,ဝ၀၀ ကျပ်၊ အလားတူ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင်၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကျပ် ၄၉,ဝ၀၀ အထိ အမြင့်ဆုံး မြင့်တက်ခဲ့သော်လည်း ယခုနှစ်တွင် ၆၂,ဝ၀၀ ကျပ်၊ ပေါ်ကျွဲဆန်တစ်အိတ်လျှင်လည်း ခြောက်နှစ်အတွင်း ၂၆,ဝ၀၀ အထိ မြင့်တက်ခဲ့သော်လည်း ယခုနှစ်တွင် ကျပ် ၄၂,ဝ၀၀ အထိ စံချိန်တင်မြင့်တက်နေခြင်းဖြစ်သည်။ 

“ပေါ်ကျွဲအခြေခံဈေးတောင် ကုန်စည်ဒိုင်မှာ ၄၃,၅၀၀ ဝယ်ရပါတယ်။ စားသုံးသူပုံစံကလည်း ပြောင်းလဲတာရှိတယ်။ အရင်ဆို ဆန်အကြမ်းရောင်းရပါတယ်။ အခု အချောပိုရောင်းရတယ်။ ဒါကြောင့် စားသုံးမှုများတဲ့ပစ္စည်း ဆိုင်မှာရှိဖို့ အဓိကထားပြီး ဝယ်နေရပါတယ်”ဟု အလုံမြို့နယ်မှ ပြည့်စုံအောင် ဆန်လက်လီဆိုင်ပိုင်ရှင် ဒေါ်သိန်းဌေးက ပြောကြားသည်။

ဆန်ချောများထဲတွင် ပေါ်ကျွဲ၊ ပေါ်ဆန်းမွှေးနှင့် ရွှေဘိုပေါ်ဆန်းဈေးနှုန်းများ စံချိန်တင်မြင့်တက်နေခြင်းမှာ စားသုံးမှု ပိုမိုများပြားလာခြင်းကြောင့်ဖြစ်ပြီး ယင်းဆန်များအစား ရက် ၉၀ နှင့် ဆင်းသုခဆန် ပြောင်းလဲစားသုံးပါကလည်း အရသာမှာ တူညီမှုရှိကြောင်း၊ ပြောင်းလဲစားသုံးရေးအတွက်လည်း အသိပညာပေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းဆွေးနွေးပွဲထံမှ သိရသည်။ 

“လယ် ၁၀ ဧကလောက်လုပ်တဲ့ လယ်သမားလက်ထဲမှာ လုံးဝ စပါးမရှိပါဘူး။ ဧက ၅၀၊ ၈၀ လောက်လုပ်တဲ့သူလက်ထဲမှာ စပါးကို ကျီနဲ့ ထောင်နဲ့ချီ လှောင်ထားကြတာပါ။ အဲလိုလူတွေက ဘယ်ဈေးပေါက်မှ ရောင်းမယ်ဆိုပြီးထားကြတာပါ။ ကျွန်မတို့က သူတို့ရောင်းခိုင်းတဲ့ အတက်ဈေးနဲ့ ရောင်းပေးပေမယ့် တစ်အိတ်ကို ၁၅၀၊ ၂၀၀ ကနေပိုမရပါဘူး”ဟု ဒေးဒရဲမြို့နယ်မှ ဆန်အကျိုးဆောင် ဒေါ်စန်းစန်းမိက ပြောကြားသည်။

လက်ရှိတွင် ဆန်ချောဈေးနှုန်းများ စံချိန်တင်မြင့်တက်နေခြင်းနှင့် ပတ်သက်၍လည်း ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) ပြင်ပမှ ဆန်ဝယ်ယူသူများ၊ ကုန်သည်များ၊ ဆန်အကျိုးဆောင်များ၊ လက်လီဆိုင်ပိုင်ရှင်များအနေနှင့် ကုန်သွယ်မှုနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို သတိထားရန်လိုအပ်ကြောင်း ဦးအောင်သန်းဦးက ပြောဆိုသည်။ 

J-11



FOLLOW US